လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဘာကြောင့် ကွန်ပျူတာ ပျက်ရသလဲ

Posted by Unknown Tuesday, November 13, 2012 0 comments
Photo

ကွန်ပျူတာနှင့် မကင်းနိုင်သူ တစ်ယောက် စိတ်အဆင်းရဲဆုံးအချိန်ကို ပြောပါဟုဆိုလျှင် ကွန်ပျူတာ ပျက်သည့် အချိန်ဟုပင် ဆိုရပါလိမ့်မည်။ ကွန်ပျူတာ အသုံးပြုသူအများစုမှာ A+ သင်တန်းများ သွား တက်ကြသော်လည်း  မိမိကွန်ပျူတာ အမှန်တကယ် ပျက်ပြီဆိုသည့်အခါ ဘယ်ကစပျက်မှန်း သိအောင် မလုပ်တတ်သူတွေက အများစုဖြစ်ပါသည်။ မော်နီတာပျက်သည်ကို ကွန်ပျူတာပျက်သည်ဟု ပြောသူတွေ ရှိသလို ပါဝါဆပ်ပလိုင်းပျက်၍ ကွန်ပျူတာ မပွင့်တော့သည်ကို ကွန်ပျူတာပျက်ပြီဟု ဆိုသူတွေလည်း ရှိပါသည်။ ကွန်ပျူတာပြင်ဆိုင်နှင့် ဆားဗစ်စင်တာတွေ အလွန်ပေါသော (၂၁) ရာစုနှစ် မြန်မာပြည်မှာ  မိမိစက် ပျက်ရုံနှင့် ခေါင်းစားဖို့မလိုပါ။ ဆိုင်မှာ သွားထိုးထားခဲ့ပြီး လာယူတော့ဆိုမှ အသင့်သွား ယူရုံ ဖြစ်ပါသည်။ ပျက်သော ကွန်ပျူတာကို စက်ပိုင်ရှင်၏ ရှေ့မှာ သတ္တိရှိရှိပြင်သော စက်ပြင်ဆရာ များများ စားစား မရှိသဖြင့် မိမိကွန်ပျူတာ ဘာကြောင့်ပျက်ရသည်၊ ဘာတွေဆင်ခြင်ရမည်ကို မသိလိုက်ကြပါ။

သို့ဖြစ်၍ ပျက်လိုက်၊ ဆိုင်ပို့လိုက်၊ ပြန်ယူလိုက် သံသရာထဲတွင် လည်နေကြပါသည်။ စာရေးသူ၏ ပတ်ဝန်းကျင်မှ ကွန်ပျူတာ သုံးစွဲသူများကို လက်လှမ်းမီသလောက် လေ့လာကြည့်သည့်အခါ စက်သက်တမ်း ကုန်၍ ပျက်သည်ထက် မိမိဘက်မှ ချို့ယွင်းချက်များကြောင့် ပျက်သည်ကို အတွေ့ရများပါသည်။ ပျက်မှပြင်သည်ထက်စာလျှင် ကွန်ပျူတာကို စနစ်တကျသုံးခြင်းက အပျက်အစီး နည်းစေသဖြင့် ပိုကောင်းပါလိမ့်မည်။ ပြင်ဆိုင်မှာ ၃ ရက်လောက် ထားရသဖြင့် အလုပ်ပျက်သော ဒုက္ခကို ကင်းဝေးစေ ပါလိမ့်မည်။ စက်ဆရာ အတွေ့အကြုံနည်းသဖြင့် မိမိဒေတာများ ဆုံးရှုံးသည့်သောကကို လျော့ပါးစေ ပါလိမ့်မည်။ ဒေါက်တာဖောမက်တို့ကြောင့် ဖြစ်ရမည့် ဒေါသကို ရှောင်ရှားနိုင်ပါလိမ့်မည်။ သို့ဖြစ်၍ ကွန်ပျူတာကို အပျက်အစီးနည်းအောင် စနစ်ဖြင့်မည်သို့ သုံးသင့်သည်ကို အကြံပြုပါမည်။ Desktop ကွန်ပျူ တာများအတွက် ရည်စူးသော်လည်း Laptop ကွန်ပျူတာများအတွက်လည်း ပါဝင်ပါသည်။ ကွန်ပျူ တာဆိုသည်မှာ စက်ပစ္စည်းမို့ သုံးလျှင်ပျက်မည်။ မသုံးပဲထားလျှင် မပျက်ဘူးပေါ့ဟု အငေါ်တူးချင်လည်း တူးနိုင်ပါသည်။ သုံးဖို့ဝယ်ထားသော ကွန်ပျူတာကို အဖုံးလှလှလေးအုပ်ပြီး မသုံးပဲထားလျှင် ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။ ထို့ကြောင့် ကွန်ပျူတာကို သုံးရပါမည်။ အောက်ပါအချက်များကို သတိထားပြီး သုံးရပါမည်။ ယင်းတို့မှာ

