လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Laptop ကိုကြာရှည်ခံအောင် အသုံးပြုပါ

Posted by Unknown Monday, November 12, 2012 0 comments

Mobile Computing ခေတ်ကြီးထဲ ရောက်လာတော့ ကွန်ပျူတာ သုံးစွဲသူ အတော်များများ ဟာ ကျောက်ချပြီး သုံးရတဲ့ desktop ကွန်ပျူတာကြီးတွေကိုသုံးဖို့ သိပ်စိတ်မဝင်စားကြတော့ဘူး ခင်ဗျ။  Laptop မှ Laptop ဖြစ်လာကြတယ်။ ပိုက်ဆံတတ်နိုင်သူ ဒါမှမဟုတ် ကိုယ့်ဖာသာ ပိုက်ဆံမရှာ ရသူတွေက မြင်ကွင်းကြီးကြီးနဲ့ Laptop ဝယ်တယ်။ ပိုက်ဆံမတတ်နိုင်သူတွေနဲ့ ပေါ့ပေါ့ပါးပါး ကြိုက်သူတွေ က မြင်ကွင်းသေးသေးနဲ့ Laptop ဝယ်တယ်။ ဈေးတွေကလည်း အရင်ထက်စာရင် လက်လှမ်းမီလာတာကိုး။ လွန်ခဲ့တဲ့ ဆယ်နှစ်က သိန်း ၂၀ တန်ဖိုးရှိပြီး ကျွန်တော်တို့ မကပ်နိုင်ခဲ့တဲ့ အမြင့်တန်း Laptop နဲ့ အလားတူဟာမျိုးကို ခုအချိန်မှာ ၁၀ သိန်းဝန်းကျင်နဲ့ ရနိုင်ပါတယ်။

Laptop ဝယ်တဲ့ လူတွေထဲမှာ အများစုက desktop နဲ့ ရင်းနှီးပြီးသားလူတွေ ဖြစ်ပါတယ်။ သူတို့တတွေဟာ အတော်အသင့် အကြမ်းခံတဲ့ desktop ကို သုံးလာကြတာမို့ Laptop ဟာ အဲဒီလောက် အကြမ်းမခံတာ မေ့နေကြပါတယ်။ Desktop မှာလိုပဲ ခပ်ကြမ်းကြမ်းသုံးကြတယ်။ ကျွန်တော့်မိတ်ဆွေ သင်္ဘောအရာရှိ တစ်ယောက်ဆိုရင် အိမ်သုံးပလပ်ပေါက်မှာ သူ့ Laptop ကို ဖွင့်လျက် အားသွင်းထားတာ တွေ့ရလို့ သတိပေးရပါသေးတယ်။ နောက်သူငယ်ချင်း တစ်ယောက်ကတော့ သူ့ Laptop ကို အိမ်သုံးမီးပလပ်ပေါက်မှာ ဒီအတိုင်း တိုက်ရိုက်ထိုးသုံးတယ်။ ကျွန်တော်က အနည်းဆုံး Surge protector ခံသုံးဖို့ အကြံပေးတော့ သူက ပြန်ပြောတယ်။ ဘက်ထရီ ခံသုံးနေတာပဲ။ လိုလို့လားတဲ့။ ဟုတ်ကဲ့။ အဲ့ဒီ Laptop တစ်နှစ်တိတိအကြာမှာ motherboard ကြွသွားပါတယ်။ အသစ်ပြန်လဲထည့်ရင် နှစ်သိန်းတဲ့။ ကိုင်း... ဘယ့်နှယ့်ရှိစ။ ဗို့အား မငြိမ်တဲ့ မြန်မာလျှပ်စစ်မီးကို အင်မတန် သတိကြီးစွာထားပြီး အကာအကွယ် အထပ်ထပ်နဲ့သုံးတဲ့ ကျွန်တော့် Laptop လေး ဟိုတလောက ကြောင်စီစီဖြစ်လို့ မူရင်းကုမ္ပဏီရဲ့ Service ကို သွားရပါတယ်။ ဘာပျက်မှန်းသိပြီး ပြင်တတ်ရင်တောင် ကိုယ့်ဆီမှာ အပိုပစ္စည်း မရှိဘဲ ကိုးဗျ။ အောင်မလေးဗျာ Service ကို ဝင်လာတဲ့ Laptop တွေ နည်းမှ မနည်းဘဲ။ စပ်စုကြည့်တော့ အတော်များများက Laptop ကို ကိုးရိုးကားရား အကြမ်းပတမ်း သုံးသူတွေချည်း။

