လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Scenemode ထဲက icon များအကြောင်း

Posted by Unknown Monday, November 12, 2012 0 comments


မြန်မာပြည်တွင် ဒစ်ဂျစ်တယ် ကင်မရာကိုင်သူ အများစုမှာ point and shoot ဟု ခေါ်သော ချိန်ပြီး အသင့်ရိုက်နိုင်သည့် အိမ်သုံးအဆင့် ကင်မရာများ ဖြစ်ပါသည်။  ယင်းတွင် Auto mode ထက် ပိုကောင်းအောင် ရိုက်နိုင်သည့် scene mode ရှိပါသည်။ Scene mode ထဲတွင် icon ပေါင်း များစွာ ရှိပါသည်။ ထို icon ၏ အဓိပ္ပာယ်နှင့် အလုပ်လုပ်ပုံကို သေချာစွာ မသိသဖြင့် မသုံးဖြစ်ကြပါ။ ထို့ကြောင့် အသုံးတည့်သည့် scene mode icon တစ်မျိုးစီ အကြောင်းကို ရှင်းပြပါမည်။

Scene mode ထဲတွင် အသုံးအများဆုံးမှာ portrait mode ဖြစ်သည်။ လူတစ်ယောက်၏ ပုံသို့မဟုတ် ဦးထုပ်ဆောင်းထားသော အမျိုးသမီးပုံဖြင့် ဖော်ပြလေ့ ရှိပါသည်။ ဤ mode ၏ အဓိက အလုပ်လုပ်ပုံမှာ လူပုံ (အထူးသဖြင့် မျက်နှာ) ကို ပို၍ ထင်ရှား ပြတ်သားစေပြီး နောက်ခံက အနည်းငယ် ဝါးပေးသော သဘောသဘာဝ ရှိပါသည်။ နောက်ခံမည်မျှ ဝါးသွားမည်ဆိုသော ကိစ္စမှာ ဓာတ်ပုံ ရိုက်ကူးချိန်တွင် အလင်းရောင် မည်မျှရသည်ဟူသော အချက်ပေါ်တွင် မူတည်ပါသည်။ ဤ mode တွင် လျှပ်တစ်ပြက်မီးကို ဖွင့်၍ သို့မဟုတ် ပိတ်၍ ရိုက်နိုင်ခွင့်ပေးထားပါသည်။ သူ့လိုပင် အသုံးများသည်မှာ Night portrait mode ဖြစ်ပါသည်။ လူတစ်ဦး၏ ခေါင်းဘေးတွင် ကြယ်ပွင့် သို့မဟုတ် လခြမ်းပုံကလေးဖြင့် ပြပါသည်။ Foreground (လူပုံ) နှင့် background (နောက်ခံပုံ) တို့အကြား အလင်းပြေပြစ် မျှတစေလိုသည့်အခါ ဤ mode ကို သုံးပါသည်။ လှပသော ညရှုခင်းကို နောက်ခံထားပြီး လူပုံအလှရိုက်ရာတွင် အထူးကောင်းမွန်သော mode ဖြစ်ပါသည်။ လျှပ်တစ်ပြက်မီးကို မဖြစ်မနေ သုံးရပါသည်။ အားနည်းသော နောက်ခံပုံများ ထင်ရှားစေရန်အတွက် အလင်းတံခါး  (Shutter) ကို ကြာကြာ ဖွင့်ပေးထားပါသည်။ ထို့ကြောင့် ကင်မရာ လှုပ်နေလျှင် ပုံဝါးနိုင်ပါသည်။ သုံးချောင်းထောက် သို့မဟုတ် အောက်ခံပြင်ညီ တစ်ခုခုပေါ်တွင် ကင်မရာကို တင်ပြီးမှ ရိုက်သင့်ပသည်။

