လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

လက်ပ်တော့ ဘက်ထရီကို တန်ဖိုးထားပါ

Posted by Unknown Monday, November 12, 2012 0 comments

မိုးတွေ ခပ်ဖွဲဖွဲရွာတဲ့ တစ်နေ့ကပေါ့။ ကျွန်တော်တို့ရှိတဲ့ ကွန်ပျူတာဆားဗစ်ဆိုင်ထဲ လူတစ်ယောက် ဝင်လာတယ်။ သူ့လက်ထဲမှာလည်း လက်ပ်တော့ ကွန်ပျူတာလေး ပိုက်လို့။  ကောင်တာမှာ ထိုင်တဲ့ပုဂ္ဂိုလ်က အကျိုးအကြောင်းမေးတော့ စက်မပျက်ပါဘူးတဲ့။ ဘက်ထရီ အလုပ်မလုပ်တော့လို့ လာပြတာပါတဲ့။ သူတို့အချင်းချင်း အပြန်အလှန် ပြောဆိုနေကြတာကို မလှမ်းမကမ်းက ကျွန်တော်တို့ ကြားနေရတယ်။ မီးကမှန်နေတာ အတော်ကြာပြီဆိုတော့ ဘက်ထရီကို ဒီအတိုင်းထားတဲ့အကြောင်း တစ်နှစ်လောက်ရှိမှ ဘက်ထရီနဲ့သုံးချင်လို့ အားသွင်းကြည့်တော့ အားမဝင်တဲ့အကြောင်းပြောတာက စုံနေတာပဲ။ သူ့ဘက်ထရီကြွသွားပြီမှန်း ဘေးကနားထောင်နေတဲ့ ကျွန်တော် သဘောပေါက်ပေမယ့် ဆားဗစ်ကတော့ ထုံးစံအတိုင်း လက်ခံထားလိုက်ပါတယ်။  နောက်နှစ်ရက်လောက်နေတော့ အဲဒီလူနဲ့ ဆူးလေဘုရားလမ်းက လက်ဖက်ရည်ဆိုင်မှာ ဆုံတယ်။ ကျွန်တော်မေးကြည့်တော့ ဘက်ထရီအသစ်လဲရမှာ ဖြစ်တဲ့ အကြောင်း၊ ငွေတစ်သိန်းလောက်လိုက်ရမှာမို့ မလဲဖြစ်တဲ့အကြောင်း သိလိုက်ရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ လက်ပ်တော့ ဘက်ထရီနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေရေးဖို့ ရွေးလိုက်ပါတယ်။

မစားရအညှော်ခံ iPhone 5 တို့ iOS 6 တို့အကြောင်း သိသင့်သလို ကွန်ပျူတာ တစ်လုံးနဲ့ပတ်သက်တဲ့ အခြေခံတွေကလည်း အရေးကြီးပါတယ်။ ဥပမာ windows  စနစ်ကိုသုံးပြီဆိုရင် back up and restore, disk cleaning, disk defragment, system restore, safe mode စတာတွေဟာ မရှိမဖြစ် သိသင့်တဲ့အချက်တွေပါ။ သိချင်ရင် စာအုပ်ဝယ်ဖတ်လို့ ရပေမယ့် ဂျာနယ်တွေမှာက အကြောင်းအရာ တစ်ခုချင်းအလိုက် (ထည့်သွင်း ဖော်ပြမယ်ဆိုရင်ပေါ့လေ) အသေးစိတ်ရေးနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါပေမဲ့ နည်းပညာဂျာနယ် ဝယ်ဖတ်တဲ့ လူအတော်များများက ပစ္စည်းအသစ် ကြော်ငြာကြည့်ဖို့ စိတ်သန်ကြ သလို ဂျာနယ်တွေဘက်ကလည်း တစ်နေ့ထက်တစ်နေ့ သစ်ဆန်းတဲ့ အကြောင်းအရာတွေကို သာ ဖော်ပြချင်တဲ့ အားနည်းချက်ရှိပါတယ်။ ထားပါတော့။ ခုခေတ်က နေရာမရွေးသုံးဖို့ ကွန်ပျူတာဝယ် တဲ့ ခေတ်ကြီးဆိုတော့ လက်ပ်တော့တွေ လူကြိုက်များတယ်။