(၁) မီးအားအတက်အကျ ကိစ္စအတွက် စနစ်တကျ အစီအစဉ်ပြုလုပ်ထားပြီး သုံးခြင်း၊
(၂) အပူချိန်မျှတသော တနည်းပြောရလျှင် ကွန်ပျူတာအတွက် သင့်လျော်မည့်အပူချိန်တွင်ထားရှိပြီးသုံးခြင်း (၃) စိုထိုင်းသော နေရာတွင် ထားရှိပြီး မသုံးခြင်း၊
(၄) ကွန်ပျူတာအတွင်းပိုင်း ထိခိုက်နိုင်သော ဖုန်၊ သဲ၊ မီးခိုးတို့အား ဂရုစိုက်ခြင်း၊
(၅) မိမိနားမလည်ပဲ ကွန်ပျူတာအတွင်းပိုင်း ပစ္စည်းများအား ဖြုတ်ခြင်း၊ တပ်ခြင်း၊
(၆) ကွန်ပျူတာ သုံးစွဲနေစဉ် ရွေ့လျားမှု မဖြစ်အောင် ဂရုစိုက်ခြင်း၊
(၇) ကွန်ပျူတာ အလုပ်လုပ်မှုကို အနှောင့်အယှက်ပေးသော လျှပ်စစ်သံလိုက်လှိုင်းများကို ဂရုပြုခြင်း စသည်တို့ ဖြစ်ပါသည်။

မြန်မာပြည်တွင် ကွန်ပျူတာကို ပျက်စေသည့် အဓိကတရားခံသည် လိုင်းမီးဖြစ်ပါသည်။ ထို့ကြောင့် ကွန်ပျူတာ ဝယ်လာပြီဆိုကတည်းက မီးအားအတက်အကျ ကိစ္စကို ကြိုတင် စဉ်းစားထားရပါမည်။ မီးအား အတက်အကျကို မီးအားမြှင့်စက်ကသော် လည်းကောင်း၊ ဗို့အား ထိန်းညှိစက်ကသော်လည်းကောင်း၊ မီးဆောင့်တက်မှု တားပေးသည်ဆိုသော ဆော့ကတ်များကသော်လည်းကောင်း လုံလောက်အောင် တားဆီးမပေးနိုင်ပါ။ မီးအားတက်၍ ထိုစက်များက ဖြတ်ချပေးသည့်အခါ ပါဝါမရတော့သည့် ကွန်ပျူတာ ဒုက္ခရောက်ရပါတော့မည်။ ထို့ကြောင့် ကွန်ပျူတာဝယ်လျှင် Desktop ဝယ်သည်ဖြစ်စေ၊ Laptop ဝယ်သည်ဖြစ်စေ UPS  အမျိုးအစားကောင်းလေး တစ်လုံးတော့ ဝယ်စေချင်ပါသည်။ Desktop  ကွန်ပျူတာကြီးများအတွက်  UPS  စဉ်းစားမည်ဆိုလျှင် အနည်းဆုံး 1250VA ရှိသော စက်ကြီးများကို စဉ်းစားသင့်ပါသည်။

