လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

မော်နီတာပေါ်က ရင်မောစရာများ

Posted by Unknown Tuesday, November 13, 2012 0 comments

မြန်မာပြည်တွင် Desktop ကွန်ပျူတာသည် အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးအတွက် အဓိကနေရာတွင် ရှိနေ ဆဲ ဖြစ်ပါသည်။  ကွန်ပျူတာဟု ဆိုသော်လည်း မော်နီတာ (ဖန်သားပြင်) က ကောင်းကောင်း အလုပ်မလုပ် လျှင် ကွန်ပျူတာကို ကောင်းကောင်း အသုံးပြုနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မော်နီတာတွင် ပြဿ နာ ပေါ်ရခြင်းအကြောင်းနှင့် ဖြေရှင်းနည်းများကို ပြောပြလိုပါသည်။ သိလို့တက်လို့ပြောခြင်း မဟုတ် ပါ။ ပြဿနာ တစ်ခုခုကြုံလျှင် အရေးပေါ် ဖြေရှင်းနိုင်စေရန် ရည်ရွယ်ပြီး ရေးသားခြင်း ဖြစ်ပါသည်။ ဖြစ်နိုင် သည့်  အခြေခံပြဿနာလေးများအား အောက်တွက် ဆက်လက်ဖတ်ရှုပေးပါရန် တိုက်တွန်းအပ်ပါသည်။

မော်နီတာပေါ်တွင် ဘာမှမပေါ်ပါ
Desktop ကွန်ပျူတာကို ဖွင့်လိုက်ပြီးသည့်နောက် PSU မှ ပန်ကာလည်သံကို ကြားရသည်။ ကွန်ပျူတာ ထည့်သည့်ပုံးမှ အချက်ပြ မီးများ လင်းသည်။ သို့သော် မော်နီတာ ဖန်သားပြင်တွင် ဘာမှ မမြင်ရဟုဆိုလျှင် အဖြစ်နိုင်ဆုံး ပြဿနာမှာ မော်နီတာသို့ ပါဝါ (လျှပ်စစ်) မရောက်ခြင်း ဖြစ်ပါသည်။ ပထမဆုံး စစ်ဆေးရမည်မှာ မော်နီတာရှိ on/off ခလုတ်တွင် on လုပ်၍ ဖွင့်ထားမိသည်လား ဆိုသည်ကို စစ်ဆေးကြည့်ဖို့ ဖြစ်ပါသည်။ ယနေ့ခေတ် မော်နီတာများမှာ အေက်ခြေ panel တွင် အချက်ပြမီးပါသဖြင့် ပါဝါမဝင်၊ မော်နီတာ ဖွင့်ထားမထားကို အလွယ်တကူ သိနိုင်ပါသည်။ အကယ်၍ on/off ခလုတ်နှိပ်သည့်တိုင် မီးလည်းမလင်း၊ ဘာမှလည်း မပေါ်ဟုဆိုလျှင် မော်နီတာသို့ အဝင်ဆော့ကတ်ကို ချွတ်၍ ကောင်းစွာ အလုပ်လုပ်သော အခြားပစ္စည်း သို့မဟုတ် မော်နီတာတွင် ထိုးကြည့်ပါ။ သို့တည်းမဟုတ် ယင်းဆော့ ကတ်ပေါက်တွင် မီးရောက်မရောက် မီးစမ်းသည့် Tester ဖြင့် ထောက်ကြည့်ပါ။ ပါဝါကြိုး၏ UPS အဝင်နှင့် မော်နီတာအဝင်ဘက်ခြမ်း ထိပ်နှစ်ဖက်ကို ဆွဲဖြုတ်ပါ။ ပြီးလျှင် ကြပ်အောင်ပြန်ထိုးပြီး တစ်ဖန် ပြန်စမ်းကြည့်ပါ။ ပါဝါကြိုးအသစ်ကို ကွန်ပျူတာဆိုင်ကြီးများတွင်လည်း ဝယ်ယူနိုင်ပါသည်။ မသေချာလျှင် ကြိုးအသစ်ဖြင့် ပြောင်းပြီး စမ်းကြည့်ပါ။ မိမိ၏ ပါဝါကြိုးသည် အခြားပစ္စည်းများတွင် အလုပ်လုပ်သည့် (သို့မဟုတ်) ကွန်ပျူတာသို့ အဝင်ဆော့ကတ်ပေါက်တွင် မီးလည်းလာသည်။ သို့သော် မော်နီတာတွင် ဘာမှမပေါ်ဟုဆိုပါက မော်နီတာ ချို့ယွင်းချက်ရှိမှာ သေချာသလောက် ဖြစ်ပါ သည်။ နောက်ဆုံးအဆင့်အဖြစ် ကွန်ပျူတာနှင့်ဆက်သော ဂရပ်ဖစ်ကြိုး မြဲ၏မမြဲ၏ သေချာအောင် စမ်းကြည့်ပါ။ အဆိုပါ ကြိုးကလည်း မြဲမြံသည်ဟု ဆိုလျှင် မော်နီတာကို ကျွမ်းကျင်သူပညာရှင်ထံသာ ပို့ရမည်သာ ဖြစ်ပါသည်။