စက်ဝယ်တုန်းက ပါလာတဲ့ ဆောင်ရန်ရှောင်ရန် လက်စွဲကို သေသေချာချာ လေ့လာပုံမရပါဘူး။ Laptop တွေဟာ ဈေးပေါတယ်ဆိုတာတောင် အသစ်တစ်လုံးဝယ်ရင် မြင်ကွင်းသေးသေး စက်က နှစ်သိန်းခွဲ၊ မြင်ကွင်းကြီးကြီးစက်က သုံးသိန်းကျော်ပါ။ ရိုရိုသေသေသုံးမယ်ဆိုရင် Hardware ပိုင်း ပြဿနာမရှိဘဲ ၂ နှစ်လောက်အထိ သုံးနိုင်ဖို့ ကောင်းပါတယ်။ အဲဒီလို ပြဿနာ မပေါ်ချင်ရင် အောက်မှာပြောထားတဲ့ ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာဖို့လိုပါတယ်။ Laptop ကို နေရာတကာသယ်ပြီး သုံးချင်လို့ ဝယ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရေနားနီးနီး၊ ရေငွေ့နားနီးနီး သယ်ပြီးသုံးဖို့တော့ မဟုတ်ဘူးဗျ။ ဒါ့ကြောင့် လက်ဆေးတဲ့ကြွေကန်၊ ရေချိုးတဲ့ကြွေကန်၊ အဝတ်လျှော်နေတဲ့ လူအနား၊ ပန်းကန်ဆေးနေတဲ့ လူအနား၊ ရေကူးကန်အနားတွေမှာ ယူပြီးသုံးဖို့ မသင့်ပါဘူး။ ကိုယ့်ရည်းစားလေးကို Laptop ရှိကြောင်း ကြွားချင်တာနဲ့ တံတားဖြူ ကန်ဘောင်က မိုးရွာထားတဲ့ မြက် ခင်းပေါ်ချသုံးတာလည်း မကောင်းဘူးပေါ့ဗျာ။ ဒီစက်တွေက ရေကြောက်တယ်။ ရေငွေ့ကြောက်တယ်။ လျှပ်စစ်နဲ့ ဘက်ထရီနဲ့သုံးတာကိုး။ ဒါကြောင့် အခိုးအငွေ့တွေ တဖွားဖွားလွှတ်တဲ့ ဟင်းအိုး၊ ထမင်းအိုး၊ ပေါင်းအိုးနဲ့ humidifier လို့ခေါ်တဲ့ ရေငွေ့ထုတ်စက်တွေ အနားမှာလည်း မသုံးပါနဲ့။

