လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အင်တာနက် လုံခြုံမှုအတွက် Network Box

Posted by Unknown Tuesday, November 13, 2012 0 comments

သတင်း အချက်အလက် အပေါ် အခြေပြုပြီး လုပ်ကိုင်စားသောက်တဲ့ ခေတ်ထဲ ရောက်လာတဲ့အခါ Data လုံခြုံမှုဟာ အလွန် အရေးကြီးတဲ့ နေရာကို ရောက်လာ ပါတယ်။  ကွန်ပျူတာလုံခြုံမှု အတွက် ကျွန်တော်တို့ တတွေဟာ လုံခြုံရေးဆော့ဖ်ဝဲပေါင်းစုံကို သွင်းရတယ်။ အချိန်မှန် update လုပ်ရတယ်။ IT ကျွမ်းကျင် ဝန်ထမ်းတွေ ခန့်ရတယ်။ ဒီလိုနည်းလမ်းတွေ သုံးတော့ကော လုံခြုံသွားပြီတဲ့လား။ ပြောရခက်တယ်။ Data လုံခြုံမှုနဲ့ ပတ်သက်တဲ့ ကိစ္စဟာ ရာနှုန်းပြည့် စိတ်ကျေနပ်ဖို့ ခက်ခဲပါတယ်။ တစ်ဦးချင်း လုံခြုံမှုကိစ္စထက်စာရင် ကော်ပိုရေးရှင်းကြီးတွေ၊ ကုမ္ပဏီကြီးတွေရဲ့ Data လုံခြုံမှုက ပိုပြီး အရေးကြီးတယ်။ ကျွန်တော်တို့ဆီက ကုမ္ပဏီကြီးတွေမှာ လောလောဆယ် မျက်စေ့ကျစရာ Data များများစားစား မရှိသေးလို့ ဝင်နှိုက်မဲ့လူတွေကို စိတ်ပူစရာ မလိုသေးဘူး။ နောင်တစ်ချိန်မှာ မြန်မာကုမ္ပဏီတွေရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ Data တွေ၊ နိုင်ငံတကာ ထိုးဖောက်မှု ရှေ့ရေးစီမံချက် Data တွေ၊ ငွေပေးငွေယူကိစ္စ Data တွေ ရှိလာပြီဆိုရင် ကြားဖြတ်နှိုက်မဲ့လူတွေ အများကြီး ပေါ်လာနိုင်တယ်။ အဲဒီကိစ္စအ တွက် ထောင့်ပေါင်းစုံက စဉ်းစားပြီး လုပ်ကိုင်ပေးမယ့် နိုင်ငံတကာ ကုမ္ပဏီတစ်ခုတော့ ပေါ်လာပါပြီ။ အဲဒီကုမ္ပဏီနာမည်က Network Box Corp.,LTD (www.networkboxusa.com) ဖြစ်ပါတယ်။
ကမ္ဘာနဲ့တစ်ဝန်း security service ကို တာဝန်ယူ ဆောင်ရွက်ပါတယ်။ သူ့ရဲ့ ဝန်ဆောင်မှုကို ရယူသုံးစွဲနေတဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာပဲ ၁၅၀ ကျော်လောက် ရှိပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေဟာ Data လုံခြုံမှုကို ပထမဦးစားပေးနေရာမှာ ထားပြီး မစဉ်းစားဘူးဆိုရင် အဲဒီမှာခန့်ထားတဲ့ အိုင်တီမန်နေဂျာဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း အလားတူပဲ ပေါ့ပေါ့တန်တန် နေ ကြပါလိမ့်မယ်။ ကုမ္ပဏီကြီးတွေမှာ အင်တာနက် Gateway ကို အချိန်ပြည့် ဖွင့်ထားရတယ်။ ကုမ္ပဏီရဲ့ Website ဒါမှမဟုတ် အီးမေးလ်ထဲဝင်လာတဲ့ ဧည့်သည်တွေကို မပြီးနိုင် မပိုင်နိုင်အောင် စောင့်ကြည့် ရတယ်။ ဒါပေမဲ့ သူတို့ဟာ အင်တာနက် Gateway ရဲ့ လုံခြုံမှုအတွက် အချိန်ကုန်မခံချင်သလို၊ ငွေကုန်လည်း မခံချင်ပါဘူး။ ဒါဟာကုမ္ပဏီအတွက် အကြီးမားဆုံး အန္တရာယ်ဆိုးတွေကို ဖိတ်ခေါ်နေသလို ရှိပါတယ်။ အချိန်ကုန်၊ ငွေကုန် သိပ်မခံချင်ဘူးဆိုတဲ့ ကုမ္ပဏီကြီးတွေအတွက် ငွေကုန်ကြေးကျ သိပ်မများတဲ့ အပြင် ခေါင်းစားစရာလည်း သိပ်မလိုတာက Network Box ပါ။ Network Box Corp က ထုတ်လုပ်တဲ့ Box အမည်းလေးတစ်လုံးကို မိမိကုမ္ပဏီရဲ့ အင်တာနက် Gateway အဝင်မှာ တပ်လိုက်ရုံနဲ့ ကိစ္စအလုံးစုံကို ပြီးစေပါတယ်။ ဒီ Box ကလေးဟာ ကမ္ဘာအနှံ့ ဖြန့်ကြက်ထားတဲ့ လုံခြုံရေးစင်တာ (SOC Security Operation Centre) ကွန်ရက်နဲ့ ချိတ်ဆက်ထားပြီး ကွန်ရက်ထဲမှာ စင်တာပေါင်း ၄၀၀၀ ကျော် ပါဝင်ပါတယ်။ စင်တာတစ်ခုစီဟာ အချိန်ပြည့် (24/7/365) ဝန်ဆောင်မှုပေးပါတယ်။ စင်တာတိုင်းမှာ ကွန်ပျူတာနဲ့ ကွန်ရက်လုံခြုံမှုအတွက် အထူးလေ့ကျင့်ပေးထားတဲ့ Analyst တွေ ရှိပါတယ်။ လက်တွေ့အခြေအနေမှာ Network Box UTM (Unified Threat Management) နဲ့ ချိတ်ဆက်ထားတဲ့ data network (1500) ကျော်ကို အချိန်နဲ့တစ်ပြေးညီအောင် စောင့်ကြည့်စစ်ဆေးပါတယ်။ ဒါကြောင့် ကုမ္ပဏီလူကြီးတွေဟာ Internet protection စီမံခန့်ခွဲမှုနဲ့ စောင့်ကြည့်မှုအတွက် ခေါင်းအေးနိုင် ပါတယ်။ Network Box ရဲ့ အကာအကွယ်စနစ်ထဲမှာ ချီးကျူးလောက်တာက PUSH နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ Antivirus Signature အသစ်တွေ Update လုပ်ဖို့နဲ့ Security patch အသစ်တွေ update လုပ်ဖို့ကိစ္စတွေကို ကုမ္ပဏီရဲ့ ကွန်ပျူတာတွေထဲမှာ ၄၅ စက္ကန့်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပါ တယ်။ လိုအပ်ချက်တွေကို Box နဲ့ ချိတ်ဆက်ထားတဲ့ လုံခြုံရေးစင်တာတွေဆီကနေ ရယူတာဖြစ်ပါတယ်။
Network Box ကပေးတဲ့ လုံခြုံရေးဝန်ဆောင်မှု Package ထဲမှာ threat analysis, Bandwidth management, License management, Change control, Load balancing နဲ့ Security Consulting စွမ်းဆောင်ရည်တွေလည်း ပါပါသေးတယ်။ လောလောဆယ်မှာ Network Box ကပေးတဲ့ ကာကွယ်ရေး ဝန်ဆောင်မှုတွေမှာ Firewall, antimalware, Antispam, Content filtering protection, IDP နဲ့ VPN လုံခြုံမှု ဆောင်ရွက်ခြင်းတွေ ပါပါတယ်။ သမားရိုးကျ ဝန်ဆောင်မှုကိုပဲ ယူမယ်ဆိုရင် အင်တာနက် တိုက်ခိုက်မှု ခံရနိုင်ခြေရှိတဲ့ Physical device တွေ စောင့်ကြည့်ပေးတဲ့ ဝန်ဆောင်မှု၊ Patch တွေ update လုပ်ပေးတဲ့ ဝန်ဆောင်မှု၊ ဆက်သွယ်သူတွေဆီ ယုံကြည်စိတ်ချရမှု သင်္ကေတ Signature တွေ ထည့်သွင်းပေးတဲ့ ဝန်ဆောင်မှုတွေကို ပေးပါတယ်။ Network Box သုံးစွဲရင်ရလာမယ့် အကျိုးကျေး ဇူးကတော့ အိုင်တီဝန်ထမ်းတစ်ယောက်လောက် ထားရုံနဲ့ ကုမ္ပဏီအကြီးစား တစ်ခုအတွက် Security, monitoring နဲ့ management လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် ငွေကုန်ကြေးကျ သက်သာစွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေအတွက် Cyber security ဟာ လက်နက်တပ်ဆင်မှု ပြိုင်ပွဲနဲ့ တူပါတယ်။ ကုမ္ပဏီနဲ့ Hacker ကြားမှာ လက်နက်တွေ အပြိုင်တပ်ဆင်ပြီး တိုက်ပွဲနွှဲနေတာပါ။ ဒါကြောင့် Antivirus ဆိုတဲ့ လက်နက်ကလည်း ဒီတိုက်ပွဲမှာ အရေးပါပါတယ်။ Malware တွေ စစ်ဆေးဖို့ကိစ္စမှာ Network Box ဟာ Z-scan ကို သုံးပါတယ်။ Z-Scan ဟာ Cloud ကို အခြေခံတဲ့ Virus Scanning စနစ် ဖြစ်ပါတယ်။ အချိန်ပြည့် update လုပ်ပြီး အချိန်ပြည့် စစ်ဆေးပေး ပါတယ်။ Zero-day malware ကို စစ်ဆေးတဲ့နေရာမှာ သမားရိုးကျ Antivirus တစ်ခုထက်စာရင် အဆပေါင်း ၄၂၀၀ ပိုပြီး မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်တယ်ဆိုတာ တွေ့ရပါတယ်။
 