Power factor သဘောအရ 1250VA စက်ကိုဝယ်ပါမှ 750 Watt အသုံးကို နိုင်နင်းစွာ ထိန်းသိမ်းပေးနိုင်ပါမည်။ ယနေ့သုံးစွဲနေသော dual core 3Gb, Graphic card PCIE 1Gb နှင့် DVD / Bluray ပါသော ကွန်ပျူတာကြီးများ၏ ဝပ်အားသုံးစွဲမှုမှာ 500 Watt  မှ အထက်တွင် ရှိနိုင်သောကြောင့် ဖြစ်ပါသည်။  Laptop ကွန်ပျူတာဆိုလျှင် 650 VA ဝပ်ထွက်အနေဖြင့် ဆိုလျှင် 390Watt လောက် UPS  သုံးနိုင်ပါသည်။ မည်သည့်အရွယ်အစား Laptop  အတွက်မဆို လုံလောက်ပါသည်။ Laptop မှာ ဘက်ထရီတပ်သုံးလျှင် ရနေပါလျက်နှင့် UPS လိုပါသလားဟု မေးငြားအံ့ လိုပါသည်ဟု ဖြေပါမည်။ လိုင်းမီးကြောင့်ဖြစ်လာသော မီးအားအတက်အကျကို Laptop တွင် တပ်ထားသော ဘက်ထရီက ဖြေရှင်းမပေးနိုင်ဘဲ UPS ကသာ ဖြေရှင်းပေးနိုင်သောကြောင့် ဖြစ်ပါသည်။

ကွန်ပျူတာ အသက်တိုအောင် ပြုလုပ်သော ဒုတိယအချက်မှာ အပူချိန် မြင့်မားခြင်း ဖြစ်ပါသည်။ ကျွန်မတို့ ကွန်ပျူတာသုံးစွဲသော ကနဦးပိုင်းကာလများဆီက ဆိုလျှင် Desktop  ကွန်ပျူတာကြီးများကို လေအေးစက် တပ်ဆင်ထားသော အခန်းကြီးများတွင်ထားရှိ အသုံးပြုကြပါသည်။ ထိုစဉ်က စက်များမှာ အပူကြောက်လွန်းသည်ဟု ထင်ပါသည်။ လေအေးပေးစက် ပျက်သည်နှင့် မော်နီတာပေါ် တွင် ပေါ် ချင်ရာပေါ်ပြီး ပျောက်ချင်ရာပျောက် ဘဝသို့ ရောက်ကြပါသည်။ ယနေ့ခေတ်  ကွန်ပျူတာများမှာ  အအေးခံသည့်စနစ် အလွန်ကောင်းလာပါသည်။  heatsink ထားရှိခြင်း၊ Thermal paste ဖြင့် အပူစွန့်ထုတ်မှု ကောင်းစေခြင်း၊ Desktop ကွန်ပျူတာများထဲတွင် အနည်းဆုံး ပန်ကာ ၃ လုံးမှ အထက်ရှိခြင်း စသည်တို့ကြောင့် အပူလွန်ကဲပြီး စက်ကြောင်ခြင်းမျိုး တွေ့ရခဲပါသည်။

