လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ကမ္ဘာ့တတိယအကြီးဆုံး အိုင်တီနည်းပညာ ထောက်ပံ့ရေးကုမ္ပဏီ သို့မဟုတ် FUJITSU

Posted by Unknown Tuesday, November 13, 2012 0 comments
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရုံးချုပ် တည်ဆောက်ထားတဲ့ Fujitsu နည်းပညာ အဖွဲ့အစည်းဟာ ဆက်သွယ်ရေး ဆိုင်ရာ နည်းပညာပစ္စည်း ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုပေးခြင်း  အခန်းကဏ္ဍမှာ ခေတ်ရှေ့ပြေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ တတိယအကြီးဆုံး အိုင်တီဝန်ဆောင်မှု အိုင်တီနည်းပညာ ကုမ္ပဏီ အဖြစ်လည်း IBM နဲ့ HP တို့နောက်မှ ရပ်တည်နေပြီး PC ကွန်ပျူတာ၊ လက်တော့ပ် ကွန်ပျူတာတွေနဲ့ မိုဘိုင်းပစ္စည်းတွေကို ထုတ်လုပ်ရုံသာမက တယ်လီ ကွန်မြူနီကေးရှင်းဆိုင်ရာ ထုတ်ကုန်တွေနဲ့ အီလက်ထရွန်နစ် ထုတ်ကုန်တွေကို ထုတ်လုပ်လျက် ရှိပါတယ်။ ဝန်ထမ်းအရေအတွက် ၁၇၂,၃၃၆ ဦးရှိပြီး နိုင်ငံပေါင်း ၇၀ ကျော်ကို ဝန်ဆောင်မှုတွေ ပံ့ပိုးပေးလျက် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ K စူပါကွန်ပျူတာကိုလည်း Fujitsu အဖွဲ့အစည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအခြေစိုက် နည်းပညာ ကုမ္ပဏီအများအပြား ရှိတဲ့အထဲက အင်အား အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ Fujitsu ကုမ္ပဏီဟာ နိုင်ငံတကာအဆင့်မီ နည်းပညာ ထုတ်ကုန်များစွာနဲ့ ကမ္ဘာ့နည်းပညာ ဈေးကွက်ကို ထိုးဖောက်လျက် ရှိပါတယ်။

သမိုင်းဦး
၁၉၃၅ ခုနှစ် ဇွန် ၂၀ ရက်မှာ တိုကျိုမြို့မှာ စတင်တည်ထောင်ခဲ့ပြီး ရုံးချုပ်တည်ရှိရာ နေရာကတော့ မီနာတိုမှာရှိတဲ့ ရှီအိုဒိုမီစီးတီး စင်တာမှာ ဖြစ်ပါတယ်။ နာမည်ကျော် ဖူဂျီစုရှင်ခီကို အစွဲပြုပြီး Fujitsu လို့ အမည်ပေးခဲ့တာပါ။ ဂျပန်နိုင်ငံရဲ့ စွန့်ဦးကွန်ပျူတာ ကုမ္ပဏီတစ်ခု အဖြစ်လည်း စတင် တည်ထောင်ခဲ့ပြီး ကနဦး အခြေအနေမှာတော့ အီလက်ထရွန်နစ်ဘက်ကို ပိုမိုအာရုံစိုက်ခဲ့ပါတယ်။

ဂျပန်ရဲ့ ပထမဆုံးကွန်ပျူတာ
၁၉၅၄ ခုနှစ်မှာ Fujitsu ဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ကွန်ပျူတာကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီကွန်ပျူတာရဲ့အမည်က FACOM 100 ဖြစ်ပြီး ထူးခြားတဲ့ အလုပ် လုပ်ဆောင်မှုတွေကို မပြုလုပ်နိုင်သေးပေမယ့် ၁၉၆၂ ခုနှစ်မှာ သူတို့ဖန်တီးလိုက်တဲ့ FACOM 222 ကတော့ Transistor အခြေခံပြီး တည်ဆောက်ထားတဲ့ ကွန်ပျူတာ ဖြစ်လာပါတယ်။