Laptop တွေက လျှပ်စစ်သံလိုက်စက်ကွင်းကိုလည်း ကြောက်တယ်။ ဒါကြောင့် လျှပ်စီးတဝင်းဝင်း၊ မိုးကြိုးတအုန်းအုန်းဖြစ်နေတဲ့ အချိန်မှာ ကြိုးသွယ်တယ်လီဖုန်းနဲ့ ဖုန်းကြိုးအနီးအနားမှာ မသုံးပါနဲ့။ လျှပ်စီးတို့ မိုးကြီးတို့ကနေ သက်ရောက်တဲ့ electrical shock ရပြီး ပျက်စီးတတ်ပါတယ်။ မိုးရွာတုန်း သုံးချင်ရင် ဘက်ထရီတပ်ပြီး လျှပ်စစ်သံလိုက် စက်ကွင်းလွတ်တဲ့နေရာမှာ သုံးပါ။ စက်မသုံးမီမှာ ပါဝါကြိုးတပ်မယ်ဆိုရင် ဘက်ထရီတပ်မယ်ဆိုရင် လက်စွဲစာအုပ်ကို ဖတ်ပြီး သေသေချာချာ မိမိရရတပ်ပါ။ မထိတထိ ပါဝါဟာ စက်ကို ချို့ယွင်း ပျက်စီးစေနိုင်ပါတယ်။ ဘက်ထရီတပ်ပြီးလည်း ထားမယ်၊ အိမ်သုံးမီးနဲ့လည်း ဆက်ပြီးသုံးမယ်ဆိုရင် ဘက်ထရီ လက်ကျန်အား ဘယ်လောက်ရှိသလဲဆိုတာ သတိထားပါ။ ဘက်ထရီအား ၁၀၀ ပြည့်လျှင် အားသွင်းမှု အလိုအလျောက် ဖြတ်ပေးတယ်ဆိုတာ မသေချာလို့ပါ။ တကယ်လို့မဖြတ်ခဲ့ရင် စက်ပါပူလာပြီး သက်တမ်းတိုတတ်ပါတယ်။

Laptop တွေက Brand တွေဖြစ်လို့ တစ်ခုက power adapter ကို တစ်ခုမှာ ယူသုံးတာတို့၊ OEM Adapter တွေကို မစစ်ဆေးဘဲ ဝယ်သုံးတာတို့ကိုလည်း ရှောင်ရပါမယ်။ Laptop တွေ အလွန်ကြောက်တဲ့ကိစ္စမှာ ဖိမိ၊ ဆောင့်မိတာတွေ ပါပါတယ်။ ဒါကြောင့် စက်ကိုဖွင့်ထားတုန်း လွတ်ကျဖို့မသင့်ပါဘူး။ စက်ကိုဖွင့်ထားတုန်း စောင်းလိုက်၊ လှန်ချလိုက်လုပ်ပြီး သုံးဖို့လည်း မကောင်းပါဘူး။ အထဲမှာလည်နေတဲ့ Hard disk ရှိတယ်။ Laptop အကိုင်အတွယ် ကြမ်းတဲ့နေရာမှာ Service Center က ပုဂ္ဂိုလ်တွေ အဆိုးဆုံးပဲ။ စက်ဖွင့်သုံးနေရင်းတန်းလန်း ဟိုဖက်တွန်းရွှေ့ ဒီဖက်တွန်းရွှေ့လုပ်တယ်။  စားပွဲပေါ်တင်ထားရာကမှ ဆတ်ကနဲ ဆွဲမပြီး ပုံမကျပန်းမကျ စောင်းပြီးသုံးတယ်။ ခုခေတ် ချာတိတ်တွေပြောတဲ့ လန်ထွက်တယ်ဆိုတာ အဲဒီကောင်မျိုးကို ပြောတယ်ထင်ပါရဲ့။ ပြီးတော့ Laptop ကွန်ပျူတာကိုသုံးရင် အောက်ခံ ညီညာပြန့်ပြူးတဲ့ မျက်နှာပြင်ပေါ်မှာ တင်ပြီးသုံးရပါမယ်။