သို့သော် နေရာကျဉ်းကျဉ်းနှင့် အလုပ်ဖြစ်အောင် တည်ဆောက်ထားရသော Laptop  ကွန်ပျူတာများမှာ အပူဒဏ်ကို များစွာမခံနိုင်ပါ။ ထို့ကြောင့်မည်သည့် အချိန်သုံးသုံး အောက်မှ ပန်ကာခံပြီး သုံးသင့်ပါသည်။ Laptop  ထဲတွင်အပူဒဏ် အခံရဆုံးအပိုင်းမှာ CPU ဖြစ်ပါသည်။ သူ့နောက်တွင် Hard disk ရှိပါသည်။ ဆော့ဖ်ဝဲဖြင့် တိုင်းတာ ကြည့်ချက်အရ CPU သည် ပတ်ဝန်းကျင် အပူချိန် မြင့်မားသည့်အခါ 60ံC မှ အထက်ထိ အပူတက်ကြောင်း တွေ့ရပါသည်။ Hard disk ၏ အပူချိန်မှာ 34-40ံC အထိ ရှိနိုင်ပါသည်။  ယင်းမှာ အတိအကျမှန်သည်ဟု မဆိုနိုင်သော်လည်း အထိုက်အလျောက် မှန်ပါလိမ့်မည်။ ထို့ကြောင့် နွေရာသီ နေ့လည်ခင်းအချိန်များတွင် မလွှဲသာမရှောင်သာ Laptop သုံးရမည်ဟု ဆိုပါက ကျွန်မအနေဖြင့် စက်အောက်မှ ပန်ကာခံပြီး သုံးသည်သာမက စက်နှင့် တစ်တန်းတည်းနေရာ ၅ ပေလောက်မှ ခွာပြီး ပန်ကာကြီးဖြင့်လည်း မှုတ်ပေးထားပါသည်။

သို့တိုင်အောင် ပတ်ဝန်းကျင်က ပူလောင်နေသဖြင့် စက်သုံးပြီး ၂ နာရီကျော်လောက်တွင် ကွန်ပျူတာမှာ အတော်ပူလာကြောင်း တွေ့ရပါသည်။ ထို့ကြောင့် Desktop ဖြစ်စေ၊ Laptop ဖြစ်စေ ပူအိုက်သောရာသီ၊ ပူအိုက်သောနေရာတွင် ထားပါက လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခြင်း၊ ပန်ကာလေအေးပေးခြင်း၊ ဖြစ်နိုင်လျှင် လေအေးစက်ခြင့်သုံးခြင်းတို့ ပြုလုပ်သင့်ပါသည်။ ကွန်ပျူတာ အသက်ရှည်ပါမည်။ ကွန်ပျူတာကို အသက်တိုစေသော အကြောင်းအရာထဲတွင် ဖုန်လည်း ပါဝင်ပါသည်။ ယနေ့ခေတ်တွင် မည်သည့် ကွန်ပျူတာကိုမဆို လေလုံရာ၊ ဖုန်မဝင်ရာ အခန်းထဲမှာထားပြီး မသုံးကြတော့သဖြင့် ဖုန်ကိစ္စမှာ အရေးကြီးလာပါသည်။ ဖုန်ဒဏ်အခံရဆုံးမှာ Laptop ကွန်ပျူတာ များ ဖြစ်ပါသည်။ ဖုန်က လေဝင်ပေါက်များ ပိတ်စေပါသည်။ ပန်ကာတွင် ဖုန်ထုတက်စေပါသည်။ ဖုန်ထူခြင်းကြောင့် စက်၏အပူချိန်တက်လာပါမည်။ ကွန်ပျူတာ အသက်တိုပါမည်။

