လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Photoshop CS6 ၏ ထူးခြားချက်များ

Posted by Unknown Tuesday, November 13, 2012 0 comments

ဓာတ်ပုံ တည်းဖြတ်သည့် ဆော့ဖ်ဝဲလေးငါးမျိုး ရှိသော်လည်း ဓာတ်ပုံဆရာတိုင်း ဓာတ်ပုံဆိုင်တိုင်း လက်လွှတ်၍ မရသည့် ဆော့ဝဲမှာ  Photoshop ဖြစ်ပါသည်။ ယခုလည်း ၂၀၁၂ ခုနှစ် ဧပြီလကုန်ပိုင်းတွင် Photoshop CS6 version အသစ် ထွက်လာပြန်ပါပြီ။ မေလအဆန်းပိုင်းတွင်  မြန်မာပြည်ရှိ ဆော့ဝဲဆိုင် အတော်များများတွင် ယင်းဆော့ဝဲကို ဝယ်ယူရရှိနိုင်ပါသည်။ Crack မတည်ငြိမ်သေးသဖြင့် အင်တာနက် ချိတ်ဆက်ထားမှု မရှိသော ကွန်ပျူတာများတွင်သာ သုံးစွဲရန် အကြံပြုထားပါသည်။ Photoshop CS6 တွင် ပထမဆုံး ထူးခြားလာသည်မှာ user interface အသစ် ဖြစ်ပါသည်။ tool box အစ menu နှင့် palette များအဆုံး အားလုံးကို အရောင်အသွေး ရင့်ရင့်ဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဓာတ်ပုံများကို ပိုမိုပေါ်လွင် ထင်ရှားစေရန်ဟု Adobe က ဆိုသည်။ ဤအပြောင်းအလဲသည်ပင်လျှင် Photoshop အား တစ်အူတုံဆင်း ဆော့ဝဲများဖြစ်သည့် Lightroom နှင့် Photoshop element တို့ထက်စာလျှင် အမြင်အာရုံ၌ ပို၍ တည်ငြိမ်မှုပေးပါသည်။ ပင်ရင်း default interface ကို မနှစ်သက်ပါက Preference ထဲဝင်၍ brightness value ကို အလိုရှိသလို ပြောင်းလဲပေးနိုင်ပါသည်။ Photoshop CS6 တွင် Adobe သည် Mercury Graphic Engine အသစ်ကို ပွဲထုတ်လာပါသည်။ Processor အပေါ် အလွန်မှီခို၍ အလုပ်လုပ်သော Liquify, Puppet Warp နှင့် Transform စသော လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စေရန် အတွက်ဟု ဆိုပါသည်။
သို့သော် အသစ်ပါဝင်လာသည့် Background save နှင့် Auto recovery တို့သည် Photoshop Crash ဖြစ်သွားသည့် အချိန်တွင် လုပ်လက်စ လုပ်ငန်းစဉ်များကို အမှန်တကယ် အကာအကွယ်ပေးနိုင်ရန် လိုအပ်နေပါသေးသည်။ Photoshop CS6 သည် CS5 မှာထက်စာလျှင် ထူးခြားပြီး အဆင့်မြင့်ရှုပ်ထွေးသော စွမ်းဆောင်ရည် အများအပြား ပါဝင်လာပါသည်။ ကျွန်တော်တို့ မသုံးမဖြစ် သုံးစွဲရသော Cropping နှင့် Patch tool များတွင် ထူးခြားဆန်းသစ်မှု များစွာရှိလာပါသည်။ Content Aware move သည် ယခုမှ ပါလာသော စွမ်းဆောင်ရည် အသစ်စက်စက် ဖြစ်ပါသည်။ စိတ်ဝင်စားစရာ အကောင်းဆုံးမှာ Blur gallery ဖြစ်သည်။ Filter menu အောက်တွင်ရှိသော Blur gallery အဟောင်းတွင် ပါဝင်သည့် Gassian Blur၊ motion blur၊ Smart blur အပါအဝင် Blur effect ဆယ်မျိုးကျော်သည် လုံလောက်မှုရှိပြီဟု ကျွန်မတို့ ယူဆခဲ့ကြပါသည်။ အသစ်ပါဝင်လာသော Blur tool များအနက်မှ Tilt-shift blur သည် အလယ်မှပုံရိပ်ကို ထင်း၍ကျန်နေစေပြီး ယင်း၏ ဘယ်ဘက်ညာ ရှေ့၊ နောက် စသည်တို့တွင် ဝေးရာဘက်သို့ တဖြည်းဖြည်းတိုး၍ မှုန်ဝါးသွားစေသော ရလဒ်ကို ပေးပါသည်။ Iris Blur က မိမိသတ်မှတ်သော အလယ်ခေါင် ဘဲဥပုံ နေရာတစ်ခုကို ဆုံချက်မိ၍ ပြတ်သားအောင် ချန်ထားခဲ့ပြီး ကျန်အစိတ်အပိုင်းများကို မှုန်ဝါးပေးနိုင်သော အစွမ်းသတ္တိရှိသည်။ Field blur ကမူ ပုံရိပ်တစ်ခုလုံး၌ လိုအပ်သလို အလိုက်သင့် မှုန်ဝါးစေနိုင်သော အစွမ်းသတ္တိ ရှိသည်။