မော်နီတာ အရုပ်မငြိမ်ဘဲ တဖျပ်ဖျပ် မျက်တောင်ခတ်နေပါသည်

မိမိသုံးသော မော်နီတာသည် CRT အမျိုးအစား အလုံးကြီး ဖြစ်ခဲ့ပြီး Screen refresh rate အလွန်နည်းခဲ့လျှင် မော်နီတာသည် မျက်တောင် တဖျပ်ဖျပ် ခတ်ပါလိမ့်မည်။ မော်နီတာတွင် ပုံဖော်ရာ၌ ပရော်ဂျက်တာထိုးပြီးပြသလို တသမတ်တည်း ထိုးပြထားခြင်းမျိုး မဟုတ်ဘဲ Signal အသစ်အသစ်တို့ဖြင့် အစားထိုးပြီး ပုံရိပ်ကို တည်ငြိမ်နေအောင် ပြုလုပ်ပြသခြင်း ဖြစ်ပါသည်။ Signal အသစ် အစားထိုးနှုန်းက အလွန်မြန်ဆန်သောအခါ ပုံရိပ်အဟောင်းနှင့် အသစ်ကြား ပြောင်းလဲသွားခြင်းကို ကျွန်မတို့ မျက်စေ့က မမြင်လိုက်ရပါ။ ထို့ကြောင့် ပုံရိပ်သည် တည်ငြိမ်နေသည်ဟု မြင်ရပါသည်။ Signal အသစ် အစားထိုးနှုန်းက နှေးကွေးသည့်အခါ ပုံရိပ်အဟောင်းနေရာတွင် အစားထိုးသော ပုံရိပ်ကို မျက်စေ့က မြင်နေရပါသည်။ ထို့ကြောင့် မော်နီတာသည် မျက်တောင် တဖျပ်ဖျပ် ခတ်နေသည်ဟု ခံစားရပါသည်။ ယင်းကို ပြင်ရန်မှာ Windows 7 အသုံးပြုသူဖြစ်လျှင် desktop ပေါ်မှ နေရာလွတ်တစ်ခုတွင် ညာကလစ်ထောက်ပါ။ ပေါ်လာသော အကွက်ထဲမှ Graphic properties ကို ဘယ်ကလစ်နှိပ်၍ ရွေးပါ။ Graphic and media control panel ကျလာပါမည်။ Refresh rate ဟူသည့် နေရာသို့ သွားပြီးတန်ဖိုးကို အမြင့်ဆုံးပေးပါ။ ပြီးလျှင် OK ကို နှိပ်၍ ထွက်လိုက်ပါ။ Windows XP သုံးစွဲသူဖြစ်ခဲ့လျှင် Desktop ၏ နေရာလွတ်တစ်ခုတွင် ညာကလစ်ထောက်ပြီး ပေါ်လာသော အကွက်ထဲမှ Properties ကို ရွေးပါ။ ပေါ်လာသည့် tab များထဲမှ setting tab ကိုရွေးပါ။ Advanced နေရာတွင် ဘယ်ကလစ်နှိပ်ပါ။ Hide လုပ်ထားသော mode ကို တွေ့လျှင် ယင်းကို ကလစ်နှိပ်ပြီး ရွေးပါ။ Screen Refresh rate နှင့် ပတ်သက်သည့် ဇယားကွက်တစ်ခု ကျလာပါမည်။ အမြင့်ဆုံးတန်းဖိုးတစ်ခုကို ရွေးပြီး Apply တွင် ဘယ်ကလစ်နှိပ်ပါ။ New Setting ကို ရွေးမည်လားဟုမေးလျှင် Yes ကို ရွေးပါ။ ပြီးလျှင် ok ကိုနှိပ်၍ ထွက်လိုက်ပါ။

