လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဖလင်ရုပ်ရှင်အတိုင်း ခံစားရှုမြင်နိုင်စေမည့် 4K Resolution

Posted by Unknown Tuesday, November 13, 2012 0 comments

 HDTV တွေဟာ ဒီကနေ့ဧည့်ခန်းထဲမှာ မရှိမဖြစ် နေရာယူလာတဲ့ ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပြီ။  အခုဆိုရင် လေလှိုင်းထဲက ထုတ်လွှင့်တဲ့ ရုပ်သံလွှင့် အစီအစဉ် over-the-air broadcasting တွေမှာတောင် HD (1800i) အဆင့်နဲ့ ထုတ်လွှင့်လာကြပြီး အရင်ကဆို ဒီအဆင့်ကို ဂြိုဟ်တုရုပ်သံနဲ့ Fiber optic ကလာတဲ့ cable ရုပ်သံတွေမှာပဲ ထုတ်လွှင့်နိုင်ခဲ့ကြတာ။ HDTV ရောဂါ ထလာတာကတော့ Blu-ray ဖွင့်စက်တွေရဲ့ ပယောဂ မကင်းသလို online ပေါ်က iTunes Store နဲ့ Netflix တွေကလည်း HD content တွေ ဖြန့်ချိလာကြတော့ HD ရောဂါက ထသည်ထက်  ထလာကြတယ်။ အရင်က ဧည့်ခန်းတွေမှာ နေရာယူခဲ့တဲ့ standard definition ရုပ်ထွက်အဆင့်ရှိတဲ့ TV တွေ နေရာမှာ 720p ဒါမှမဟုတ် သူ့ထက်ပိုမြင့်တဲ့ ရုပ်ထွက်ပေးတဲ့ 1080p HDTV တွေက အစားထိုး ဝင်ရောက်လာခဲ့တယ်။

Technology standard တွေကလည်း တစ်သမတ်တည်း တည်ငြိမ်နေတာ မဟုတ်ဘူး။ အခု အမြင့်ဆုံးဆိုတဲ့ standard ကလည်း တော်ကြာနေတော့ သင်္ခါရသဘောအရ နိမ့်လျောသွားရပြန်ပါရော။ HD format တွေမှာ အရင်က အမြင့်ဆုံးဆိုတဲ့ 1080p standard နေရာမှာ 4k resolution ဆိုတဲ့ standard က နေရာဝင်ယူဖို့ တာစူနေပြီ။ အရင် HD standard တွေမှာ 720p နဲ့ 1080p ဆိုတာ အလျားလိုက် horizontal lines တွေရဲ့ အရေအတွက်ကို ကိုယ်စားပြု ဖော်ပြထားတာဖြစ်ပေမယ့် ဒီတစ်ကြိမ် 4k resolution ကတော့ ဒေါင်လိုက် vertical lines တွေကို အဓိက ကိုယ်စားပြုတယ်။ ဘာကြောင့် vertical lines ကို ပုံသေထားရတာလဲ ဆိုတော့ TV, monitor screen တွေဆိုရင် အလျားလိုက်နဲ့ ဒေါင်လိုက်အချိုး 16:9 phone screen တွေ ဆိုရင် 22:9 ဆိုတော့ အလျားလိုက် horizontal line အချိုးက screen ရဲ့ အနေအထားအပေါ် မူတည်ပြီး အပြောင်းအလဲဖြစ်တတ်တဲ့ သဘာဝရှိပြီး ဒေါင်လိုက် vertical line အချိုးကတော့ ပုံသေ တစ်သမတ်တည်း ရှိနေလို့ပါပဲ။ အတိအကျ ပြောရရင်တော့ 1k မှာ 1024 ဆိုတော့ 4k မှာ lines အရေအတွက်ပေါင်း 4096 ရှိမယ်။ ဒေါင်လိုက် vertical lines 4096 ကို ပုံသေ သတ်မှတ်ထားပြီး အလျားလိုက် horizontal