ဒီနှစ်ထဲမယ်ဆိုရင် တက်ဘလက်တွေ ဝယ်အားကလည်း တက်လာတယ်။ သူတို့တတွေကို ဝယ်ရခြင်းအကြောင်းက လျှပ်စစ်မီး မရှိတဲ့အခါမျိုးမှာ နေရာမျိုးမှာ အသုံးပြုဖို့ပါ။ ဒါပေမဲ့ အက်ဒက်ပ်တာ တွဲပါလာပြီး အိမ်မီးနဲ့တောက်လျှောက် သုံးတဲ့အခါ ပြဿနာနှစ်မျိုးကို တွေ့ရပါတယ်။ ပထမပြဿနာက ဘက်ထရီကို စက်မှာအမြဲတွဲချိတ်ထားပြီး သုံးတဲ့အတွက် အမြဲတမ်းအားသွင်းသလို ဖြစ်နေတဲ့ ပြဿနာ။ ဒုတိယပြဿနာက ဘက်ထရီကို အမြဲဖြုတ်ထားလိုက်ပြီး အိမ်မီးနဲ့သုံးလို့ ဘက်ထရီပျက်စီး သွားတဲ့ ပြဿနာ။ ကောင်းပြီ။ လက်ပ်တော့ ဘက်ထရီတွေဟာ ဘယ်လို ဘက်ထရီ အမျိုးအစားတွေလဲ ကြည့်ရအောင်။ မြန်မာပြည်မှာ လက်ပ်တော့ အသုံးတွင်ကျယ်လာတဲ့ ၂၁ ရာစုနှစ် အခြေအနေကိုပဲ ကွက်ပြီး ပြောမယ်ဆိုရင် ဘက်ထရီ နှစ်မျိုးတွေ့ရမယ်။ အဲဒါတွေက လစ်သီယမ်အိုင်းယွန်း ဘက်ထရီရယ်၊ လစ်သီယမ်ပေါ်လီမာ ဘက်ထရီရယ် ဖြစ်ပါတယ်။

၂၁ ရာစုနှစ်ထဲမှာ ပထမဆယ်စုနှစ်မှာ သုံးတဲ့ ဘက်ထရီတွေက လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေ ဖြစ်ပြီး ဒုတိယဆယ်စုနှစ်မှာ အသုံးများလာတာက လစ်သီယမ်ပေါ်လီမာ ဘက်ထရီတွေပါ။ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေကို ဆိုနီကုမ္ပဏီက ၁၉၉၁ ခုနှစ်ကတည်းက စီးပွားဖြစ် ဈေးကွက်တင်ပါတယ်။ လစ်သီယမ်အိုင်းယွန်းပေါ်လီမာ ဘက်ထရီကတော့ ၁၉၉၇ ခုနှစ်လောက်မှာမှ ဈေး ကွက်ထဲ ရောက်လာပါတယ်။ ဒီဘက်ထရီ နှစ်မျိုးရဲ့ ကွာခြားချက်ကို ပြောရရင် လစ်သီယမ်အိုင်းယွန်း ဘက်ထရီမှာ လက်သီယမ်ဆား (Lithium- salt) နဲ့ လုပ်ထားတဲ့ လျှပ်လိုက်အရည် (Electrolyte) ဟာ အော်ဂဲနစ် ဖျော်ရည်တစ်မျိုးနဲ့ လုပ်ထားတာဖြစ်ပါတယ်။ ဓာတ်ခဲခြောက် ဆိုပေမယ့်အထဲမှာ အရည်နည်းနည်းတော့ ရှိနေသေးတဲ့ သဘောပါ။ ဒါကြောင့် လစ်သီယမ်အိုင်းယွန်တွေကို အိမ်ခွံအမာ အထူးသဖြင့် သတ္တုအိမ်နဲ့ ထည့်ရပါတယ်။ အလေးချိန် ပိုပြီးစီးပါတယ်။ လစ်သီယမ်အိုင်းယွန်းပေါ်လီမာ ဘက်ထရီမှာ အရည်လုံးလုံး မပါတော့ဘူး။  Polymer Composite လို့ခေါ်တဲ့ ဓာတ်ခဲခြောက် စစ်စစ် ဖြစ်လာပါတယ်။ လစ်သီယမ်အိုင်းယွန်း ရိုးရိုးဘက်ထရီတွေထက်စာရင် လစ်သီယမ်ပေါ်လီမာ ဘက်ထရီတွေက ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုသက်သာတယ်။