ထုတ်ကုန် ထုတ်လုပ်သူအဖြစ်
နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေက အပ်နှံတဲ့ ထုတ်ကုန်တွေကို တာဝန်ယူ ဖန်တီးတဲ့အပိုင်းကို ၁၉၇၁ ခုနှစ်မှာ စတင်ခဲ့ပြီး ကနေဒါ၊ အမေရိက၊ ဗြိတိန်စတဲ့ နိုင်ငံတွေက နည်းပညာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကနေမှ ဗြိတိန်အခြေစိုက် နည်းပညာ ကုမ္ပဏီတွေကို ဝယ်ယူနိုင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ အဲဒီခေတ်၊ အဲဒီအချိန်က ကမ္ဘာ့အမြန်ဆုံးလို့ သတ်မှတ်လို့ရတဲ့ Main Frame ကွန်ပျူတာတွေကို Fujitsu က တာဝန်ယူ တည်ဆောက်ထုတ်လုပ်ခဲ့ပြီး ရုပ်မြင်သံကြားစနစ်ရဲ့ မျက်နှာပြင် နည်းပညာတွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ်မှာတော့ ကမ္ဘာ့ပထမဆုံး မျက်နှာပြင် ၂၁ လက်မရှိတဲ့ ကာလာ ရောင်စုံပလာစမာ ရုပ်မြင်သံကြား မျက်နှာပြင်ကို မိတ်ဆက် ပေးနိုင်ခဲ့ပါတယ်။

Flash Memory ထုတ်လုပ်ခြင်း
AMD ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ၁၉၉၃ ခုနှစ်မှာ Flash Memory နည်းပညာကို စတင်အကောင်အထည် ဖော်ပါတယ်။ AMD အဖွဲ့အစည်းဟာ သူတို့နဲ့ Flash Memory အစုအဖွဲ့ကို Fujitsu ကုမ္ပဏီထံ စေလွှတ်ခဲ့ပြီး ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေမှာရှိတဲ့ ကုန်ထုတ်လုပ်မှု စက်ရုံတွေမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီကနေ အရေအသွေးကောင်းတဲ့ Flash Memory ထုတ်လုပ်မှုစနစ်ကို ရရှိခဲ့ပါတယ်။

Fujitsu သုတေသန စင်တာ
အရင်းအနှီးယန်းငွေ ၅ ဘီလျံကို အသုံးပြုပြီး ပညာရှင် ဝန်ထမ်းပေါင်း ၁၃၀၀ နဲ့ ဒီသုတေသနစင်တာကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ သုတေသနပြု လုပ်ငန်းတွေနဲ့ နည်းပညာဖွံ့ဖြိုးရေး ကဏ္ဍတွေကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။ မကြာသေးခင်ကပဲ Fujistu ဟာ 3D ဓာတ်ပုံတွေကို ဖုန်းကင်မရာနဲ့ ရိုက်ကူးနိုင်မယ့် နည်းပညာသစ် တစ်ရပ်ကို ရှာဖွေနိုင်ခဲ့တယ်လို့ မိတ်ဆက် ပြောကြားခဲ့ပါတယ်။ နည်းပညာ ပြဿနာ အဖြေရှာဖွေရေး အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာတဲ့အခါမှာ ထိထိရောက်ရောက် ကူညီနိုင်ဖို့ ပြုလုပ်ပေးလျက် ရှိပါတယ်။ PC ကွန်ပျူတာတွေအပြင် ဒေတာစင်တာတွေ အတွက်လည်း ပြဿနာ အဖြေရှာရေးအဖွဲ့တွေကို အကောင်းမွန်ဆုံး ဖွဲ့စည်းပေးထားပါတယ်။ တခြားအဖွဲ့အစည်းတွေ အနေနဲ့တော့ ဥရောပမှာရှိတဲ့ Semiconductor ထုတ်လုပ်ရေးအဖွဲ့တွေ အမေရိက၊ ကနေဒါနဲ့ အခြားနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ဖြစ်ပါတယ်။