lines အရေအတွက်ကတော့ display ရဲ့ အနေအထားအပေါ် မူတည်ပြီး အပြောင်းအလဲ ရှိမယ်။ အရှင်ပေါ့။ ပုံသေဒေါင်လိုက် lines အရေအတွက် 4096 ကို အလျားလိုက် lines အရေအတွက် ဘယ်လောက်နဲ့ပဲ လာမြှောက်မြှောက် လက်ရှိအမြင့်ဆုံး resolution မှာပါတဲ့ pixel အရေအတွက်ထက် အနည်းဆုံး 4 ဆနဲ့ အထက် ပိုများမယ်။ ဥပမာ လက်ရှိရုပ်ထွက် အကြည်လင်ဆုံး အပီသဆုံးဆိုတဲ့ HD ရုပ်ထွက်ကဒ် 1920 × 1080 = 2,073,600 pixels ပဲ ရှိချိန်မှာ 4kresolution display တွေက 4096 × 3112 = 12,746,752 ဆိုတော့ pixel အရေအတွက် 6 ဆ ပိုများတာ ကို တွေ့ရလိမ့်မယ်။

Resolution ပိုများလေ ရုပ်ထွက်ပိုကောင်းလေ ဆိုပြီး အရင်ပြီးခဲ့တဲ့ HD Format တွေမှာ 720p နဲ့ 1080p ဆိုပြီး standard ၂ ခု ဘာလို့ ကွဲပြားနေရတာလဲဆိုတာ မေးစရာရှိတယ်။ High-definition ဆိုတာ ဘာလဲလို့ တိုင်းတာသတ်မှတ်တဲ့ နည်းလမ်းတွေ အမျိုးမျိုး ကွဲပြားပေမယ့် အခြေခံသဘောကတော့ display တစ်ခုကို သင့်တင့်တဲ့ အကွာအဝေးတစ်ခုက ကြည့်တဲ့အခါ pixel တစ်ခုချင်းကို ကွဲပြား သိသာစွာ မမြင်ရစေဖို့ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရုပ်ထွက်ဟာ စင်းလုံးချော ဖြစ်နေရမယ်။ ညက်နေရမယ်။ အမြင်စွမ်းအား စမ်းသပ်ချက်တွေအရ လူအများစုရဲ့ ပျမ်းမျှအမြင်စွမ်းအားက 20/20 vision လို့ ဆိုတယ်။ ဆိုလိုတာက လူ့မျက်လုံးဟာ eye chart ပေါ်က 0.35"/8.8mm အရွယ်အစားရှိတဲ့ စာလုံးတွေကို ပေ ၂၀ လောက် အကွာအဝေးကနေ A လား၊ B လား၊ C လား ကောင်းကောင်း အမျိုးအစား ခွဲခြားနိုင်စွမ်းရှိတယ်။ high-definition အပေါ် လူတွေရဲ့ ခံစားရှုမြင်နိုင်စွမ်းအနေနဲ့ ပြောမယ်ဆိုရင်တော့ HDTV ရုပ်မြင်သံကြားစက်ရဲ့ ရှေ့ ၈ ပေ (၂.၄ မီတာ) အကွာက ကြည့်နေသူတစ်ယောက်အနေနဲ့ 0.065"/1.65mm နဲ့ သူ့အောက်သေးတဲ့ pixel အရွယ်အစားတွေအပေါ် ခွဲခြားနိုင်စွမ်း မရှိတော့ဘူး။ ဥပမာ ထောင့်ဖြတ်လက်မ ၅၀ နဲ့ သူ့အောက် HDTV တွေကို ၈ ပေ အကွာအဝေးလောက်က ကြည့်သူတွေအတွက် 720p resolution HDTV ကို 1080p resolution HDTV ရဲ့ ရုပ်ထွက်မျိုး ကြည်လင်ပီသမှုမျိုး ဖြစ်စေချင်တယ်ဆိုရင် ရုပ်မြင်သံကြားစက် ထောင့်ဖြတ် အလျားထက် တစ်ဆခွဲကနေ နှစ်ဆခွဲကနေ ကြည့်သင့်တယ်လို့ အကြံပြုထားပါတယ်။ ဥပမာ ထောင့်ဖြတ် လက်မ ၅၀ ရှိတဲ့ 720p resolution HDTV ကို ကြည့်မယ်ဆိုရင် 1080p resolution အမြင်ရသမျိုး ခံစားရအောင် ၇၅ လက်မနဲ့ ၁၂၅ လက်မအကြား၊ မီတာအားဖြင့် ၁.