လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ထိုးထွင်းပညာကို ရိုးရှင်းစွာ လေ့လာခြင်း

Posted by Unknown Monday, November 12, 2012 0 comments
Photo

နည်းပညာများကြောင့် ယနေ့ကမ္ဘာကြီးပြားသွားပြီလော  

ဒီနေ့ခေတ် ကမ္ဘာကြီးဟာ ပြင်ညီကစားကွင်း (Level-Playing-Field) တစ်ခုအသွင် ဆောင်လာချိန်မှာ လူသားအားလုံးဟာ တန်းတူညီတူ ယှဉ်ပြိုင်လာနိုင်ကြပြီး နည်းပညာ အစွမ်းသာသူဟာ မြင်းကို ချိုတပ်ပေးလိုက်သလို ကမ္ဘာကို အုပ်စိုးသွားနိုင်မယ်လို့ ပူလစ်ဇာဆုတွေ တစ်သီကြီးရနေတဲ့ Thomas Friedman ရဲ့“ကမ္ဘာပြားပြီ” (The World is Flat) စာအုပ်မှာ ဆောင်းပါးရိပ်ခြေ ပြောသွားပါတယ်။

ဟက်ကာအကြောင်း သိကောင်းစရာ

နည်းပညာအစွမ်းဟာ ကမ္ဘာကြီးကို ဘယ်လို လွှမ်းမိုးခဲ့တယ်ဆိုတဲ့အကြောင်း ပြောရင် ချန်ထားလို့မရတဲ့ သူတွေကတော့ ဟက်ကာတွေပဲ ဖြစ်ပါတယ်။ ဟက်ကာလို့ ဆိုလိုက်ရင် တချို့က အသံကြားရုံနဲ့တင် တုန်လှုပ်သွားတတ်ကြပါတယ်။ တချို့ကတော့ သူတို့အကြောင်းပြောရင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်ကြပါတယ်။ တချို့ကတော့ သူတို့ကို အားကျနေကြပါတယ်။ တချို့ကလည်း သူတို့ကို မျက်ထောင့်နီတွေနဲ့ ကြည့်နေတတ်ကြပြန်ပါတယ်။  ဒီတော့ ဟက်ကာဆိုတာ ဘယ်လိုလူမျိုးတွေဆိုတာနဲ့ သူတို့ဟာ သမိုင်းကြောင်းကို ဘယ်လို ပြောင်းလဲခဲ့တယ်ဆိုတာ သိရအောင် “ဟက်ကင်း” အကြောင်းကို စာဖတ်ပရိသတ်တွေအတွက် သိကောင်းစရာအနေနဲ့  တင်ဆက်ပေးလိုက်ပါတယ်။

ခေတ်ရေစီးကြောင်းနဲ့ ဟက်ကာတို့ရဲ့ သမိုင်းကြောင်း

၁၉၆၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ ကွန်ပျူတာနည်းပညာဟာ တစ်ခေတ် ထလာပါတယ်။ အဲဒီလို ခေတ်ထ လာတာနဲ့အမျှ ကွန်ပျူတာ ကုမ္ပဏီကြီးတွေက  နည်းပညာကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလာကြပါတယ်။ သူတို့ရဲ့ ပထမဆုံး ခြေလှမ်းကတော့ အချက်အလက်တွေကို စနစ်တကျ စုစည်းပြီး အွန်လိုင်းပေါ်ကနေ ဈေးကြီးကြီးနဲ့ ရောင်းစားကြတာပါပဲ။ ဒီကိစ္စဟာ ရောင်းသူဝယ်သူ အသံတူ နေ ချိန်မှာ ပြဿနာတွေ ကြီးထွားမလာပေမယ့် ဈေးနှုန်းတွေက အဆမတန် မြင့်တက်သွားချိန်မှာတော့ ဒီကိစ္စ အပေါ်မှာ မကျေနပ်တဲ့သူတွေ များသထက် များလာပါတယ်။ အဲဒီလူတွေထဲမှာမှ အထင်ရှားဆုံးကတော့ ‘Geek’ လို့ခေါ်တဲ့ လမ်းပေါ်က လူငယ်ပညာရှင်တွေပါပဲ။

ကွန်ပျူတာ အချက်အလက်တွေ ဟက်ကင်းလုပ်ခံရခြင်း

နည်းပညာဟာ လူနည်းစုတစ်စု အတွက်သာ ဖြစ်နေတာကို မကျေနပ်ကြတဲ့ ‘Geek’ ဆိုတဲ့ လူငယ်ပညာတတ်တွေက နည်းပညာဟာ လူတိုင်းအတွက် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကွန်ပျူတာ ကုမ္ပဏီကြီးတွေဆီက နည်းပညာ အချက်အလက်တွေကို စတင် ခိုးယူကြပါတော့တယ်။ သူတို့ရရှိထားတဲ့ အချက်အလက်တွေကိုလည်း အွန်လိုင်းပေါ်ကနေ အခမဲ့ ဝေမျှခဲ့ကြလို့ ဟက်ကာတွေရဲ့ အချက်အလက်တွေ ဟာ သာမန်ကုမ္ပဏီတွေထက် ပိုမိုပြည့်စုံပြီး ကောင်းမွန်နေတာကို တွေ့ရမှာပါ။

