လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Laptop တစ်လုံးကို ဝယ်သုံးတော့မှာလား

Posted by Unknown Tuesday, November 13, 2012 0 comments

ကိုယ်ပိုင် လက်ပ်တော့တစ်လုံး မရှိသေးလို့ပဲ ဖြစ်ဖြစ် ခေတ်အောက်လာတဲ့ လက်ပ်တော့ဟောင်း တစ်ခုကို ဆက်မသုံးလိုတော့ပဲ ဖြစ်ဖြစ်  လက်ပ်တော့ အသစ်တစ်လုံးကို ဝယ်သုံးတော့မယ် ဆိုရင် အလျင်စလို မဆုံးဖြတ်သေးဘဲ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်သင့်တယ်။ အထူးသဖြင့် ခုချိန်မှာ နည်းပညာသစ်တွေနဲ့ တည်ဆောက်ထားတဲ့ လက်ပ်တော့အမျိုးအစား ရွေးချယ်စရာ အခွင့်အလမ်းတွေ များပြားလှတဲ့ အတွက် ပထမဆုံး လက်ပ်တော့လောကကို အသေအချာ ရှုမြင်နိုင်ဖို့ လိုပါတယ်။ ဝယ်ယူ အသုံးပြုသူတစ်ဦး အနေနဲ့ အခြေခံ အချက်အလက် တော်တော်များများကို တွက်ဆပြီးမှ အဆုံးအဖြတ်ကို ရနိုင်လိမ့်မယ်။

Mac ကို သုံးချင်တာလား

လောလောဆယ်တော့ Mac Book အသစ်တွေ မထွက်သေးပါဘူး။ ဒါပေမဲ့ ဇွန်လမှာတော့ တန်းစီပြီး ထွက်လာနိုင်စရာ အကြောင်းရှိနေတယ်။ Intel ရဲ့ ပရိုဆက်ဆာ အသစ်စက်စက် lvy Bridge ကို တပ်ဆင်အသုံးပြုထားတဲ့ MacBook တွေ တန်းစီ ထွက်လာနိုင်တယ်။ အနည်းဆုံး MacBookAir တွေမှာ ပရိုဆက်ဆာကိုပဲ အဆင့်မြှင့်တင်ရင်း မော်ဒယ်အသစ်တွေ ထွက်လာနိုင်တယ်။ ထုံးစံအတိုင်း ၁၃ လက်မ/၁၅ လက်မ  Display အရွယ်အစားနှစ်မျိုးနဲ့ ခွဲခြား ထုတ်လုပ်လိမ့်မယ်။ ဒီနေရာမှာလည်း Apple အနေနဲ့ iPhone တို့ iPad တို့မှာ Retina displays ကြောင့် ပိုပြီး ပေါ်ပြူလာ ဖြစ်လာရတာကို အကြောင်းပြုပြီး လက်ပ်တော့တွေပေါ်မှာ Retina displays တွေ ဖော်လာနိုင်စရာ အကြောင်း ရှိနေပြန်ပါတယ်။ ဒီလိုပဲ Apple ရဲ့ လည်ပတ်စနစ် အသစ်ဖြစ်တဲ့  OSX Mountain Lion  ကလည်း ထူးကဲတဲ့ အင်္ဂါရပ်တွေနဲ့ အဆင့်ဆင့် ဖြစ်လာသေးတယ်။ Mac ကိုမှ သုံးချင်ပါတယ် ဆိုရင်တော့ မကြာမီလ ပိုင်းတွေမှာ မော်ဒယ်သစ်တွေ ထွက်လာစရာရှိတဲ့ အတွက် ဆန္ဒစောပြီး အဝယ်မလောဖို့ အရေးကြီးပါတယ်။ Apple ထုတ်ကုန်တွေက အခြားထုတ်ကုန်တွေထက် ဈေးနှုန်းကြီးမြှင့်တာ အမှန်ဖြစ်ပေ မယ့် ဈေးကွက်ရှယ်ယာ တိုးမြှင့် ရနိုင်စေဖို့ ဒီနေ့ခေတ်ပိုင်းထုတ် apple ပစ္စည်းတွေမှာ ဈေးနှုန်း တိုးတက်နိုင်ဆုံး ထိန်းပြီး သတ်မှတ်လာတာ တွေ့ရတယ်။ အခြေအနေ အားလုံးကို ခြုံကြည့်ရင် မဝယ်ရသေးရင် စောင့်ကြည့်လိုက်ပါလားလို့ အကြံပြုလိုတယ်။