ဗိုင်းရပ်စ်အသစ်တွေကို စစ်ဆေးတဲ့ နေရာမှာတော့ အချိန် ၃ စက္ကန့်လောက်ပဲ ယူပါတယ်။ မကြာသေးမီက လုပ်ခဲ့တဲ့ Tolly Group IT Security ရဲ့ စစ်ဆေးချက်မှာဆိုရင် ဒီအုပ်စုက စုဆောင်းထားတဲ့ Wildlist Malware နဲ့ AV Test Center က ရယူထားတဲ့ Virus, Worm, Rootkit Trogan နမူနာတွေနဲ့ စမ်းသပ်တာကို Network Box က ရာနှုန်းပြည့် ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ စမ်းသပ်ရာမှာ HTTP, SMTP နဲ့ POP3 protocol လမ်းကြောင်းအမျိုးမျိုးနဲ့ စမ်းသပ်ခဲ့တာပါ။ အင်တာနက်နဲ့ အလုပ်လုပ်စားရတဲ့ ကုမ္ပဏီကြီးတွေ အထူးသဖြင့် မီဒီယာလုပ်ငန်းနဲ့ ပတ်သက်နေရတဲ့ ကုမ္ပဏီကြီးတွေဟာ Internet Security ကို ဦးစားပေးအဆင့်မှာ ထားပြီး စဉ်းစားသင့်နေပါပြီ။ ဒီလိုမစဉ်းစားဘူးဆိုရင် မူပိုင်ခွင့်ဥပဒေမှာ အကျုံးဝင်တဲ့ မီဒီယာပစ္စည်းတွေ ခိုးယူတာ ခံရမယ်။ အင်တာနက် အလုပ်မလုပ်နိုင်ဘူးလို့ ကုမ္ပဏီဝင်ငွေ ဆုံးရှုံးတဲ့ကာလတွေ ရှိလာမယ်။ အတွင်းရေး လျှို့ဝှက်ချက်တွေ ခိုးတာခံရလို့ တရားရုံးရောက်မယ်ဆိုရင် အလွန်ကြီးမားတဲ့ တရားရေးစရိတ်နဲ့လည်း ကြုံရပါဦးမယ်။ Network Box သာ တပ်ထားလိုက်မယ်ဆိုရင် ကုမ္ပဏီရဲ့ data နဲ့ ပတ်သက်တဲ့ Monitoring နဲ့ Management ကိစ္စတွေကို အချိန်နဲ့တစ်ပြေးညီ ပေါ့ပေါ့ပါးပါး ကိုင်တွယ် ဆောင်ရွက်သွားနိုင်ပါတယ်။ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်ပေါ် လာဖို့လည်း အကြောင်းမရှိတော့ပါဘူး။ ကုမ္ပဏီအရွယ်အစားကို လိုက်ပြီး သင့်တော်မဲ့ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ပေးထားတာကြောင့် စီးပွားရေးလုပ်ငန်း အရွယ်စုံမှာ သုံးစွဲနိုင်ကြပါလိမ့်မယ်။ ကုမ္ပဏီတစ်ခုရဲ့ ကွန်ရက်ကို ကာကွယ်တဲ့နေရာမှာ ထောင့်စုံအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ အကွက်စေ့စေ့ ပုံစံချ ဆောင်ရွက်ဖို့ လိုပါတယ်။ လိုအပ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ပြည့်ပြည့်ဝဝ update လုပ်ဖို့ လိုပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။ ဂရုတစိုက် စောင့်ကြည့်ဖို့လည်း လိုပါတယ်။ ဒါတွေကို ဆောင်ရွက်ဖို့ဟာ အိုင်တီနည်းပညာ ကျွမ်းကျင်မှု လိုအပ်ပါတယ်။ ကုမ္ပဏီအုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေအနေနဲ့ ပြဿနာတွေမပေါ်ခင် ဒါကို အလေးထားပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ပြဿ နာပေါ်မှဆိုရင် ဖြေရှင်းဖို့ကိစ္စဟာ သိပ်နောက်ကျနေပါပြီ။ ဒါကြောင့် အင်တာနက် တိုက်ခိုက်မှုခံရတဲ့အထဲ မပါအောင် ကြိုတင်ကာကွယ်မှုကို Network Box နဲ့ မြန်မြန်ဆန်ဆန်ပဲ စလိုက်ကြပါစို့လား။

ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page