လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အတွေးနှင့် ဖန်တီးမှုကို ပေါင်းစပ်ထားသည့် နည်းပညာ အဖွဲ့အစည်း သို့မဟုတ် Lenovo

Posted by Unknown Monday, November 12, 2012 0 comments

နာမည်ကျော် IBM ကွန်ပျူတာ အဖွဲ့အစည်းရဲ့ PC ကွန်ပျူတာ ထုတ်လုပ်ရေး အစိတ်အပိုင်းကို ဝယ်ယူလိုက်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတကာ PC ဈေးကွက်မှာ ထိပ်တန်းအဆင့်ကို ရောက်ရှိ လာခဲ့တာကတော့ Lenovo နည်းပညာ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။  တရုတ်နိုငံ အခြေစိုက် ဒီနည်းပညာ အဖွဲ့အစည်းဟာ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ရုပ်မြင်သံကြား စက်တွေ အပါအဝင် နည်းပညာဆိုင်ရာ ထုတ်ကုန်တွေကို ပုံမှန်း ထုတ်လုပ်လျက်ရှိပြီး နည်းပညာ အကြံပေး အဖွဲ့အစည်း တစ်ခုအဖြစ်လည်း ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။ နောက်ဆုံး PC ဈေးကွက်စစ်တမ်း ကောက်ယူမှုမှာလည်း HP ပြီးရင် ကမ္ဘာ့ဒုတိယ အကြီးဆုံး PC ဈေးကွက် ပိုင်ဆိုင်သူ ဖြစ်လာခဲ့ပါတယ်။ ThinkPad အမည်ရှိတဲ့ Notebook  စီးရီးတွေနဲ့ ThinkCentre အမည်ရှိတဲ့ Desktop စီးရီးတွေကို အအောင်မြင်ဆုံး ထုတ်လုပ်နိုင်ခဲ့တဲ့ Lenovo ဟာ တရုတ်နိုင်ငံတွင်းသာ မကပါဘူး စင်ကာပူနှင့် အမေရိကန် နိုင်ငံတွေမှာပါ ရုံးချုပ်တွေ ဖွင့်လှစ်ထားပြီး နိုင်ငံတကာမှာ လူကြိုက်အများဆုံး နည်းပညာ အမှတ်အသားတစ်ခု အဖြစ်လည်း ရပ်တည်လျက် ရှိပါတယ်။



Lenovo ဆိုတာ
ဒီအမှတ်တံဆိပ်ဟာ ကွန်ပျူတာ နည်းပညာ အသုံးပြုသူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာကြောင့် အားလုံးနဲ့ နားယဉ်ပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ Lenovo ဟာ ဘာအဓိပ္ပါယ်လဲလို့ မေးရင်တော့ သိဖို့ မလွယ်ပါဘူး။ ဒီအမှတ်တံဆိပ်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်က နက်ရှိုင်းပြီး စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ နာမည်ရွေးချယ်ရာမှာ အလေးထားတဲ့ တရုတ်လူမျိုးတွေရဲ့ သဘောသဘာဝကိုလည်း ပေါ်လွင်စေပါတယ်။ ထိပ်ဆုံး စာလုံးနှစ်လုံး ဖြစ်တဲ့ Le က Legend ကို ကိုယ်စားပြုပါတယ်။ နောက်စကားလုံးတွေဖြစ်တဲ့ novo ကတော့ လက်တင်ဘာသာ စကားဖြစ်ပြီး အဓိပ္ပာတယ်ကတော့ အသစ်အဆန်းပါ။ ဒါကြောင့် Lenovo ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်က လေးနက်မှု ရှိပါတယ်။ အဲဒီစကားလုံးကိုပါပဲ။ တရုတ်ဘာသာစကားနဲ့ ပြောရမယ် ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အတွေးနယ်ချဲ့ခြင်း၊ အကြံဉာဏ်တွေ ပူးပေါင်းခြင်း နဲ့ နောက်ဆုံးဖန်တီးမှု အသစ်အဆန်းတွေ ပြုလုပ်ခြင်းစတဲ့ အဓိပ္ပါယ်တွေ ရပါတယ်။ ဒီလောက်ဆိုရင်တော့ Lenovo နာမည်ရဲ့ လေးနက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို နားလည်နိုင်ပါပြီ။

သမိုင်းဦး
တရုတ်နိုင်ငံ အစိုးရရဲ့ နည်းပညာ စီးပွားရေး လှုပ်ရှားမှုပိုင်းမှာ ပညာရှင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးက Lenovo ကုမ္ပဏီကို ၁၉၈၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူ့နာမည်ကတော့ လျူချိန်ကျိဖြစ်ပြီး Lenovo ကို စတင်တည်ထောင်စဉ်က အင်ဂျင်နီယာ ၁၀ ယောက်သာ ရှိခဲ့ပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုက ယန်းငွေ နှစ်သိန်းဖြစ်ပြီး တရုတ်နိုင်ငံ၊ ဘေဂျင်းမှာပဲ အခြေစိုက်ခဲ့ပါတယ်။