အဆင့်မြင့်မြင့် ဝင်းဒိုးလက်ပ်တော့ကို သုံးချင်တာလား

ဝယ်ယူ အသုံးပြုလိုသူ အနေနဲ့ နာရီများများ ဘက်ထရီပါဝါနဲ့ သုံးစရာ မလိုပါဘူး။ အတော်အ သင့်ပိုပြီး လေးလံတာကိုလည်း ပြဿနာတစ်ရပ် အနေနဲ့ မထင်ပါဘူး။ စွမ်းအင်ပါဝါ ကောင်းကောင်း ဂရပ်ဖစ်စွမ်းအင်မြင့်မြင့်နဲ့ လက်ပ်တော့ တစ်လုံးကိုသာ အလိုရှိပါတယ် ဆိုတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ နောက်ဆုံးပေါ် ဂိမ်းတွေကို ကစားလိုတယ်။ ဒါမှမဟုတ် ဗီဒီယိုတည်းဖြတ်မှု လုပ်ငန်းတွေ လုပ်ကိုင်လိုတယ်ဆိုတဲ့ ဝယ်ယူ အသုံးပြုသူတစ်ယောက်အတွက် မကြာခင်ဈေးကွက်မှာ ပါဝါသုံး လက်ပ်တော့တွေ ထွက်ပေါ်လာပါလိမ့်မယ်။ 1920 × 1080 resolution ရှိပြီး ထောင့်ဖြတ်အရွယ်အစား ၁၇ လက်မ ရှိတဲ့ widescreen ပုံစံပြု display တွေနဲ့ အသုံးပြုခွင့်ရမှသာ ဂိမ်းရဲ့ ခံစားမှုရလဒ်တွေ အပြည့်အဝ ရနိုင်မှာဖြစ်သလို ဗီဒီယို တည်းဖြတ်မှု အတွက်လည်း ပိုပြီး အဆင်ပြေမှာ ဖြစ်တယ်။ သတင်းကောင်းတစ်ခုနဲ့ ပြောရရင် lvy Bridge ဆိုတဲ့ Intel ရဲ့ နောက်ဆုံးပေါ် ပရိုဆက်ဆာတွေနဲ့ Geforce 600 စီးရီးဝင် ဂရပ်ဖစ်ကတ်တွေ Radeon HD 7000 စီးရီးဝင်ဂရပ်ဖစ်ကတ်တွေ အသင့်တပ်ဆင်ထားတဲ့ လက်ပ်တော့တွေ ဈေးကွက်ထဲကို မကြာခင် အစီအရီ ရောက်လာတော့မှာ ဖြစ်တယ်။ ပါဝါလိုလားမှုတွေ အနေနဲ့ ဒီလိုလက်ပ်တော့တွေ ထွက်လာတဲ့ အထိ စောင့်သင့်ပါတယ်။

