လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ယှဉ်ပြိုင်မှုမြင့်မားလာသော မိုဘိုင်းဖုန်းဈေးကွက်

Posted by Unknown Tuesday, November 13, 2012 0 comments


လွန်ခဲ့သော ရက်သတ္တပတ်က ဘာလင်မြို့တွင် ကျင်းပသော IFA ပွဲ၌ Samsung ကုမ္ပဏီသည် Galaxy Note ကို မိတ်ဆက်ပြသသည်။ တောင်ကိုရီးယား ကုမ္ပဏီ၏ ပြိုင်ဘက်များသည်လည်း  မိုဘိုင်းလောကတွင် ယှဉ်ပြိုင်မှုကို အရှိန်မြှင့်နိုင်ရန် ယင်းတို့၏ နောက်ဆုံးထုတ် ကုန်ပစ္စည်းများကို မိတ်ဆက် ပြသ လိမ့်မည်ဟု မျှော်လင့်နေကြသည်။ မိုဘိုင်းဈေးကွက် ယှဉ်ပြိုင်မှုများကို မြင်းသုံးကောင် ပြိုင်ပွဲအနေဖြင့် တင်စားလိုက်ချင်သည်။

Samsung
တောင်ကိုရီးယား လျှပ်စစ်ကုမ္ပဏီဖြစ်သော Samsung သည် ယခင်က ပြိုင်ဘက်များဖြစ်သော Sony နှင့် Panasonic တို့ထက် ပိုမိုဈေးနှုန်းချိုသာသော ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ပိုမိုကောင်းမွန်သော အရည်အသွေးကို အဓိကထား ထုတ်လုပ်ခြင်းဖြင့် အောင်မြင်မှုများ ရရှိနေပြန်သည်။ တစ်နှစ်လျှင် ဖုန်းအမျိုးအစား ပျမ်းမျှ ၆၀ ခန့် ထုတ်လုပ်သည်။ အဖိုးနှုန်းချိုသာသော ဖုန်းများကို ဆန်းသစ်တီထွင်ထားသော လက်ရာများဖြင့် ရောင်းချလျက်ရှိသည်။ အောင်မြင်မှု ရရှိနေသော်လည်း နည်းပညာမူပိုင်ခွင့်နှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရသည်။ လွန်ခဲ့သော ရက်ပိုင်းကပင် Apple ကုမ္ပဏီသို့ လျောကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်ခဲ့ရသည်။ သို့သော် Samsung သည် Apple ကုမ္ပဏီကို Chips မှအစ TV အလယ် အသံပိုင်းဆိုင်ရာ ပစ္စည်း အဆုံး ထောက်ပံ့ပေးနေရသူအဖြစ် တည်ရှိနေဆဲဖြစ်သည်။ ယင်းကြောင့် Samsung ၏ အောင်မြင်မှုသည် Sony, Panasonic နှင့် HTC တို့ အကျပ်အတည်း တွေ့နေချိန်တွင် အရှိန်လျော့သွားခြင်းမရှိဘဲ ဒီရေအလား တိုးတက်နေသည်။ Samsung ၏ အဓိကပြိုင်ဘက်သည် Apple ဖြစ်သည်။

Galaxy S3
Galaxy S3 စမတ်ဖုန်းသည် လူကြိုက်အများဆုံး လည်ပတ်မောင်းနှင်မှုစနစ် (Operation System) ဖြစ်သည့် Google ၏ Android ကို အသုံးပြုထားသော ဖုန်းဖြစ်သည်။ Apple မှ ပညာရှင်များ ရင်တုန်ရလောက်အောင် စိတ်လှုပ်ရှားမှုအရှိန်ကို မြှင့်တင်ပေးနိုင်သော ဖုန်းဖြစ်သည်။ S3 ၏ အင်္ဂါရပ်မှာ ချစ်စရာကောင်းသော ဒီဇိုင်း၊ ၄.၈ လက်မအရွယ်ရှိ ဖန်သားမျက်နှာပြင်နှင့် လျှင်မြန်လွန်းသော Processor တို့ ဖြစ်သည်။ ထို့အပြင် ဖုန်းကိုကြည့်စဉ် မျက်လုံးအကြည့်အတိုင်း လိုက်ပါလှုပ်ရှားရန် ရှေ့ကင်မရာကို အသုံးပြုထားသည့် "Smart Stay" စနစ် ပါဝင်သည်။ ထိုစနစ်သည် သုံးစွဲသူများနှင့် ကိုက်ညီဆီလျော်မည့် စနစ်မဖြစ်နိုင်သေးသော်လည်း များမကြာမီ စံအနေအထားသို့ ရောက်ရှိလာလိမ့်မည်။ ကင်မရာသည် လည်း ကောင်းမွန်သော ဓာတ်ပုံအရည်အသွေးကို ပေးစွမ်းနိုင်သည်။ ယင်းစနစ်တွင် ပါဝင်သည့် Burst Mode သည် ဓာတ်ပုံထဲက လူများနှင့် Facebook ထဲက လူများကို အလွယ်တကူ တွဲမှတ်မိနိုင်သည်။ သို့သော် iPhone ကိုမှ ကြိုက်နှစ်သက်သည့် ပရိသတ်သည် S3 ပုံစံကို မကြိုက်ကြပါ။ ဖုန်းသည် ပါးလွှာသော်လည်း ဖန်သားမျက်နှာပြင်က အဆမတန် ကြီးနေသည်ဟု လည်းကောင်း၊ iPhone ၏ ဖန်သားစတီးပေါင်းစပ် မာကျောမှုနှင့်နှိုင်းယှဉ်ပါက ပျော့သည်ဟုလည်းကောင်း သုံးသပ်ကြသည်။