အစောဆုံး ခြေလှမ်းများ
သူတို့ရဲ့ ပထမဆုံး ကြိုးစားမှုဖြစ်တဲ့ ရုပ်မြင်သံကြား စက်တွေ တင်ပို့မယ့် အကြံအစည်ကတော့ ရှုံးနိမ့်မှုနဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါကြောင့်သူတို့ အဖွဲ့အစည်းဟာ တစ်နှစ်လောက် ကွန်ပျူတာ နည်းပညာဘက်ကို အသားပေးလေ့လာခဲ့ကြသလို ဈေးကွက်ပိုင်းကိုလည်း စောင့်ကြည့်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ Lenovo အဖွဲ့သားတွေဟာ IBM အဖွဲ့အစည်းမှာ ဖန်တီးထုတ်လုပ်တဲ့ PC  ကွန်ပျူတာတွေနဲ့ လိုက်ဖက်မှုရှိမယ့် ဆားကစ်ဘုတ်တွေကို ဖန်တီးခဲ့ကြပါတယ်။ တရုတ်ဘာသာစကားတွေ အသုံးပြုနိုင်အောင် အဓိကထားပြီး ဒီဇိုင်းရေးဆွဲခဲ့တာကြောင့် နိုင်ငံတွင်းမှာ လူသိများလာခဲ့ပါတယ်။ အဲဒီ ဆားကစ်ဘုတ်က Lenovo အတွက် ကွန်ပျူတာ ဈေးကွက်မှာ အစောဆုံး အောင်မြင်မှု တစ်ခုကို သယ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်က စတင်ပြီး Lenovo ဟာ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားနဲပ ဖန်တီးထားတဲ့ ကွန်ပျူတာတွေကို ထုတ်လုပ် ဈေးကွက်တင်ပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ၁၉၉၄ ခုနှစ်မှာ ဟောင်ကောင်ကို ဈေးကွက်ချဲ့ထွင်မှု အပါအဝင် နည်းပညာဆိုင်ရာ စီးပွားရေး အကျိုးအမြတ်များစွာကို ဖန်တီးနိုင်ခဲ့ပါတယ်။

IBM PC အဖွဲ့ကို ဝယ်ယူခြင်း
ကွန်ပျူတာ စီးပွားရေးကို စတင်ပြုလုပ်စဉ်ကတည်းက IBM နဲ့ ပူးပေါင်းခဲ့တဲ့ Lenovo ဟာ ၂၀၀၅ ခုနှစ်မှာတော့ IBM အဖွဲ့အစည်းရဲ့ PC ထုတ်လုပ်မှုပိုင်းကို ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီအချိန်မျာ တရုတ်နိုင်ငံမှာရှိတဲ့ နည်းပညာ ကုမ္ပဏီ အများစုဟာ အမေရိကန်ရဲ့ စီးပွားရေး ဈေးကွက်ကို ချဲ့ထွင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ IBM ရဲ့ PC ထုတ်လုပ်ရေးအဖွဲ့ကို ဝယ်ယူနိုင်ခဲ့ခြင်းက Lenovo ရဲ့ ဂုဏ်သိက္ခာကို ပိုမိုမြင့်မားလာစေပါတယ်။ မြောက်ဘက် ကာရိုလိုင်းနား ပြည်နယ်မှာ သုတေသနနဲ့ နည်းပညာ ဖွံ့ဖြိုးရေးတွေကို ဂရုတစိုက် ပြုလုပ်နိုင်ခဲ့ပြီး အဆင့်မီ ကွန်ပျူတာတွေကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

မိုဘိုင်းကဏ္ဍ
Lenovo အနေနဲ့ မိုဘိုင်းဖုန်း ထုတ်လုပ်မှုကို စိတ်ဝင်စားတဲ့အတွက် အဖွဲ့တစ်ခု ပြုလုပ်ပြီး ဖုန်းတွေကို ဖန်တီးခဲ့ပေမယ့် ၂၀၀၈ ခုနှစ်မှာတော့ PC ကွန်ပျူတာဘက် စီးပွားရေးကိုသာ ဦးတည်တော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ တခြားအဖွဲ့အစည်း တစ်ခုကို ရောင်းချပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ အဲ့ဒီ Lenovo မိုဘိုင်းအဖွဲ့ကို ဒေါ်လာသန်း ၂၀၀ နဲ့ ပြည်လည်ဝယ်ယူခဲ့ပြီး မိုဘိုင်းစက် လည်ပတ်မှု စနစ်တွေနဲ့ ဈေးကွက်ထဲ တိုးဝင်လာမယ့် စမတ်ဖုန်းတွေ၊ တက်ဘလက် ကွန်ပျူတာတွေကို ပီပီပြင်ပြင် ထုတ်လုပ်နိုင်ဖို့ အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Lenovo ဟာ China Mobile ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ဟန်းဆက် ထုတ်လုပ်သူတွေထဲမှာ တတိယနေရာမှာ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ Lenovo က ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေ၊ တက်ဘလက် ကွန်ပျူတာတွေကလည်း ဈေးကွက်ဝေစု အတိုင်းအတာ တစ်ခုအထိ ရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မေလမှာတော့ တရုတ်နိုင်ငံအတွင်းမှာပဲ သူတို့ရဲ့ မိုဘိုင်းသုတေသန စင်တာ တစ်ခုကိ ဆောက်လုပ်ဖို့ ဒေါ်လာ ၇၉၃ သန်း ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို Lenovo က ကြေညာခဲ့ပါတယ်။