အောက်မှာ ပန်ကာခံပြီး သုံးရင်တောင် ကွန်ပျူတာမဖွင့်မီမှာ ငြိမ်ရဲ့လားဆိုတာ သိရအောင် စမ်းကြည့်လိုက်ပါဦး။ ပြုပ်ထနေတဲ့ မြေကြီးပေါ်မှာ Laptop ကြီးဖွင့်ပြီး ချစ်သူလေးနဲ့ ကြည်နူးနေတာမျိုးလည်း ဆင်ခြင်ကြပါ။ Laptop မှာ သူက အောက်ပြုတ်ကျလို့ မရသလို လေးလေးပင်ပင်အရာ တစ်ခုခုသူ့အပေါ် ပြုတ်ကျဖို့လည်း မသင့်ပါဘူး။ ဒါကြောင့် စက်သုံးရင် ဘေးဘီနဲ့အပေါ်ကို ကြည့်ပါ။ စက်ပေါ်ပြုတ်ကျနိုင်တဲ့ လေးလေးပင်ပင် အရာများရှိသလားလို့။ Laptop ကြောက်တဲ့အထဲမှာ အပူဒဏ်လည်းပါတယ်။ မယုံရင် နွေရာသီမှာ စက်ကိုအောက်က ပန်ကာမခံဘဲ တစ်နာရီလောက် သုံးကြည့်။ ကြက်ဥပြုတ်လို့ရလောက်အောင် ပူလာလိမ့်မယ်။ ဒါကြောင့် ဘယ်အချိန်သုံးသုံး နာရီဝက်ထက် ပိုသုံးမယ်ဆိုရင် ပန်ကာခံသုံးပါ။ ပန်ကာခံထားတာချင်းတူရင်တောင် ဆောင်းရာသီထက်စာရင် နွေရာသီက စက်ကို အပူမြန်စေပါတယ်။ ဒါကြောင့် လေဝင်လေထွက် ညံ့တဲ့နေရာမှာ Laptop ကို ကြာကြာမသုံးပါနဲ့။ ထမင်းအိုး၊ ဟင်းအိုးတည်ထားလို့ အပူဓာတ်ပျံ့လွင့်တဲ့နေရာမှာ Laptop မသုံးပါနဲ့။ တိုက်ရိုက်နေထိုးတဲ့နေရာမှာ မသုံးပါနဲ့။ ဆောင်းတွင်း heater လွှတ်ထားတဲ့ အခန်းမှာလည်း ကြာကြာမသုံးပါနဲ့။ Laptop ကို အပူတက်စေတဲ့ အကြောင်းအရာတွေကိုလည်း ရှောင်ရပါမယ်။ စက်ရဲ့အောက်ဘက်ကို လှန်ကြည့်လိုက်ပါ။ လေဝင်လေထွက်ပေါက်လေးတွေကို တွေ့ရပါမယ်။ အဲဒီလေပေါက်တွေ ပိတ်စေမယ့်မွေ့ရာ၊ ဆိုဖာစတဲ့ အရာတစ်ခုခုပေါ်တင်သုံးတာ၊ ပေါင်ပေါ်တင်သုံးတာတို့ကို သတိထားပါ။