၉ မီတာကနေ ၃.၂ မီတာ အကွာအဝေးကနေ ကြည့်သင့်ပါတယ်။ ဒီအနေအထားဟာ တစ်ဖျပ်ဖျပ် ခတ်နေတဲ့ flickering image တွေကြောင့် မျက်စိအမြင်အာရုံ ထိခိုက်မှု eye strain ကို ကာကွယ်ရာ ရောက်သလို field of vision ခေါ်တဲ့ ခြုံငုံကြည့်လို့ အကောင်းဆုံး အနေအထားကိုပေးပါတယ်။ တကယ်လို့ ဒီအကွာအဝေးထက် ပိုပြီး နီးနီးကပ်ကပ် ကြည့်လိုသူတွေအတွက်နဲ့ လက်မ ၅၀ အထက် ရုပ်မြင်သံကြားစက်တွေ အလိုရှိသူတွေအတွက် 1080p HDTV တွေကို လိုတာပါ။ ထောင့်ဖြတ်လက်မ ၅၀ ထက်မပိုတဲ့ TV ကို အကြံပုထားတဲ့ viewing distance အကွာအဝေးကနေ ကြည့်မယ်ဆိုရင် 720p HDTV တွေဟာ 1080p HDTV တွေလိုပဲ အမြင်ရသမျိုး ကို ပေးစွမ်းနိုင်ပါတယ်။ 4k resolution ပုံဖော်စနစ်သုံးတဲ့ ရုပ်မြင်သံကြားစက်တွေ ပေါ်လာရင်တော့ pixel size ပိုသေးအောင် ထုတ်လုပ်လာနိုင်တာကြောင့် pixel အရေအတွက် များပေမယ့် screen size သေးသေးနဲ့ ထုတ်လုပ်လာနိုင်မယ်။ screen နားကပ်ပြီး ကြည့်ရင်တောင် အလွန်တရာ ရုပ်ထွက်ညက်ပြီး ကြည်လင်ပီသနေတဲ့ crystal clear image မျိုး ဖြစ်နေမယ်။

ကောင်းတော့ကောင်းတယ်။ မျက်စိစပ်တယ် ဆိုသလိုပဲ။ တစ်ခုရယူရင် တစ်ခုတော့ ပေးဆပ်ရဦးမှာပဲ။ ရုပ်ထွက် ကောင်းကောင်းကို ခံစား ကြည့်ရှုချင်တယ်ဆိုရင် 4k display တစ်ခုဝယ်ဖို့ လိုလာ ပြီး ဈေးနှုန်းကလည်း ဘာကြီးသလဲ မမေးနဲ့။ သူနဲ့ ရွယ်တူဆိုက်တူ 1080p display ထက် အဆပေါင်း များစွာ ဈေးပိုကြီးနေတယ်။ ပေါ်ကာစ မဟုတ်လား။ ဒါပေမဲ့ အမြောက်အများ ထုတ်လုပ်လာချိန် မှာတော့ ဈေးကျလာမှာပါ။ Toshiba, LG, Sony တို့ကတော့ 4k resolution standard သုံးထား တဲ့ ထောင့်ဖြတ် ၅၅ လက်မနဲ့ ၈၄ လက်မ ရှေ့ပြေးပုံစံတွေကို ထုတ်လုပ်ခဲ့တယ်။ အာရှဈေးကွက်အတွက် ရည်ရွယ်ထားတာပါ။ အဲဒီ ရုပ်သံစက်တွေဟာ ရိုးရိုး 2D သာမကဘဲ 3D မျက်မှန်မပါဘဲ သာမန်မျက်စိနဲ့ ကြည့်နိုင်တဲ့ 3D ရုပ်မြင်သံကြားစက်တွေ ဖြစ်လာမယ်။

Sony နဲ့ JVC တို့ကတော့ 4k resolution အဆင့်ကို ရုပ်သံစက်တွေမှာ သာမကဘဲ 4k projector တွေတောင် ပွဲထုတ်လာတယ်။ အဲဒီ ရုပ်ထွက်အဆင့်နဲ့ဆိုရင် ဖလင်ရုပ်ရှင်တွေရဲ့ အမြင်ရသမျိုး ထပ်တူ ပေးစွမ်းလာနိုင်တာကြောင့် ကမ္ဘာတစ်လွှားမှာရှိတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေဟာ ဖလင်သုံးတဲ့ ပရိုဂျက်တာတွေနဲ့ ရုပ်ရှင်ပြမယ့်အစား 4k resolution နဲ့ ထုတ်လုပ်ထားတဲ့ digital format ရုပ်ရှင်ကားတွေကို 4k projector နဲ့ အစားထိုးပြီး ပြသလာနိုင်လိမ့်မယ်။ ဒီနှစ် ၂၀၁၂ ခုနှစ် CES လျှပ်စစ်အသုံးအဆောင် ကုန်စည်ပြပွဲမှာ Sony က ပွဲထုတ်ပြသခဲ့တဲ့ VPL-VW 1000ES 4k 3D-capable Home Theatre Projector ဆိုရင် အမေရိကန်ဒေါ်လာ ၂၅,၀၀၀ လောက်ရှိပြီး 4k 3D format ကလွဲရင် လက်ရှိ 4k format နဲ့ ဖွဲ့စည်းထားတဲ့ video file တွေ အားလုံးကို လက်ခံထိုးပြပေးနိုင်သလို သူ့ထက် Resolution ပိုနိမ့်တဲ့ non-4k content ဥပမာ 1080p 3D တွေကို upscaling လုပ်ပြီး 4k resolution အဆင့်မျိုး အဆင့်မြှင့်တင် ထိုးပြနိုင်စွမ်းရှိတယ်။ Sony ရဲ့ အပြောအရတော့သူ့အရင်က လုပ်ငန်းသုံးအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ commercial 4k Projector တွေကို ကမ္ဘာတစ်လွှားမှာရှိတဲ့ အဆင်မြင့် ရုပ်ရှင်ရုံပေါင်း ၁၀,၀၀၀ ကျော်လောက်မှာ လက်ရှိ အသုံးပြုနေပြီလို့ ဆိုတယ်။ နောက်နောင်မှာ ဒီအရေအတွက်ထက် အများကြီး ပိုများလာလိမ့်မယ်လို့လည်း ခန့်မှန်းရတယ်။

ကံကောင်းတဲ့ အချက်တစ်ခုကတော့ 4k content တွေကို ပြချင်ကြည့်ချင်တယ်ဆိုရင် တချို့သော သူတွေအတွက် TV ကိုသာ upgrade လုပ်ဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ လက်ရှိ သုံးနေတဲ့ 1080p components တွေဟာ 4k format ကိုလည်းပဲ support လုပ်နိုင်စွမ်း ရှိတာကို တွေ့ရတယ်။ HDMI v1.4 specification ကို support လုပ်သော မည်သည့် device မဆို 4k resolution signals တွေကို ကိုင်တွယ်နိုင်စွမ်း ရှိတယ်။ Processing or passing လုပ်ပေးနိုင်စွမ်း ရှိတယ်။ device လို့ဆိုရာမှာ HDMI Cables, Bluray Player, AV receivers အစရှိသဖြင့် အားလုံးပေါ့။ ဥပမာအားဖြင့် Onkyo က ၂၀၁၁ ခုနှစ် နှစ်လယ်လောက်မှာ ထုတ်ခဲ့တဲ့ TX-NR809 Receiver မှာ တပ်ဆင်ထားတဲ့ Marvell Qdeo video processor ဟာ လက်ရှိအသုံးပြုနေတဲ့ video file တွေကို 4k အဆင့်ဖြစ်အောင် upscale လုပ်ပေးနိုင်စွမ်း ရှိတယ်။ ထိုနည်းလမ်းကောင်းပဲ တချို့ထုတ်လုပ်သူတွေက သူတို့ထုတ်လုပ်တဲ့ device တွေထဲမှာ နောင်လာလတ္တံ့သော 4k format ကို support လုပ်နိုင်ဖို့ လူသိမခံဘဲ ကြိုတင်ထည့်သွင်း တည်ဆောက်ခဲ့ကြတယ်။ ဒါကြောင့်မို့ ထင်ပါရဲ့။ Sony က 4k home projector တွေ ထုတ်လုပ်တော့မယ်လို့ ကြေညာခဲ့စဉ်မှာ Playstation 3 အတွက် 4k still images output တွေကို support လုပ်နိုင်ဖို့ firmware update နောက်တစ်လအတွင်း ထွက်ရှိလာမယ်လို့ ထည့်သွင်းကြေ ညာခဲ့တယ်။ YouTube ကလည်း 4k video file တွေကို support လုပ်နိုင်ဖို့ ပြင်ဆင်ခဲ့တယ်။