ဒါကြောင့် ဘက်ထရီ အသစ်လဲမယ်ဆိုရင် ဈေးပိုသက်သာနိုင်သလို (မြန်မာပြည် ဈေးကွက်မှာတော့ မပြောနိုင်ဘူးပေါ့ဗျာ) လက်ပ်တော့ရဲ့ ရောင်းဈေးမှာလည်း သက်သာနိုင်ပါတယ်။ လက်ပ်တော့တန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဘက်ထရီအတွက် ကုန်ကျရတာကို လစ်သီယမ်ပေါ်လီမာ ဘက်ထရီဟာ လစ်သီယမ်အိုင်းယွန်း ဘက်ထရီထက် ပိုပြီးအကြမ်းခံတယ်၊ ပိုပြီးစိတ်ချရတယ်။ ပြီးတော့ သူ့ကိုပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုး လုပ်နိုင်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ သူ့ကို မိုဘိုင်းဖုန်းတွေထဲမှာတောင် ထည့်သွင်း ထုတ်လုပ်လာပါတယ်။ ပထမပိုင်းထုတ်တဲ့ လက်သီယမ်ပေါ်လီမာ ဘက်ထရီတွေမှာ အားနည်းချက်တစ်ခုတော့ ရှိတယ်။ အရွယ်အစားတူရင် လစ်သီယမ်အိုင်းယွန်း ဘက်ထရီလောက် အားများများ မသိမ်းနိုင်တဲ့ အားနည်းချက်ပါ။

အခုအချိန်မှာ နည်းပညာပိုင်း တိုးတက်မှုတွေရှိလာပြီမို့ လစ်သီယမ်ပေါ်လီမာ ဘက်ထရီတွေဟာ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေထက် စွမ်းအင်သိုလှောင်နိုင်မှု သိပ်သည်းဆ ပိုတောင်များလာပါတယ်။ ဒါကြောင့် အရွယ်အစားပိုပြီး သေးငယ်ကျစ်လျစ်အောင် လုပ်လာနိုင်တယ်။ ဒီ့အပြင် ပုံသဏ္ဌာန်ကို ကြိုက်သလိုထားပြီး ထုတ်လုပ်လို့ရတာမို့ အနာဂတ်မိုဘိုင်းကရိယာ အတော်များများမှာ လစ်သီယမ်ပေါ်လီမာ ဘက်ထရီတွေပဲ ကြီးစိုးဖို့ ရှိပါတယ်။ လက်ပ်တော့ ကွန်ပျူတာဝယ်ရင် အားသာချက်ပိုများတဲ့ လစ်သီယမ်ပေါ်လီမာ ဘက်ထရီ ဟုတ်မဟုတ် စစ်ဆေးပြီး ဝယ်ဖို့လိုပါတယ်။ လစ်သီယမ် ပေါ်လီမာ ဘက်ထရီတစ်လုံးရဲ့ စွမ်းဆောင်ရည်ပိုင်းကို ကြည့်မယ်ဆိုရင် အားသွင်း/အားထုတ်ပေး တဲ့အခါ ၉၉.၈ ရာခိုင်နှုန်းအထိ စွမ်းဆောင်နိုင်တယ်။ ဆိုလိုချင်တာက အားသွင်းရင် ၉၉.၈ ရာခိုင်နှုန်းအထိဝင်ပြီး ပြန်ထုတ်ပေးတဲ့အခါမှာလည်း ၉၉.၈ ရာခိုင်နှုန်းထိ ထုတ်ပေးနိုင်တယ်ဆိုတဲ့ သဘောပါ။ သူ့ဟာသူ အလိုလိုနေရင်း လျှပ်စစ်အား ယိုစိမ့်ဆုံးရှုံးမှုက ၅ ရာခိုင်နှုန်းရှိပါတယ်။