နည်းပညာ အကြံပေးမှုများ
ကမ္ဘာတစ်လွှားက အိုင်တီနည်းပညာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူတွေနဲ့ ကုမ္ပဏီတည်ထောင်စ သူတွေအတွက်သာမက လုပ်ငန်းလည်ပတ်လျက် ရှိနေကြတဲ့ နည်းပညာ ကုမ္ပဏီအများစုကို အကြံဉာဏ် လိုအပ်တဲ့အခါမှာ တိုက်ရိုက်မေးမြန်းနိုင်ဖို့ နည်းပညာ အကြံပေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။ ၁၉၇၃ ခုနှစ်မှာ စတင်ဖွဲ့ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ စွမ်းအင်အပြည့်ဝဆုံး နည်းပညာအကြံပေးရေး အဖွဲ့အဖြစ် ရပ်တည်နေနိုင်ပါပြီ။

Cloud ဝန်ဆောင်မှုများ
လက်ရှိအခြေအနေအရ နည်းပညာနယ်ပယ်မှာ လူသုံးအလွန်များလာပြီဖြစ်တဲ့ Cloud ဝန်ဆောင်မှုကို Fujitsu က ၂၀၁၀ ပြည့်နှစ်မှ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ဂျပန်၊ သြစတြေးလျ၊ စင်ကာပူ၊ အမေရိက၊ ဗြိတိန်နဲ့ ဂျာမနီစတဲ့ နိုင်ငံတွေမှာ စတင် အသုံးပြုနိုင်အောင် စီစဉ်ပေးခဲ့တာဖြစ်ပြီး နည်းပညာ ပံ့ပိုးမှုတွေနဲ့ အချက်အလက် ထိန်းသိမ်းမှုတွေကို Fujitsu ဒေတာစင်တာတွေကနေ တိုက်ရိုက် ဝန်ဆောင် မှု ပေးခဲ့ပါတယ်။

ဦးဆောင်သူများ
လက်ရှိအချိန်မှာ Fujitsu ကိုမီချီယော့ရှိ မဆုခ,က ကုမ္ပဏီအကြီးအကဲအဖြစ် တာဝန်ယူထားပြီး မာ့ဆမိမာယာမိုတိုက ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

အလားအလာ
Fujitsu ဟာ Microprocessor ထုတ်လုပ်မှုဘက်မှာလည်း စမ်းသပ်အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ စူပါကွန်ပျူတာတွေကိုလည်း ဆက်လက်ဖန်တီးနေပြီး မိုဘိုင်းနည်းပညာဘက်ကိုပါ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစားလျက် ရှိပါတယ်။ နိုင်ငံတကာမှာ အဖွဲ့အစည်းများစွာထားရှိပြီး သုတေသနစင်တာတွေနဲ့ နည်းပညာ ပံ့ပိုးမှုတွေကို ဝန်ထမ်းပေါင်းများစွာနဲ့ ထောက်ပံ့ပေးနေနိုင် တာကလည်း ကုမ္ပဏီရဲ့ အနာဂတ်ကို အများကြီး အကျိုးရှိစေပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံ နည်းပညာကုမ္ပဏီကြီးအဖြစ် အောင်မြင်မှုများစွာ ဆွတ်ခူးနေနိုင်တဲ့ Fujitsu အဖွဲ့အစည်း အကြောင်းကို ဖော်ပြပေးလိုက်ရခြင်းပါ။ 'The Possibilities are infinite' ဆိုတဲ့ သူတို့ရဲ့ ခံယူချက်အတိုင်း အဆုံးမရှိတဲ့ ဖန်တီးမှုတွေကို ဆက်လက်ပြီး ထုဆစ်နေဦးမှာ ကတော့ သေချာလျက် ရှိနေပါတယ်။

Angel linn

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page