မော်နီတာတွင် ဖော်ပြသော ပုံရိပ်သည် တည်ငြိမ်မှု မရှိဘဲ စကရင်အောက်ခြေသို့ ဆွဲဆွဲပြီး ဆင်းနေပါသည်

ယင်းနှင့်ပတ်သက်ပြီး ပထမဆုံး ကြိုးစားကြည့်ရမည်မှာ Software Setting ပြင်ဖို့ ဖြစ်ပါသည်။ မိမိထားရှိလိုသော Screen mode ကို အထောက်အပံ့ မပေးနိုင်သည့် မော်နီတာသည် ယင်းပြဿ နာကို ဖြစ်စေတတ်ပါသည်။ Frame rate နှင့် resolution အမြင့်ပိုင်းကို တောင်းဆိုသော ဂိမ်းများကို မော်နီတာအနိမ့်တွင် ချိန်ညှိမှု မပြုဘဲ ကစားလျှင်လည်း ဤပြဿနာပေါ်တတ်ပါသည်။ မိမိ၏ မော်နီတာနှင့် လိုက်လျောညီထွေရှိသော video mode ကို အသုံးပြုရန်အတွက် Control panel သို့ ဝင်ပြီး ပြန်လည် ပြင်ဆင်ပေးရပါမည်။ ထို့အတူ မော်နီတာ၏  refresh rate ကိုလည်း တစ်ဆင့်လျော့၍ ကြိုးစားကြည့်သင့်ပါသည်။ သို့သော် refresh rate များများလျော့မှ အဆင်ပြေမည်ဟုဆိုလျှင် မော်နီတာမှာ တစ်ချိန်လုံး မျက်တောင်ခတ်နေမည် ဖြစ်သည့်အတွက် ကြာကြာကြည့်လျှင် ခေါင်းကိုက်တတ်ပါသည်။ ဤပြဿနာ၏ အရင်းအမြစ်သည် မော်နီတာတွင်ရော ကွန်ပျူတာထဲက Video card တွင် ပါရှိနေနိုင်ပါသည်။ ယင်းတို့နှစ်ခုအကြား ကောင်းစွာချိန်ညှိမှု မပြုနိုင်သည့် အခါမျိုးတွင်လည်း ဤပြဿနာ ပေါ်တတ်ပါသည်။ ချို့ယွင်းချက်ရှိသည်ဟု ယူဆသော မော်နီတာကို video ကတ်ကောင်းသော ကွန်ပျူတာနှင့် တပ်ပြီးစမ်းပါ။ Video card ချို့ယွင်းချက်ရှိသည်ဟု ထင်သော ကွန်ပျူတာကို မော်နီတာ အကောင်းတစ်လုံးနှင့် တပ်ပြီးစမ်းပါ။ Video card ချို့ယွင်းချက်ရှိသည်ဟု ထင်သော ကွန်ပျူ တာနှင့် မော်နီတာအကောင်းကို တွဲစမ်းကြည့်၍ အဆင်ပြေသည် ဆိုပါက မိမိ၏ ပြဿနာကောင် မော် နီတာတွင် Synchronization circuit ချို့ယွင်းနေပါပြီ။ ချို့ယွင်းချက်ရှိသည်ဟု ထင်သော မော်နီတာကို Video card ကောင်းသော ကွန်ပျူတာနှင့် တွဲချိတ်ကြည့်၍ အဆင်ပြေသည်ဆိုပါက မိမိ၏ ပြဿနာကွန်ပျူတာတွင် video card ချို့ယွင်းချက်ရှိနေပါပြီ။ အကယ်၍ အထက်ပါ စမ်းသပ် မှုနှစ်မျိုးစလုံး မအောင်မြင်ပါက Video card အသစ်လဲပြီး စမ်းကြည့်ပါ။