ဒါကြောင့် မသုံးဘဲထားမယ်ဆိုရင် ၆ လ တစ်ခါလောက်စစ်ဆေးပြီး လက်ကျန်အား အနည်းအများအလိုက် အနည်းဆုံး တစ်နာရီကနေ အများဆုံးနှစ်နာရီအထိ အားသွင်းပေးဖို့ လိုပါတယ်။ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေကို မသုံးဘဲထားရင် ၃ လတစ်ခါလောက် အားသွင်းပေးရမယ်ဆိုတာထက် အများကြီး အလုပ်ရှုပ်သက်သာပါတယ်။ သူ့ရဲ့အားသွင်းမှု လက်ခံနိုင်တဲ့ကြိမ်ရေက ၁၀၀၀ လောက်ရှိပါတယ်။ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေမှာ ၅၀၀ လောက်ပဲရပါတယ်။ တရုတ်ပြည်လုပ် လစ်သီယမ်အိုင်းယွန်း ဘက်ထရီဆိုရင် ၃၀၀ လောက်ပဲရပါတယ်။ လစ်သီယမ် ပေါ်လီမာဘက်ထရီရဲ့ သက်တမ်းဟာ ၂၄-၃၆ လ အထိရှိပါတယ်။ အဲဒီကာလနောက်ပိုင်းမှာ လုံးဝသုံးမရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အားအဝင်၊ အားအထုတ်လုပ်ငန်းမှာ စွမ်းဆောင်ရည် ၈၀ ရာခိုင်နှုန်းအောက် ကျဆင်းသွားတာကို ဆိုလိုပါတယ်။ လစ်သီယမ်အိုင်းယွန် ဘက်ထရီတွေကတော့ အဲဒီထက်ကျတာ ပိုများပါတယ်။

ဒါကြောင့် လက်ပ်တော့ကို ဘက်ထရီနဲ့သုံးတဲ့အကျင့် လုပ်ပေးပါ။ တကယ်တမ်းမှာ ဘက်ထရီနဲ့ သုံးရင်လက်ပ်တော့ အတော်များများက ၃ နာရီဝန်းကျင်ပဲ အသုံးခံတာမို့ စိတ်ပျက်စရာပါ။ ၄ နာရီ ကျော်ကျော်လောက် အသုံးခံအောင် ဘယ်လိုလုပ်ရမယ် ၆ နာရီလောက် အသုံးခံတဲ့လက်ပ်တော့ ဘယ်လိုရွေးပြီးဝယ်ရမယ်ဆိုတာ နောက်ဆောင်းပါးမှာ တင်ပြပါမယ်။ မိုဘိုင်းပစ္စည်းတွေ အားလုံးမှာတူတဲ့ အချက်က ဘက်ထရီလက်ကျန်အား ၁၅ ရာခိုင်နှုန်းရောက်ရင် သတိပေးချက် တက်လာတာပါ။ သုံးသာသုံးလိုက်ပါ။ သတိပေးချက် တက်လာရင် အားသွင်းလိုက်ပါ။ အကောင်းဆုံးက ကွန်ပျူတာကို မသုံးဘဲ (ဒါမှမဟုတ်) စက်ပိတ်ထားပြီး အားသွင်းတာမျိုး ဖြစ်ပါတယ်။ အားသွင်းတဲ့အလုပ်ရော အားထုတ်ပေးရတဲ့ အလုပ်ရော တစ်ပြိုင်တည်းလုပ်ရတဲ့ ဘက်ထရီမျိုးဟာ သက်ဆိုးမရှည်တတ်ဘူးခင်ဗျ။ ဒီဘက်နှစ်တွေထဲမှာ ပညာရှင်တွေ ထောက်ခံလာကြတာက လက်ပ်တော့ဘက်ထရီကို တစ်လတစ်ခါလောက် အားအကုန် (၉၉% ထိအကုန်) သုံးပြီး အားအပြည့် ပြန်သွင်းပေး ဖို့ ဖြစ်ပါတယ်။ ပြောတော့အလွယ်သား လုပ်နည်းလုပ်ဟန်မသိရင် ရွာလည်တဲ့ အလုပ်မျိုးပါ။ လက်ပ်တော့တစ်လုံးမှာ power plan ဘယ်လိုချပြီး ဘက်ထရီကို အကွက်ကျကျ အသက်ရှည်ရှည် သုံးကြမလဲဆိုတာ နောက်ဆောင်းပါးမှာ ရေးပါမယ်။ ဒီအကြောင်းချည်း ရေးရသလားလို့ သက်ဆိုင်သူများ မျက်စေ့မနောက်အောင်တော့ ဆုတောင်းနေရတာပါပဲ ခင်ဗျာ။

နောင်စိုး(ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page