အလင်းရောင်နည်းသော အိမ်တွင်း သို့မဟုတ် ဟိုတယ် အတွင်းခန်းများတွင် ဓာတ်ပုံရိုက်ရန် အတွက်မူ party သို့မဟုတ် Indoor ဟု အမည်ပေးထားသော mode ကို သုံးနိုင်ပါသည်။ ရေခဲမုန့်ကတော့ ပုံဖြင့် ဖော်ပြလေ့ ရှိပါသည်။ မြင်ကွင်းတစ်ခုလုံး foreground ရော background ပါ ပြတ်သားရန် လိုအပ်ပြီး အလင်းရောင် နည်းပါးစွာရသည့် အခြေအနေမျိုးတွင် ဓာတ်ပုံရိုက်ရန် သင့်တော်ပါသည်။ Night portrait မှာ ကဲ့သို့ပင် အလင်းတံခါးကို ကြာမြင့်စွာ ဖွင့်ထားလေ့ရှိသဖြင့် ကင်မရာကို သုံးချောင်းထောက် သို့မဟုတ် ပြင်ညီပေါ်တွင် တင်၍ ရိုက်သင့်ပါသည်။ လျှပ်တစ်ပြက်မီး သုံးနိုင်သော်လည်း မြင်ကွင်း၏ ပကတိအခြေအနေကို ထင်ဟပ် ဖော်ပြပေးသည့်ရသ ပျောက်ဆုံးသွားပါမည်။ ပတ်ဝန်းကျင် ရှုမျှော်ခင်းရိုက်ရန် အသုံးပြုသည့် Landscape mode ကိုမူ အနိမ့်အမြင့်ရှိသော တောင်တစ်လုံး၏ ပုံဖြင့် ဖော်ပြပါသည်။ အဝေးတွင် ရှိနေသော အရာတို့၏ အရောင်ရွှန်းစိုမှု မြင့်တက်လာစေ ရန် ပြတ်သားမှု မြင့်တက်လာစေရန် ချိန်ညှိထားပါသည်။ ထို့ကြောင့် ရှုခင်း ဓာတ်ပုံသည် ရွှန်းစိုတောက်ပပြီး အသက်ဝင်နေပါလိမ့်မည်။ ဤ mode တွင် လျှပ်တစ်ပြက်မီး သုံးခွင့်မရှိပါ။ Focus ဖြတ်ရာ၌ အဝေးရှိ အရာများကို အဓိကထားပြီး ဖြတ်ပါသည်။ ထို့ကြောင့် လူအများပါ ဝင်ရိုက်ကူးမည့် ရှုမျှော်ခင်း နောက်ခံထား သည့် ပုံများတွင် သုံးရန်မသင့်ပါ။

မိမိ အပန်းဖြေထွက်သည့် နေရာသည် ပင်လယ်ကမ်းခြေ သို့မဟုတ် ရေခဲလျှောစီးစခန်း ဖြစ်ပါက Beach သို့မဟုတ် Snow mode ကို သုံးရပါလိမ့်မည်။ ရှေးဦးပိုင်းပေါ်သော ဒစ်ဂျစ်တယ် ကင်မရာများတွင် ယင်း mode နှစ်မျိုးကို တွဲ၍ ပေးပါသည်။ ယခုနောက်ပိုင်းထွက် ဒစ်ဂျစ်တယ် ကင်မရာများတွင် Beach နှင့် snow mode များသည် သီးခြားစီ ဖြစ်ပါသည်။ မိမိ ရိုက်ကူးမည့်အရာက အရောင်ဖျော့ရသည့် အထဲတွင် ပတ်ဝန်းကျင်ကပါ အလင်းရောင်များနေသည့်အခါ ဓာတ်ပုံရိုက်ရ ခက်ခဲတတ်ပါသည်။ ယင်းပြဿနာ များကို ဖြေရှင်းပေးနိုင်ရန် Beach / Snow mode ကို ဖန်တီးထားခြင်း ဖြစ်ပါ သည်။ သောင်ပြင် သို့မဟုတ် ရေခဲပြင်ပေါ်တွင် Auto ဖြင့် ရိုက်ပါက မှောင်မှောင်မည်းမည်း ညစ်ညစ်ထပ်ထပ်ပုံ တို့ကိုသာ ရနိုင်ပါသည်။ ဤ mode ကို အသုံးပြုပါက သောင်ပြင်နှင့် ရေခဲပြင်တို့သည် အရောင်မှန်ပြီး ဓာတ်ပုံတွင် ပါဝင်သော လူအတွက်ပါ အရောင်ရွှန်းစိုစေပါသည်။ Snow ကို ရေခဲအရုပ်ကလေးပုံဖြင့် လည်းကောင်း၊ beach ကို မြေပြင်နှင့် ရေလှိုင်းတွန့် သို့မဟုတ် ထီးကြီးပုံဖြင့် ပြလေ့ရှိပါသည်။