ပူးပေါင်းလုပ်ဆောင်ခြင်း
ကုန်ထုတ်လုပ်မှုဆိုင်ရာ အောင်မြင်မှုရလာတဲ့ Lenovo ဟာ ဂျပန်နိုင်ငံရဲ့ အိုင်တီနည်းပညာ ကုမ္ပဏီဖြစ်တဲ့ NEC နဲ့ ပူးပေါင်းပြီး နိုင်ငံတကာ PC ဈေးကွက် ပူးပေါင်းချဲ့ထွင်ခဲ့ပါတယ်။ အရင်ကတည်းက ဈေးကွက်ဝေစုရှိပြီးသား NEC အနေနဲ့ Lenovo ထံကနေ ရှယ်ယာတွေ ထပ်မံ ရရှိခဲ့ပါသေးတယ်။ ဂျာမန် အီလက်ထရောနစ် ကုမ္ပဏီ Medion ကိုလည်း ဝယ်ယူခဲ့ပြီး ဂျာမနီ နိုင်ငံအတွင်း ကွန်ပျူတာ ဈေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။

ထုတ်ကုန်များ
Lenovo အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ထုတ်ကုန်တွေကတော့ ThinkPad, IdeaPad, NoeBook ကွန်ပျူတာတွေနဲ့ ThinkCentre, IdeaCentre Desktop ကွန်ပျူတာတွေပဲ ဖြစ်ပါတယ်။ တက်ဘလက် ကွန်ပျူတာတွေကို မိုဘိုင်း အင်တာနက် သုံးစွဲသူတွေဆီ အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပြီး ဈေးနှုန်းချိုသာတဲ့ LePad ကလည်း ဈေးကွက်ဝေစု ရရှိခဲ့ပါတယ်။ လူမှုကွန်ရက်စတဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို ရုပ်မြင်သံကြားကနေ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထုတ်လုပ်တဲ့ စမတ်တီဗီတွေရဲ့ ကဏ္ဍမှာလည်း Lenovo ရဲ့ LeTV က လူသိများလာခဲ့ပါတယ်။ အချက်အလက်တွေကို သိမ်းဆည်းခြင်းနဲ့ အွန်လိုင်းစီးပွားရေး ကဏ္ဍတွေကို ပြုလုပ်ခြင်းတို့မှာ အရေးကြီးတဲ့ Cloud ဝန်ဆောင်မှုတွေကိုလည်း Lenovo က ပြုလုပ်နိုင်ခဲ့ပါပြီ။ ဒါကြောင့် ဘက်ပေါင်းစုံ နည်းပညာ အဖွဲ့အစည်းတစ်ခုအဖြစ် နိုင်ငံတကာမှာ ရပ်တည်ခွင့် ရနေတာပါ။

ဦးဆောင်မှု အပိုင်း
လက်ရှိ Lenovo ကို ဦးဆောင်သူတွေကတော့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ လျူချန်ကျိနဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ ယန်ယန်ကွင်တို့ပါပဲ။ လျူဟာ စစ်တပ်ကောလိပ်မှာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ သိပ္ပံအကယ်ဒမီမှာ ပညာရှင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ယန်ကတော့ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ Lenovo ရဲ့ အကြီးအကဲဘုတ်အဖွဲ့မှာ ပါဝင်ခဲ့ပြီး အခုအခါမှာတော့ အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ အရင်က Lenovo အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါသေးတယ်။

အိုလံပစ် စပွန်ဆာ
၂၀၀၆ ခုနှစ်က အီတလီနိုင်ငံ တူရင်မြို့မှာ ကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ တရားဝင် ကွန်ပျူတာ နည်းပညာ စပွန်ဆာအဖြစ် Lenovo က ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီလိုပါပဲ။ ၂၀၀၈ ခုနှစ်က ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ နွေရာသီ အိုလံပစ် ပွဲတော်ကိုလည်း စပွန်ဆာ ပေးခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ ဒီလိုအိုလံပစ် ပွဲတော်တွေမှာ စပွန်ဆာပေးခဲ့တဲ့ ဈေးကွက် ချဲ့ထွင်ပြီးသား ဖြစ်သလို သူတို့ရဲ့ အမှတ်တံဆိပ်ကိုလည်း နိုင်ငံအားလုံးက အသိအမှတ်ပြု လက်ခံသွားစေဖို့ လမ်းစအဖြစ် ပြုလုပ်နိုင်ခဲ့ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page