Samsung Galaxy Note 2
Samsung Galaxy Note သည် ဖုန်းအကြီးစား သို့မဟုတ် သေးငယ်သော သင်ပုန်းကွန်ပျူတာဟူ၍ အမျိုးအစားခွဲခြားရန် ခက်လှသည်။ မျက်နှာပြင်အရွယ် ၅ လက်မရှိသဖြင့် မိုဘိုင်းဖုန်းများထက် Web ရှာဖွေခြင်း၊ ဂိမ်းနှင့်ရုပ်ရှင်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ သယ်ဆောင်ရလွယ်ကူ သည်။ ချောမွေ့သော မျက်နှာပြင်ပေါ်တွင် မှတ်ချက်များကို တိုက်ရိုက်ရေးသားနိုင်သည်။ လက်ရေးမူဖတ် ဆော့ဖ်ဝဲကို အသုံးပြုပြီး လက်ရေးကို စာသားဖြင့် ပြောင်းလဲနိုင်သည်။ Note အသစ်ဗားရှင်းကို သြဂုတ်လကုန်ပိုင်းက ကြေညာသည်။

Apple
Apple ကုမ္ပဏီက အဘယ့်ကြောင့် စမတ်ဖုန်း သို့မဟုတ် ထိတွေ့မျက်နှာပြင် (Touchscreen) ကို မတီထွင်ရသနည်းဟု မေးခွန်းထုတ်စရာရှိပါသည်။ အဘယ့်ကြောင့်ဆိုသော iPhone ၏ စံအဆင့်အတန်းကို ယှဉ်ပြိုင်နိုင်ရန် ပေါ်မလာခြင်းကြောင့်ဟု ဖြေရပါလိမ့်မည်။ Apple ၏ လွှမ်းမိုးမှုကို မြင်တွေ့ချင်လျှင် iPhone မထုတ်လုပ်မီ ၂၀၀၇ ခုနှစ် အစောပိုင်း ကာလများတွင် ထွက်ရှိခဲ့သော မိုဘိုင်းဖုန်းထုတ်လုပ်သူများ၏ ဟန်းဆက်များကို ပြန်လည်ရှာဖွေပြီး နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ Apple သည် စမတ်ဖုန်း အင်္ဂါရပ်များစွာကို ဖန်တီးခဲ့သော်လည်း အချို့သော အင်္ဂါရပ်များကိုမူ ငှားရမ်း အသုံးပြုခဲ့သည်။ လွန်ခဲ့သော နှစ်က iOS သို့ Notification Centre ကို ထည့်သွင်းလိုက်ခြင်းသည် Android ၏ အကူအညီများစွာကိုယူပြီး လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ Apple သည် Samsung ထက် ရှေ့ရောက်နေသော်လည်း ကြိုးစားမှုများစွာ လိုအပ်နေသေးသည်ဟု ဆိုကြသည်။ Apple လွှမ်းမိုးထားသည့် စမတ်ဖုန်း နယ်ပယ်တွင် အကြီးမားဆုံး စိန်ခေါ်သူမှာ Nokia မဟုတ်။ Samsung ဖြစ်သည်။

The New iPhone
Apple က ယခုနောက်ဆုံးထုတ်လုပ်မည့် iPhone ကို iPhone 5 ဟုမခေါ်သင့်ပေ။ အကြောင်းမှာ ၅ ခုမြောက် iPhone မဟုတ်သောကြောင့် ဖြစ်သည်။ ယင်း iPhone သည် Apple ၏ "New iPhone" ဟုခေါ်တွင်စေနိုင်မည့် ခြောက်ခုမြောက် iPhone မော်ဒယ်ဖြစ်သည်း။ အသစ်ထွက်ရှိလာမည့် ယင်း iPhone မော်ဒယ်သည် ပိုမိုပါးလွှာခိုင်မာပြီး ပိုမိုရှည်လျားသည့် ကာဗာဖြင့် ဒီဇိုင်းဆင်ထားသည်။ Apple သည် မည်သည့်အထူးပွဲများတွင်မှ iPhone 5 ၏ အထူးလက္ခဏာရပ်များကို ထုတ်ဖော်ကြေညာပြသခဲ့ခြင်း မရှိပေ။ iPhone 5 ကို ယခုလ ၁၂ ရက်တွင် ပွဲထုတ်ပြသလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