ဟက်ကာတွေ တရားစွဲခံရခြင်း

အဲဒီအချက်အလက်တွေက အချိန်နဲ့အမျှ ပေါက်ကြားလာတော့ ကုမ္ပဏီကြီးတွေက ဒီလူငယ်လေးတွေကို တရားစွဲကြပါတော့တယ်။ အစပိုင်းမှာတော့ မှုခင်းတပ်ဖွဲ့ဝင်တွေက ဒီလူငယ်လေးတွေကို တစ်ဦးစနှစ်ဦးစ လိုက်လံ ဖမ်းဆီးကြပါသေးတယ်။ တစ်ဦးစနှစ်ဦးစ ဖမ်းဆီးတာက မပြောပလောက်ဘူး ဆိုပေမယ့် လက်တွေ့မှာတော့ သူတို့အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ထိန်းချုပ်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ ဟက်ကာဆိုတာကလည်း အလွယ်တကူ ဖမ်းလို့ရအောင် ကိုယ့်ကိုယ်ကိုယ် ဟက်ကာပါလို့ ဘယ်သူကမှ စာတမ်းရေးထိုးထားတာမှ မဟုတ်တာ။ ဒီလိုနဲ့ တစ်ဗိုလ်ကျ၊ တစ်ဗိုလ်တက် စနစ်နဲ့ သူတို့တွေ ဆက်လက်ချီတက်ခဲ့ကြတာ နောက်ဆုံးမှာ နေရာအနှံ့ ပျံ့နှံ့ကုန်ကြလို့ ဖမ်းမနိုင်၊ ဆီးမရ ဖြစ်သွားရပါတော့ တယ်။

ကုမ္ပဏီတွေက ဟက်ကာတွေနဲ့ ဆွေးနွေးလာကြခြင်း

နောက်ဆုံးမှာတော့ တားလို့မရတော့မယ့် အတူတူ ဟက်ကာတွေနဲ့ လက်တွဲဖို့အတွက် ကုမ္ပဏီတွေက ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ ကုမ္ပဏီတွေဘက်ကလည်း  နည်းပညာဆိုင်ရာ တချို့အလက် အလက်တွေကို အွန်လိုင်းပေါ်က အခမဲ့ဝေမျှမယ်။ ဟက်ကာတွေဘက်ကလည်း ဆာဗာတွေကို သုံးစားလို့ မရတော့တဲ့အထိ တိုက်ခိုက်နေတာတွေ ရပ်တန်းက ရပ်ကြဖို့ သဘောတူညီချက်တွေ ရသွားပါတော့တယ်။

Trial Version တွေ ခေတ်စားလာခြင်း

တကယ်တော့ လက်ရှိမှာ ကျွန်တော်တို့ သုံးနေရတဲ့ ဆော့ဖ်ဝဲတချို့ဟာ ကုမ္ပဏီကြီးတွေက အစမ်းပေး သုံးထားတဲ့ ဆော့ဖ်ဝဲတချို့သာ ဖြစ်ပါတယ်။ (ဒါကလည်း ဟက်ကာတွေရဲ့ ကျေးဇူးနဲ့ မကင်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်) ဒီလိုဆိုရင် ဟက်ကာတွေရဲ့ လုပ်ရပ်မှန်သမျှဟာ အကောင်းချည်းပဲလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဟက်ကာတွေကြောင့် ထိခိုက်နစ်နာရတဲ့ သူတွေကလည်း ဒုနဲ့ဒေးပါပဲ။

မူပိုင်ခွင့်တွေ တစ်စခန်းထလာခြင်း

အွန်လိုင်းပေါ်က တန်ဖိုးကြီးတဲ့ အချက်အလက်တွေကို အလကားနီးပါး ရနေကြသူ တချို့ကတော့ ဒါတွေကို တန်ဖိုးထားရကောင်းမှန်း မသိဘဲ အလကားရလို့ အလကားနီးပါးသာ တန်ဖိုးထားလာ ကြပါတော့ တယ်။ ဆော့ဖ်ဝဲလ်တွေကို ကြိုးစားပမ်းစားနဲ့ ရေးသားခဲ့ကြတဲ့သူတွေရဲ့ ကြိုးစားအားထုတ်မှုကိုမှ မထောက်ထားဘဲ ပညာကြေးရယ်လို့ မဆိုထားနဲ့၊ စေတနာကြေး၊ သဒ္ဒါကြေးတောင်မှ မပေးချင်ကြတော့တဲ့ သူတွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့်မို့လို့လည်း နောက်ဆုံးမှာ ဉာဏဆိုင်ရာ မူပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်နေသူတွေရန်ကနေ ကာကွယ်ပေးမယ့် အဖွဲ့အစည်းတွေ ပေါ်ထွက်လာရပြန်ပါ တယ်။လူမှုဘဝ ကွာဟမှုတွေ ကျဉ်းမြောင်းလာခြင်း နည်းပညာတန်ခိုးရဲ့ အကျိုးကျေးဇူးကြောင့် ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ရင်ဘောင်တန်းလာနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒီတော့ အစောပိုင်းမှာ တင်ပြခဲ့တဲ့ နည်းပညာကြောင့် ကမ္ဘာကြီး တကယ်ပဲ ပြားသွားပြီလားဆိုတဲ့ အယူအဆကို ခြေရာ ပြန်လည်ကောက်ကြည့်ဖို့ လိုအပ်လာပြန်ပါပြီ။