ပေါ့ပေါ့ပါးပါး ဒီဇိုင်းလှလှ ဝင်းဒိုးလက်ပ်တော့ကို လိုလားတာလား

လတ်တလော လက်ပ်တော့ ဝယ်ချင်ပါတယ်ဆိုတဲ့ သူက ဂိမ်းကစားဖို့သပ်သပ် လိုလားသူလည်း မဟုတ်သလို ဗီဒီယိုတို့ ဂရပ်ဖစ်တို့ကို တည်းဖြတ် လုပ်ကိုင်သူလည်း မဟုတ်ရင် ပရိုဆက်ဆာ ပါဝါမြင့်မြင့်တို့ သိုမှီးနိုင်တဲ့ ပမာဏကြီးကြီးတို့ မလိုအပ်ပါ။ ပေါ့ပေါ့ပါးပါး ဒီဇိုင်းလှလှနဲ့ စတိုင်ကျကျ အလွယ်တကူ သယ်ယူသွားနိုင်ပြီး အထွေထွေကိစ္စရပ်တွေ လုပ်ကိုင်နိုင်ရင်ပင် လုံလောက်ပြည့်စုံမှာ ဖြစ်တယ်။ နိစ္စဓူဝ web browsing လုပ်မယ်၊ သီချင်းနားထောင်မယ်၊ You Tube ကြည့်မယ်၊ စာရင်းဇယားတွေနဲ့ မှတ်တမ်းမှတ်ရာတွေ ပြုစုမယ်၊ ဘလော့ဂ်တွေမှာ ပါဝင်ဆင်နွှဲမယ် အားလုံးလုပ်ကိုင်ခွင့် ရစေမယ်။ အပူချိန် တက်မှုကိုလည်း ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းထားနိုင်ပြီး ပါဝါသုံးစွဲမှုလည်း လျော့နည်းစေဖို့ ပံ့ပိုးဆောင် ရွက်နိုင်တဲ့ lvy Bridge ပရိုဆက်ဆာတွေ တပ်ဆင်ပြီး ဒီဇိုင်းလှလှနဲ့ Ultrabook ဆိုတာတွေကို ဇွန်လကုန်လောက်ကစပြီး တအံ့တသြဖြစ်လောက်အောင် ဈေးကွက်ဝင်လာကြပါလိမ့်မယ်။

Windows 8 ကို စောင့်လိုသလား

Windows 8 ရဲ့ အရည်အချင်းတွေကို မြည်းစမ်းနိုင်ဖို့ Microsoft က ချထားပေးပြီး ဖြစ်တယ်။ ဒါပေမဲ့ တကယ်တမ်း ထုတ်လုပ် ရောင်းချလာတဲ့အခါ မြည်းစမ်းဖို့ ပေးထားတဲ့ အရည်အချင်းတွေထက် ပိုပြီးပြည့်စုံတဲ့ အနေအထားရှိလာမှာ အမှန်ဖြစ်တယ်။ Window 8 အနေနဲ့ အသုံးပြုသူတွေလက်ထဲကို အောက်တိုဘာ လကုန်လောက် အရောက်ပို့နိုင်မယ့် အခြေအနေ ရှိတယ်။ တချို့ကလည်း နောက်ဆုံးပေါ် ဝင်းဒိုးလည်ပတ်စနစ်နဲ့ အသင့်ဖြစ်နေတဲ့ လက်ပ်တော့မျိုးကို တမ်းတနေကြမှာ ဖြစ်တယ်။ တကယ်လို့များ လတ်တလော လက်ပ်တော့အသစ်ကို မဝယ်သေးလည်း အဆင်ပြေတယ်ဆိုရင်တော့ Intel ရဲ့ နောက်ဆုံးပေါ် ပရိုဆက်ဆာနဲ့ဖြစ်ဖြစ် AMD ရဲ့ နောက်ဆုံးထုတ် ပရိုဆက်ဆာနဲ့ဖြစ်ဖြစ် အသုံးပြုပြီး Windows 8 လည်ပတ်စနစ်အသစ်နဲ့ ထုတ်လုပ်ရောင်းချလာမယ့် လက်ပ်တော့ကို သည်းခံစောင့်ဆိုင်း သင့်ပါတယ်။

ဘတ်ဂျက်သမားလား

တကယ်လို့ လက်ပ်တော့ အသစ်တစ်လုံး ဝယ်ယူအသုံးပြုမယ်လို့ စဉ်းစားဆုံးဖြတ်သူက ဘတ်ဂျက်ကိုသာ ဦးစားပေးမယ်ဆိုရင်လည်း မကြာခင်လပိုင်းတွေမှာ အထက်က ညွှန်းဆိုလာတဲ့ လက်ပ်တော့ မော်ဒယ်အ သစ်တွေ ထွက်လာတဲ့အခါ လက်ရှိမော်ဒယ်တွေရဲ့ ဈေးနှုန်းတွေ လျှော့ချသွားကြမှာ ဖြစ်တာမို့ အဝယ်မလောသင့်ကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။

စမ်းဝေသူ

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page