Laptop တွေ ပေါင်ပေါ်ကြာကြာ တင်သုံးရင် အမျိုးသားများ မျိုးအောင်နှုန်း ကျဆင်းစေသတဲ့၊ သတိထားပါ။ စက်ဟာ ရေငွေ့များတဲ့နေရာကို မကြိုက်သလို စက်ဖွင့်ထားတုန်း စက်ပေါ်ကို ရေမှောက်ကျတာကိုလည်း မကြိုက်ပါဘူး။ Wi-Fi  အလကားရလို့ဆိုပြီး ဘိုင်ကျင့်ဘိုင်ကြံနဲ့ စားသောက်ဆိုင်ထဲ၊ ကော်ဖီဆိုင်ထဲ Laptop ယူသုံးသူတွေမှာ အဲဒီလိုဖြစ်တာ အတွေ့ရများပါတယ်။ အရည်မှောက်ကျပြီဆိုတာနဲ့ ပထမဆုံး လုပ်ရမယ့်အလုပ်က ပါဝါပိတ်ပစ်ဖို့ပါ။ ဒီလိုဖြစ်လေ့ရှိတယ်ဆိုရင် အရည်ဖိတ်ကျတာနဲ့ အောက်ဘက်ကို စီးထွက်သွားဖို့ အပေါက်ကလေးတွေပါတဲ့ Laptop မျိုး ဝယ်သုံးပါ။ Laptop ကို အပျက်မြန်စေသော အကြောင်းအရာတွေထဲမှာ လျှပ်စစ်သံလိုက်စက်ကွင်း ကြီးကြီးမားမားလွှတ်တဲ့ ပစ္စည်းတွေလည်းပါတယ်ဗျ။ အဲဒီလိုပစ္စည်းမျိုးတွေနဲ့ ဝေးနိုင်သမျှ ဝေးအောင်ရှောင်ပါ။ အိမ်ဝယ်ကတည်းက စပြီးသတိထားပေါ့ဗျာ။ တာဝါတိုင်ကြီးတွေပေါ်က ပြေးတဲ့ ဓာတ်အားလိုင်းကြိုးကြီးတွေ ကိုယ့်အိမ်ခေါင်မိုးပေါ် ဒါမှမဟုတ် ကိုယ့်ခြံထဲက ဖြတ်ပြေးသလားဆိုတာ။ အဲဒါမျိုးမရှိရင် Laptop ကို ဗို့အားမြှင့်စက်၊ အင်ဗာတာ၊ ရုပ်မြင်သံကြားစက်၊ ရေခဲသေတ္တာ၊ ဝရိန်ဆော်စက်၊ ရေမော်တာ၊ မိုက်ကရိုဝေ့ဗ် မီးဖို၊ ပေါင်မုန့်မီးကင် စက်တွေ နားထားပြီး သုံးတာကို ရှောင်ဖို့လိုပါလိမ့်မယ်။

ကွန်ပျူတာကို ပိတ်မယ်ဆိုရင် Windows ထဲကနေ စနစ်တကျပိတ်ပါ။ စက် hang သွားတယ်ဆိုရင်တောင် Laptop ပေါ်ကနေ ပါဝါခလုတ်ကို ဆယ်စက္ကန့်လောက်ကြာအောင် ဖိထားပြီးမှပိတ်ပါ။ စက်ထိခိုက် မှု ပြဿနာနည်းစေပါလိမ့်မယ်။ Laptop မှာ printer, Scanner, USB Harddisk တွေသုံးထားရင် စက်ပိတ်ပြီးမှ ဖြုတ်ပါ။ စက်ဖွင့်ထားတုန်း သက်ဆိုင်ရာ port ကနေ ဆွဲဖြုတ်ပြီး မပိတ်ပါနဲ့။ တပ်မယ်ဆိုရင်လည်း စက်မဖွင့်မီ ကြိုတပ်ထားတာ ပိုကောင်းပါတယ်။ နောက်တစ်ခုက စက်ပစ္စည်းမှန်သမျှဟာ မွမ်းမံ ထိန်းသိမ်းမှုလိုသဗျ။ အနည်းဆုံး စက်အတွင်းပိုင်း ချေးညှော်သန့်ရှင်းရေးကို တစ်နှစ်တစ်ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။ မိတ်ဆွေဟာ ကွန်ပျူတာပြင်ဆရာ မဟုတ်ရင်၊ ဟုတ်ခဲ့ရင်တောင် desktop ကွန်ပျူတာကိုပဲ ကျွမ်းကျွမ်းကျင်ကျင်ပဲ ပြင်တတ်ရင် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရှိတဲ့ service မှာပဲ စက်သန့်ရှင်းရေး လုပ်သင့်ပါတယ်။ အင်မတန်နုနယ်တဲ့ laptop ကို တစ်ခါမှ မဖြုတ်ဖူးပဲ စမ်းတဝါးဝါးနဲ့ ဖြုတ်ရင် စက်ထိခိုက်တတ်ပါတယ်။

နောင်စိုး (ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page