ကမ္ဘာကြီး တကယ်ပြားသွားပြီလား

့Thomas Friedman နောက်ဆုံးထွက်လာတဲ့ စာအုပ်ဖြစ်တဲ့ Hot, Flat, and Crowded ဆိုတဲ့ စာအုပ်မှာတော့ ပူထူနေတဲ့ ကမ္ဘာကြီးမှာ ဝန်ထုပ်ဝန်ပိုးတွေ ကိုယ်စီပိနေကြပြီး ကျပ်သိပ်နေတဲ့ ကမ္ဘာကြီးအကြောင်း ပြောထားပြန်ပါတယ်။ သူရဲ့ နောက်ဆုံးပေါ် အယူအဆမှာတော့ နည်းပညာကြောင့် ကမ္ဘာကြီး လုံးစေ့ပတ်စေ့ မပြားသေးဘူးဆိုတာကို ဝန်ခံသွားပါတယ်။ သူ့အဆိုအရ ကမ္ဘာသစ်/အမေရိက (New World/America) အမေရိကလို တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ရရှိပြီးသား နေရာမျိုးမှာပဲ နည်းပညာသာတဲ့သူဟာ ကမ္ဘာကို ဦးဆောင်နိုင်မယ်လို့ ဆိုပါတယ်။ အနောက်ကမ္ဘာလို တကယ်ပြားတဲ့ ကမ္ဘာ့ပတ်ဝန်းကျင် (Flat World) မှာ နေရသူတွေက သန်း ၁၀၀၀ မျှသာ ရှိတယ်လို့ ဆိုပါတယ်။ လူအများစုဖြစ်တဲ့ သန်း ၅၀၀၀ လောက်ကတော့ မပြားတပြား ခပ်ပါးပါးဖြစ်နေတဲ့ကမ္ဘာ (Semi-flat World) မှာ နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး သန်း ၁၀၀၀ ကတော့ လုံးဝမပြားတဲ့ကမ္ဘာ (Unflat World) မှာ နေတယ်လို့ ဆိုပါတယ်။ မပြားသေးတဲ့ ကမ္ဘာမှာ နေထိုင်နေတဲ့ သူတွေဟာ ဘယ်လိုလူတွေလဲဆိုတော့ အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်နေပြီး ပညာရဲရင့်ပေမယ့် ပွဲလယ်မတင့်နိုင်တဲ့ သူတွေ ဖြစ်နေ ပါတယ်။

ကမ္ဘာပြားပေါ်က ဟက်ကာတွေ

ဆက်လက်ပြီးတော့ ဟက်ကာတွေက ကမ္ဘာကြီးကို နည်းပညာနဲ့ ဘယ်လို အပြားခတ်လိုက်လဲဆိုတာကို ပုံပေါ်လာအောင် ဆက်လက် မိတ်ဆက်ပေးပါရစေ။ တစ်ဆက်တည်းမှာပဲ ဟက်ကာတွေနဲ့အပြိုင် ထင်ယောင်ထင်မှား ဖြစ်စေမယ့် Cracker တွေနဲ့ Script Kiddie တွေရဲ့ အကြောင်းကိုလည်း ကွဲကွဲပြားပြား ခွဲခြားနားလည်ထားဖို့ လိုအပ်လာပြန်ပါတယ်။ဒါ့အပြင် ဟက်ကာအမျိုးအစားကွဲတွေဖြစ်တဲ့ ဦးထုပ်ဖြူဟက်ကာ (White Hat Hacker)၊ ဦးထုပ်နက်ဟက်ကာ (Black Hat Hacker) ဦးထုပ်မီးခိုးရောင်ဟက်ကာ (Gray Hat Hacker)၊ ဦးထုပ်ပြာဟက်ကာ (Blue Hat Hacker) ဟက်ကာတွေကအစ အဆင့်မြင့်ဟက်ကာတွေဖြစ်တဲ့ Elite Huacker တွေအဆုံး ဟက်ကာအားလုံး အကြောင်းကိုသာမက၊ ဟက်ကင်သင်ထောက်ကူပစ္စည်းတွေ (Hacking Tools) တွေ၊ ဟက်ကင်း အတတ်ပညာနဲ့ အနုပညာ (Art of Hacking and Science of Hacking) အကြောင်းတွေကိုပါ အခါသင့်လို့ အခွင့်သာတဲ့အခါ တင်ဆက်ပေးချင်ပါသေးတယ်။
(သူရိန်မင်း)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page