ကွန်ပျူတာနှင့် တွဲထားသော LCD မော်နီတာ၌ မည်းနေသော သို့မဟုတ် လင်းနေသော အစက်အပြောက်အချို့ တွေ့ရပါသည်

LCD မော်နီတာတွင် အဖြစ်အများဆုံး ပြဿနာမှာ dead pixel သို့မဟုတ် Lit pixel ပေါ်ခြင်း ဖြစ်ပါသည်။ dead pixel ရှိသည်ဆိုပါက မော်နီတာဖွင့်ချိန်တွင် နေရာမရွေ့သော မည်သို့မှ အဝတ်ဖြင့် ပွတ်၍ ဖယ်ထုတ်ခြင်း မပြုနိုင်သော အမည်းစက်ကို အမြဲတွေ့နေရပါမည်။ Lit pixel ပေါ်သည်ဆိုပါ က မော်နီတာဖွင့်ချိန်တွင် အလားတူ အလင်းစက်တစ်စက်ကို တွေ့ရပါမည်။ အလင်းစက်သည် အစိမ်းရောင် သို့မဟုတ် အပြာရောင် သို့မဟုတ် အနီရောင် ရှိနိုင်ပါသည်။ ကျွန်မ၏ laptop တွင်ပေါ်နေသော Lit pixel မှာ အပြာရောင် ဖြစ်ပါသည်။ မိမိ၏ LCD သို့မဟုတ် Laptop ကွန်ပျူတာဝယ်စဉ်က Screen ပေါ်တွင် dead (or) Lit pixel ပေါ်ခြင်းနှင့် ပတ်သက်ပြီး အာမခံချက် ရှိပါသလား။ အချို့သော ထုတ်လုပ်သူများက ယင်းကိစ္စနှင့် ပတ်သက်ပြီး အာမခံချက်ပေးသည့်အတွက် အသစ်တစ်လုံး လဲလှယ်ပေးပါလိမ့်မည်။ ဤပြဿနာ မကြုံဖူးသူများအနေဖြင့် LCD သို့မဟုတ် Laptop ကွန်ပျူတာမဝယ်မီတွင် အာမခံကိစ္စ သေချာအောင် မေးမြန်း အတည်ပြုချက် ယူထားဖို့လိုပါမည်။ ထုတ်လုပ်သူက အခြားသူအား တာဝန်လွှဲထားလျှင် ဒေသဆိုင်ရာ ကိုယ်စားလှယ် သို့မဟုတ် လက်လီအရောင်းဆိုင်က ယင်းကိစ္စကို တာဝန်ယူရပါမည်။ မြန်မာပြည်ရှိ ကွန်ပျူတာဆိုင်အများစုမှာ လုံးလုံးလျားလျား ပျက်စီးသည့် ကိစ္စအတွက်သာ လဲလှယ်ပေးလိုစိတ်ရှိပြီး ချို့ယွင်းချက် အတန်အသင့်ရှိခြင်းကို တာဝန်ယူစိတ်မရှိကြပါ။ မဝယ်မီကတည်းက အာမခံကိစ္စကို သေချာအောင် မလုပ်ခဲ့လျှင် dead or lit pixel များကို စိတ်ကသိကအောက် အဖြစ်ခံပြီး ကြည့်နေရုံမှတစ်ပါး အခြားမရှိပါ။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page