နိုင်ငံခြား တိုင်းပြည်များသို့ အလည်အပတ် သွားလေ့ရှိပြီး ထိုနိုင်ငံတို့ရှိ ပြတိုက်များအား ဝင်ရောက် လေ့လာလေ့ရှိပါက museum mode က အသုံးတည့်ပါမည်။ Museum mode အား အမိုးနှင့် အကာမျဉ်းကြားတွင် ကန့်လန့်မျဉ်းပြိုင်များ ဆွဲထားသော ပုံဖြင့် သရုပ်ဖော်ပြလေ့ ရှိပါသည်။ ဤ mode ကို အသုံးပြုရခြင်း အကြောင်းမှာ ပြတိုက် အတော်များများ၌ လျှပ်တစ်ပြက်မီး မသုံးရသော အတွင်းခန်းများတွင် ပုံကောင်းရစေရန် setting ကို ချိန်ညှိပေးထားပါသည်။ ထို့ကြောင့် ဤ mode တွင် လျှပ်တစ်ပြက်မီးသည် အမြဲပိတ်ပြီး ဖြစ်ပါမည်။ Nikon ကင်မရာကဲ့သို့ ပုံပေါင်းများစွာ တစ်ပြိုင်နက်ရိုက်ပြီး အကောင်းဆုံး တစ်ပုံထုတ်ပေးသော လုပ်ငန်းစဉ် Best shot selector (BSS) ပါဝင်ပါက museum mode ကို ရွေးသည့်အခါ BSS က အသက်ဝင်လာမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ရုပ်ထွက် အကောင်းဆုံးပုံကို ရရှိရန် သေချာသွားစေပါသည်။

ပတ်ဝန်းကျင် သဘာဝအလှကို ကင်မရာဖြင့် မှတ်တမ်းတင်လိုသူတို့ အတွက်မူ sunset mode က အသုံးဝင်ပါလိမ့်မည်။ နေဝင်ချိန် နေလုံးနီနီကြီးကို အကောင်းဆုံး မှတ်တမ်းတင်နိုင်ရန် setting ချပေးထားပါသည်။ နေဝင်ချိန်တွင် လိမ္မော်ရောင်က အလွန်အားကောင်း တောက်ပလေ့ ရှိသည့်အပြင် အလင်းရောင်ကို မျက်နှာချင်းဆိုင် ရိုက်ကူးရသဖြင့် အရောင်မှန်ရရန် ခက်ခဲပါသည်။ ဤပြဿနာကို Sunset mode က ဖြေရှင်းပေးပါသည်။ ဤ mode ကို ရွေးချယ်ထားပါက လျှပ်တစ်ပြက်မီးကို မသုံးနိုင်အောင် ပိတ်ချထားပါမည်။ လိမ္မော်ရောင် တောက်ပနေသော နေလုံးကြီး၏ ရှေ့တွင်ရှိသော အရာများ (foreground objects) တို့သည် အမည်းရောင်ရှိပြီး ကောက်ကြောင်းပေါ်သော ပုံများအဖြစ် ရရှိပါလိမ့်မည်။အလင်းတံခါး အပိတ်နှေးသဖြင့် သုံးချောင်းထောက် သို့မဟုတ် ငြိမ်သက်သော ပြင်ညီ တစ်ခုခုပေါ်တွင် ကင်မရာကို တင်ပြီး ရိုက်သင့်ပါသည်။ Sunset mode ကို တောင်တစ်လုံးဘေး တွင် နေလုံးပုံဖြင့် သော်လည်းကောင်း၊ အောက်ခံမျဉ်းများပေါ်တွင် နေလုံးတင်ထားသည့် ပုံဖြင့်သော် လည်းကောင်း ပြလေ့ရှိပါသည်။