4k format မှာ နောက်အားသာချက် တစ်ခု ရှိသေးတယ်။ ဒါပေမဲ့ အဲဒီအားသာချက်က အများသုံးအတွက်က လတ်တလောအားဖြင့်တော့ မြင်သာထင်သာ ရှိမှာ မဟုတ်သေးဘူး။ ရုပ်ရှင်ထုတ်လုပ်သူ movie studio အတွက်ကတော့ အကျိုးရှိတယ်။ ဒီကနေ့ ရုပ်ရှင်ဇာတ်ကား အများစုကို ရိုက်ကူးတဲ့ resolution အဆင့်ဟာ 4k fomat နဲ့ ရိုက်ကူးထားကြတာ။ ဒီလို 4k format တွေကို Standard အဖြစ် သတ်မှတ်လာပြီး Projector တိုင်းက 4k format တွေ လက်ခံကိုင်တွယ် ပြသလာနိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာတာကြောင့် သူတို့ ရုပ်ရှင်ကားတွေကို တခြား player တွေမှာ ပြနိုင်ဖို့ down scaling or reformatting ခေါ်တဲ့ resolution ပြောင်းလဲပြုပြင် လျှော့ချပေးရတဲ့ အလုပ်တွေကို အချိန်ကုန်ခံ ငွေကုန်ခံ လုပ်နေစရာ မလိုတော့ဘူး။ 4k format မျိုးဖွင့်နိုင်တဲ့ Blu-ray player တွေ ဈေးပေါပေါနဲ့ ထုတ်လုပ်လာနိုင်ချိန်မှာတော့ အများသုံး ဖြစ်လာပါလိမ့်မယ်။ ဒီကနေ့ လက်ရှိအကောင်းဆုံး HD အဆင့်အတန်းဖြစ်တဲ့ 1080p content တွေထက် pixel အရေအတွက် အနည်းဆုံး ၄ ဆ ပိုများတဲ့ 4k content ရုပ်ရှင်ကားတွေကို Blu-ray Disc ဓာတ်ပြား တစ်ချပ်တည်းပေါ်မှာ ဝင်ဆံ့ဖို့ကတော့ အချိန်နည်းနည်း စောင့်ရပါလိမ့်မယ်။ Sony ကုမ္ပဏီအနေနဲ့ 4k content data တွေကို ဓာတ်ပြား တစ်ချပ်တည်းမှာ ဝင်ဆံ့အောင် ဖိသိပ်နိုင်မယ့် compression standard တစ်ခုကို အားလုံးသဘောတူ လိုက်နာ သတ်မှတ်နိုင်ဖို့ Blu-ray Disc Association အဖွဲ့အစည်းဝင် ကုမ္ပဏီတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေတာ သဘောတူညီမှု ရလုနီးပါပြီ။ 4k resolution အဆင့်နဲ့ ရိုက်ကူးထားတဲ့ Spider-man ရုပ်ရှင်ကားသစ်ဟာ Blu-ray Disc အဖြစ် ၂၀၁၂ ခုနှစ်ထဲမှာပဲ ထွက်လာဖို့ ရှိပါတယ်။ အခုလက်ရှိ Blu-ray Disc တစ်ချပ်ရဲ့ မျက်နှာတစ်ဖက် (side) ဟာ အလွှာနှစ်ထပ် (dual layer) ပါပြီး စုစုပေါင်း data ဝင်ဆံ့မှု 50GB ရှိတယ်။ နောက်ထပ် လာမယ့် BD-XL Format