Nokia
Nokia သည် နှစ်ပေါင်းများစွာကြာအထိ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဖုန်းထုတ်လုပ်သူဖြစ်ခဲ့သည်။ ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာကြီးတွင် တန်ဖိုးနည်းဖုန်းများကို ရောင်းချနိုင်ခဲ့ခြင်း၊ ဈေးဝယ်သူများ၏ သစ္စာရှိမှုနှင့် နည်းပညာ တီထွင်ဖန်တီးနိုင်မှုတို့ကြောင့် ထိပ်တန်းရောက်ခဲ့သည်။ သို့သော် သိပ်မကြာလိုက်ပါ။ များမကြာမီတွင် အခက်အခဲများနှင့် ရင်ဆိုင်လာရပြီး ကမ္ဘာ့အကြီးမားဆုံး ဖုန်းထုတ်လုပ်သူနေရာကို Samsung လက်သို့ လွှဲပြောင်းပေးလိုက်ရသည်။ အသစ်တင်မြှောက်ခံရသော အမှုဆောင်အရာရှိချုပ် Stephen Elop တွင် Nokia ၏ အနာဂတ်ကို ကယ်မရန် Microsoft ၏ Windows လည်ပတ်မောင်နှင်မှုစနစ်နှင့် ပူးပေါင်းဆောင်ရွက်မည့် နည်းဗျူဟာရှိနေသည်။ ထိုစိတ်ကူးသည် ဖင်လန်ကုမ္ပဏီ Nokia အား Nokia-Microsoft ပူးပေါင်းပြီး Windows ဖုန်း ထုတ်လုပ်ခြင်းဖြင့် အခြားထုတ်လုပ်သူများ၏ ရှေ့ရောက်ရှိလာစေရန် ကူညီနိုင်မည်ဟု ယုံကြည်ကြသည်။ Nokia သည် Microsoft ၏ ကြီးမားကျယ်ပြန့်သော ဈေးကွက်မှ အကျိုးအမြတ်များကို ရကောင်းရနိုင်သည်။ Microsoft သည်လည်း Nokia နှင့် ပူးပေါင်းကာ အွန်လိုင်းမြေပုံ နည်းပညာကို စတင်အသုံးပြုခဲ့သည်။

Nokia 920 and 820
Nokia နှင့် Microsoft တို့ပူးပေါင်းကာ နယူးယောက်မြို့တွင် Lumia 920 ဟန်းဆက်ကို ပွဲထုတ်ပြသလိမ့်မည်ဟု မျှော်လင့်ရသည်။ Lumia ဟန်းဆက်များသည် အထင်ကြီးစရာ ကောင်းလှသော မိုဘိုင်းဒီဇိုင်းကို ပိုင်ဆိုင်ထားသည်။ Nokia ၏ Lumia များသည် 610 မှ စတင်ကာ Premium 800 နှင့် 900 မော်ဒယ်အထိ ထုတ်လုပ်ထားပြီး ဖြစ်သည်။ Windows Phone 8 လည်ပတ်မောင်းနှင်မှုစနစ်ကို ပထမဆုံး အသုံးပြုထားသည့် 820 နှင့် 920 တို့သည် မကြာမီဈေးကွက်အတွင်း နေရာရလာမည်ဟု ထင်ကြေးပေးကြသည်။ ယာဉ်မောင်းနေစဉ် လမ်းညွှန်မှုပေးနိုင်မည့် Windows Phone ၏ မြေပုံလမ်းညွှန် ဝန်ဆောင်မှုကို အသုံးချပြီး Nokia သည် သုံးစွဲသူများကို ဆွဲဆောင်ရန် ကြံစည်နေသည်။

Windows Phone
Windows Phone များသည်လည်း Apple, Google တို့နှင့် မခြားသည့် ဝန်ဆောင်မှုများပါရှိသော လည်ပတ်မောင်းနှင်မှုစနစ်ကို အသုံးပြုထားသည်။ များမကြာမီက Microsoft ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် "Live Tiles" ကို မိတ်ဆက်ထားသည်။ ယင်းဝန်ဆောင်မှုသည် လူမှုကွန်ရက်ဝက်ဆိုက်များနှင့် ချိတ်ဆက်ကာ နောက်ဆုံးရမက်ဆေ့ခ်ျများကို ပြသနိုင်မည်။ ဆိုလိုသည်မှာ Windows Phone များသည် Facebook နှင့် Gmail ကဲ့သို့သော လူမှုဝန်ဆောင်မှုများနှင့် ချိတ်ဆက်အသုံးပြု ဆောင်ရွက်နိုင်သည်။ သင်ပုန်းကွန်ပျူတာ၊ လက်ပ်တော့ကွန်ပျူတာများ ထုတ်လုပ်လျက်ရှိသည့် Microsoft သည် Windows Phone ကို ထုတ်လုပ်လိုက်ခြင်းဖြင့် နည်းပညာလောကတွင် ပြန်လည်ရပ်တည်နိုင်ရန် ကြိုးစားနေသည်။

ဝိုင်နေ

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page