ညဘက်တွင် မီးရောင်စုံဖြင့် လှချင်တိုင်းလှနေသော ရှုမျှော်ခင်းကို မှတ်တမ်းတင်မည်ဟု ဆိုလျှင်မူ Night Landscape mode ကို သုံးရပါလိမ့်မည်။ ဤ mode ကို တောင်တစ်လုံးဘေး၌ ကြယ်တစ်လုံးပေါ်သည့် ပုံဖြင့်လည်းကောင်း၊ အဆောက်အဦတစ်ခု ဘေး၌ လတစ်စင်းထွက်သည့် ပုံဖြင့် လည်းကောင်း ပြလေ့ ရှိပါသည်။ ဤ mode တွင် အလင်းတံခါးပိတ်ချိန်မှာ ထူးထူးကဲကဲ ကြာပါသည်။ ထို့ကြောင့် မည်းမှောင်နေသော ညတွင် ပျပျကလေးလင်းနေသော အရာတို့ကိုပင် ဓာတ်ပုံထဲ၌ ပေါ်အောင် မှတ်တမ်း တင်နိုင်ပါသည်။ လျှပ်တစ်ပြက်မီး သုံး၍ မရသလို ဝေးကွာသောနေရာမှ အရာများကို focus ဖြတ်ပေးသည့် mode ဖြစ်ပါသည်။ သုံးချောင်းထောက် သို့မဟုတ် ငြိမ်သက်သော ပြင်ညီပေါ်တွင် ကင်မရာကို တင်၍ ရိုက်ကူးဖို့ လိုပါသည်။

သဘာဝပတ်ဝန်းကျင် အလှအပများကို မှတ်တမ်းတင်ရာတွင် အဝေးမှ အရာများချည်း ပါဝင်မည် မဟုတ်ပါ။ ပန်းပွင့်ပေါ်တွင် ဝတ်ရည်စုပ်နေသော ပိတုံးကလေးတစ်ကောင်၊ သစ်ကိုင်းပေါ်တွင် နားနေသော လိပ်ပြာလေး တစ်ကောင် စသည်တို့လည်း ပါဝင်နိုင်ပါသည်။ ယင်းတို့ကို လှပပြတ်သားစွာ ရိုက်ကူးနိုင်ရန် Close up mode ကို သုံးရပါမည်။ Macro mode ဟုလည်း အချို့က ခေါ်ပါသည်။ မှန်ဘီလူးနှင့် ၄ လက်မ အကွာအဝေးမှသည် ယင်းထက်နီးသော အကွာအဝေးထိ ကပ်၍ ရိုက်ကူးနိုင်ပါသည်။ ကင်မရာ ငြိမ်ငြိမ်ထားဖို့ လိုသည့်အတွက် သုံးချောင်းထောက်ကို မဖြစ်မနေ သုံးရပါလိမ့်မည်။ လျှပ်တစ်ပြက်မီး သုံးနိုင်သော်လည်း အလွန် လိုအပ်မှသာ သုံးသင့်ပါသည်။ ဤ mode ကို ပန်းပွင့်ပုံဖြင့် ပြပါသည်။

ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page