Laptop ကွန်ပျူတာအတွင်းပိုင်း ဖွင့်ခြင်းမှာ ဝရန်တီနှင့် အကျုံးဝင်နိုင်ခြင်းကြောင့်လည်းကောင်း၊ မိမိကိုယ်တိုင် အတွေ့အကြုံ များများစားစား မရှိနိုင်သဖြင့်လည်းကောင်း သက်ဆိုင်ရာ ဆားဗစ်စင်တာ သို့သာ ပို့ပြီး သန့်ရှင်းရေးကိစ္စ ဆောင်ရွက်သင့်ပါသည်။ စက်သန့်ရှင်းရေး လုပ်သင့်သည့်အချိန် မှာ ဆောင်းရာသီမှစ၍ သုံးသောစက်ကို နွေလလယ်များတွင် သန့်ရှင်းရေးပြုလုပ်ခြင်း ဖြစ်ပါသည်။ Desktop ကွန်ပျူတာက ဖွင့်ရလွယ်သဖြင့် မိမိဖာသာ သန့်ရှင်းရေး လုပ်နိုင်ပါသည်။ စုတ်တံအပြား (hardbrush) ဖြင့် အစိတ်အပိုင်းများမှ ဖုန်များ၊ ပန်ကာက ဖုန်များကို အသာအယာသုတ်ချပြီး ဖယ်ရှားသန့်စင်နိုင်ပါသည်။ CPU  ပေါ်တွင်ရှိသော ပန်ကာ သန့်ရှင်းရေးကိုမူ ကျွမ်းကျင်မှ သာ ပြုလုပ်သင့်ပါသည်။ ဖုန်၏ ဒုက္ခပေးမှုကို ထပ်ဆင့်မြှင့်တင်ပေးမည်မှာ ရေငွေ့ဖြစ်ပါသည်။ ရေငွေ့ကြောင့် ကွန်ပျူတာထဲတွင် ဝင်နေသော ဖုန်များသည် အလွန်ခွာရခက်သော ဂျိုးများအဖြစ်သို့ ကူးပြောင်း သွားစေပါသည်။

ထို့ကြောင့် ရေငွေ့များနိုင်သော နေရာအနီး (အထူးသဖြင့် မီးဖိုဆောင်) တွင် ကွန်ပျူတာမသုံးသင့် ပါ။ ရေစက်ရေငွေ့ဝင်နိုင်သော နေရာတွင် ကွန်ပျူတာမသုံးသင့်ပါ။ မြက်ခင်း၊ မြေကြီးစသည်တို့ပေါ်တွင် လည်း ကွန်ပျူတာ Laptop ကို ချပြီး မသုံးသင့်ပါ။ ထို့ပြင် ကွန်ပျူတာသုံးစွဲသူများ အမှတ်တမဲ့ ပြုလုပ်လေ့ ရှိသည့် အချက်မှာ ကွန်ပျူတာ လည်ပတ်နေစဉ်တွင် စက်ကို တွန်းရွှေ့ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် Desktop Casing ကို ပို၍ တွန်းရွေ့ကြပါသည်။ ဖွင့်ထားသော ကွန်ပျူတာထဲတွင် လည်ပတ် အလုပ်လုပ်နေသည့် hard disk ရှိပါသည်။ ထို့ကြောင့် မည်သည့်ကွန်ပျူတာကိုမဆို စက်ဖွင့်ထားစဉ်တွင် တွန်းမရွှေ့သင့်ပါ။ အခန့်မသင့်လျှင် စက်ပျက်စီးနိုင်ပါသည်။ တွန်းရွှေ့ဖို့ပင်လျှင် အန္တရာယ်ရှိပါက စက်လွတ်ကျခြင်း၊ လေးလံသော ပစ္စည်းတစ်ခုခု စက်ပေါ်ကျခြင်းတို့မှာ အန္တရာယ်ရှိကြောင်း သိပါလိမ့်မည်။ ထိုမျှလောက် အရေးမကြီးသော်လည်း သတိထားသင့်သည်မှာ လျှပ်စစ်သံလိုက်လှိုင်း၊ လွှင့်ထုတ်သော ပစ္စည်းများနှင့် ကပ်၍ ကွန်ပျူတာကို ရေရှည်အသုံးမပြုသင့်ခြင်း ဖြစ်ပါသည်။ လျှပ်စစ်သံလိုက်လှိုင်း လွှင့်သော ပစ္စည်းများတွင် ရေခဲသေတ္တာ၊ တီဗီ၊ UPS တို့ ပါဝင်ပါသည်။ ယင်းပစ္စည်းများနှင့် အနည်းဆုံး ၂ ပေမှ အထက်ခွာ၍ အသုံးပြုသင့်ပါသည်။

ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page