ဓာတ်ပြားတွေကတော့ မျက်နှာပြင် တစ်ဖက်မှာပဲ အလွှာလေးထပ် (quadruple layer) ပါရှိပြီး စုစုပေါင်း data ဝင်ဆံ့မှု 128GB ရှိလာလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ဓာတ်ပြားမျိုးတွေ လက်ရှိ Blu-ray player တွေမှာ ထည့်ဖွင့်လို့တော့ ရမှာမဟုတ်ဘူး။ BD-XL format ကို ဖွင့်နိုင်တဲ့ Blu-ray player အမျိုးအစားသစ်တွေ ထပ်ထုတ်ရလိမ့်မယ်။

ရုပ်မြင်သံကြားပေါ် ဒါမှမဟုတ် ပရိုဂျက်တာနဲ့ ထိုးပြတဲ့ ရုပ်ရှင်တွေကို တကယ့် ရုပ်ရှင်ရုံကြီးတွေပေါ်မှာ ဖလင်ထိုးပြီး ကြည့်ရတဲ့ ရုပ်ရှင်ကားတွေရဲ့ ကြည်လင်ပီသတဲ့ အမြင်ရသခံစားလိုသူ ပရိသတ်တွေအတွက်ကတော့ 4k resolution ဟာ စိတ်ကျေနပ်မှု အပေးနိုင်ဆုံး နောက်ဆုံး format ဖြစ်ပါလိမ့်မယ်။ ဒီကနေ့ ရိုက်ကူးသမျှ ရုပ်ရှင်ကားအများစု 95% ဟာ 35mm ဖလင်အသုံးပြု ရိုက်ကူးထားတာဖြစ်ပြီး ဖလင်ပေါ်က ပုံရိပ်တွေကို digital အချက်ပြများအဖြစ် ကူးပြောင်းဖို့ scan ဖတ်ယူရာမှာ 4k resolution ဟာ မူရင်း အရည်အသွေးတိုင်း ထွက်ရအောင် လုံလောက် မှု ပေးစွမ်းနိုင်ပါတယ်။ IMAX နဲ့ 70mm ဖလင်အသုံးပြု ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို သူတို့ရဲ့ မူရင်းအရည်အသွေးမပျက် scan ဖတ်ယူချင်တယ်ဆိုရင် 8k resolution အဆင့်နဲ့ ဖတ်ယူရလိမ့်မယ်။ ဒါပေမဲ့ IMAX နဲ့ 70mm ဖလင်နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်း ဆက်လက် ရိုက်ကူးထုတ်လုပ်ခြင်း မရှိတော့တာကြောင့် ရုပ်ရှင်ဇာတ်ကား စုစုပေါင်းအရေအတွက်ရဲ့ တစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် 4k resolution ကို standard အဖြစ်သုံးလာတဲ့ အချိန်ကျရင် အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ဖလင်နဲ့ ပိတ်ကားထိုးပြီး ကြည့်ရတဲ့ အမြင်ရသနဲ့ မိမိနေအိမ်မှာ ဗီဒီယိုတွေ ရုပ်ရှင်တွေကြည့်ရတဲ့ အမြင်ရသကြားမှာ ကွာခြားမှု မရှိတော့သလောက် ဖြစ်သွားမယ်။ screen အရွယ်အစားသေးသေးမှာ pixel density များများ (higher resolution) ဖြစ်အောင် လုပ်ထားတာကြောင့် အနီးကပ်ပြီးကြည့်လည်း ပုံရိပ်တွေက ကြည်လင် ပြတ်သားနေမယ်။ နေရာ ကျဉ်းကျဉ်းကြုတ်ကြုတ်မှာ ကြည့်ရသူတွေအတွက် HD အမြင်ရသ ပေါ်လွင်စေဖို့ ခပ်လှမ်းလှမ်းမှ ကြည့်စရာ မလိုတော့ဘူး။

(စိုင်းတင့်ထူး)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page