ပုံရိပ်တစ်ခုအတွင်းရှိ သီးခြားနေရာများကို သီးခြား Blur Value များဖြင့် မှုန်ဝါးစေနိုင်ခြင်းမှာ ယခင် Photoshop များတွင် မတွေ့နိုင်သော စွမ်းရည်ဖြစ်သည်။ အဆိုပါ Blur tool 3 မျိုးလုံးကို ပေါင်းစပ် အသုံးပြုနိုင်သည့်အပြင် Blur ကို အတည်ပြုခြင်း မရှိသေးမီတွင် preview ကြည့်နိုင်ခြင်းမှာလည်း ထူးခြားပါသည်။ အသစ်ပါဝင်လာသော စွမ်းဆောင်ရည်များထဲတွင် Wide angle lens adjustment, skintone, Aware selection, Auto adjustment တို့ ပါဝင်သည့်အပြင် Photoshop ထဲ၌ မည်သည့်အခါကမှ ထည့်သွင်းပေးခဲ့ဖူးခြင်း မရှိသည့် Video editing tool များကိုပါ တွေ့မြင်နိုင်ပါသည်။ Crop tool  ၏ ထူးခြားချက်ကို ကြည့်မည်ဆိုလျှင် မူလအချိုးအစားမပျက် (Aspect ratio) အတိုင်း ဖြတ်တောက်ခြင်း၊ မိမိနှစ်သက်သလို ဖြတ်တောက်ခြင်းတို့ သာမက ဓာတ်ပုံဆရာများ အသုံးပြုသည့် rule of thirds နှင့် Golden ratio တို့အတိုင်း ဖြတ်တောက်လာနိုင်ပါသည်။ rule of thirds သုံးပြီး ဖြတ်တောက်နိုင်ခြင်းမှာ ACD see ဆော့ဖ်ဝဲများ၌ အသုံးပြုသည်မှာ ကြာလှပါပြီ။ Photoshop ၌ ယခုမှသာ မြင်ရခြင်း ဖြစ်ပါသည်။ ထို့အပြင် ယခင် Photoshop များမှာကဲ့သို့ပင် မိမိစိတ်ကြိုက် ပုံရိပ်အရွယ်အစားနှင့် resolution ကို ကြိုတင်သတ်မှတ် ပေးထားပြီး ယခင် Preset များဖြင့် ပုံရိပ်ပြတ်တောက်ခြင်းကိုလည်း အသုံးပြုနိုင်ပါသေးသည်။ ပုံရိပ်ပြတ်တောက်ခြင်း၌ ထူးခြားချက်မှာ non-destructive ဖြစ်လာပါသည်။
ရှင်းအောင်ပြောရလျှင် မူရင်းပုံရိပ်ကို သိမ်းပေးထားပြီး ဖြတ်တောက်လိုက်သည့် ပုံရိပ်ကို ပုံရိပ်သစ်အဖြစ် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိဆန္ဒရှိလျှင် cropping လုပ်ငန်းစဉ် အသစ်တစ်ခုကို ပြန်၍ ပြုလုပ်နိုင်ပါသည်။ Content Aware technology မှာမူ CS5 မှာကတည်းက စတင်မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ယင်းနည်းပညာကို ဆက်လက် ချဲ့ထွင်လာရာ ယင်းသည် Move နှင့် Patch လုပ်ငန်းစဉ်များထဲ၌ပင် ပါဝင်ပတ်သက်လာပါသည်။ Content Aware ဆိုသည်မှာ ပုံတွင်းရှိ အရာဝတ္တုတစ်ခုကို ဖယ်ရှားလိုက်သည့်အခါ သို့တည်းမဟုတ် ပုံပြောင်းလိုက်သည့် အခါ ဖြစ်လာသည့် နေရာကွက်လပ်ကို Photoshop က တွက်ချက်ပြီး ပုံစံမပျက် ပြန်ဖြည့်ပေးသည့် နည်းပညာကို ဆိုလိုပါသည်။ Photo editing software တစ်ခုထဲတွင် video editing tool ထည့်ပေးလာခြင်းမှာမူ အံ့အားသင့်စရာ အကောင်းဆုံးဟု မြင်မိပါသည်။ ယင်း tool ဖြင့် video ကားပိုင်းတိုများကို လိုအပ်သလို ဖြတ်ထုတ်ခြင်း၊ ပေါင်းစည်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကားအကူးအဆက် နေရာများတွင် transition effect များ ထည့်နိုင်သည့်အပြင် title များလည်း ထည့်သွင်းနိုင်သည်။ ရုပ်ရှင်နှင့် ရုပ်သေများကို လိုအပ်သလို ရောနှော၍ ဗီဒီယို ဇာတ်လမ်းပိုင်းများအဖြစ် ဖန်တီးနိုင်ပါသေးသည်။ ဤသို့ ပြုလုပ်နိုင်သည့်နေရာမှာ မိမိနှင့်ယဉ်ပါးပြီး ဖြစ်နေသည့်  Photoshop workspace ဖြစ်နေခြင်းကပင် ရင်ခုန်ဖွယ်ကောင်းလှပါသည်။ Photoshop version မြှင့်သည့်အခါတိုင်း အဆင့်မြင့်လာတတ်သည့် အရာမှာ Adobe camera Raw (ACR) ဖြစ်ပါသည်။ CS6 တွင် ACR 7 ပါဝင်လာပါသည်။
processing Engine အသစ်ကို အသုံးပြုထားသည့်ပြင် tone-mapping မှာပို၍ တိုးတက်ကောင်းမွန်လာပါသည်။ ထို့ကြောင့် RAW ဖြင့် ရိုက်ကူးသော ဓာတ်ပုံများရှိ Shadow နှင့် highlight နေရာများ၌ ချို့ယွင်းမှုကို ပြန်လည် ဆယ်တင်ရာတွင် ပို၍ကောင်းမွန်သော ရလဒ်ကို ရရှိစေပါသည်။ Raw ပုံရိပ်ကို ပြုပြင်ရာ၌ ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်စေရန် Adjustment Brush ကိုလည်း ထည့်သွင်းပေးထားပါသည်။ ယင်း Brush သည်ပင်လျှင် ပုံရိပ်၏ တစ်စိတ်တစ်ဒေသကို ကွက်၍ White balance ချိန်နိုင်ခြင်း noise လျှော့ချနိုင်ခြင်းနှင့် လှိုင်းထသော မျက်နှာပြင်ကို ပြုပြင်ခြင်း စသည်တို့အား လုပ်ဆောင်နိုင်စေပါသည်။ ACR 7 တွင် ပါဝင်လာသော တိုးတက်မှုများမှာ Lightroom 4 တွင် ပါဝင်သော အရည်အသွေးနှင့် ထပ်တူထပ်မျှဖြစ်၍ ပိုပြီးထူးဆန်းလာသည်ဟု မဆိုနိုင်ပါ။ Lightroom 4 တွင် ပါဝင်လာသော editing tool များမှာလည်း အဆင့်မြင့်ပြီး ရှုပ်ထွေးလာသည်ဖြစ်၍ ရုပ်ထွက်ကောင်းအောင် ချိန်ညှိသည့် လုပ်ငန်းစဉ် သက်သက်အတွက် Photoshop ကို လိုအပ်မည် မဟုတ်တော့ပါ။ Lightroom တွင် မရနိုင်သော effect များ Layer ကိုင်တွယ်မှုများ၊ ခြယ်သမှုများအတွက် ဆိုလျှင် ဈေးသက်သာသော Photoshop element 10 ကို ပြောင်းသုံးနိုင်ပါသည်။ ခြုံငုံပြီး သုံးသပ်ရမည်ဆိုလျှင် Adobe Photoshop CS6 သည် လုံးလုံးလျားလျား အသစ်နီး ပါးဖြစ်အောင် ပြင်ဆင်ရေးဆွဲထားပြီး လုံလောက်သော အရည်အသွေး မြှင့်တင်မှုများလည်း ပါဝင်လာ ပါသည်။ အသစ်ဖြစ်လာသော Blur gallery က ကြောက်မက်ဖွယ်ရာ အစွမ်းထက်သည်။
Content Aware technology သုံး၍ မိမိပုံရိပ်ထဲမှ မလိုလားအပ်သည်တို့ကို သေသပ်စွာ ဖယ်ဖျောက်နိုင်ခြင်းကလည်း နှစ်သက်ဖို့ ကောင်းပါသည်။ Video tool က စွမ်းရည်ပြည့် video editor အား ပစ်ပယ်နိုင်လောက်အောင် အစွမ်းမထက်သော်လည်း ပေါ့ပေါ့ပါးပါး ဗီဒီယိုအလုပ်လုပ်လိုသူ ဓာတ်ပုံဆရာအတော်များများအတွက် အသုံးတည့်ပါလိမ့်မည်။ ACR7 တွင် ပါဝင်သော Shadow နှင့် highlight အပိုင်းကို ကွက်၍ ပြင်ဆင်ခြင်းမှာ ပုံရိပ်တစ်ခုလုံး၏ brightness နှင့် contrast ကို မထိခိုက်သဖြင့် ချီးကျူးသင့်ပါသည်။ အသစ်ပါလာသည့် Tool များမှအပ Photoshop တွင် နဂိုပါဝင်နေကျ Tool များမှာမူ ထူးထူးခြားခြား အရည်အသွေး တိုးတက်လာသည်ကို မတွေ့ရပါ။ Adobe Camera Raw နှင့် ပတ်သက်လာလျှင်လည်း တိုးတက်သည်ဟု ဆိုနိုင်သော်လည်း ယခုနောက်ဆုံးထွက် ကင်မရာတို့တွင် သုံးသည့် RAW ဖိုင်များကို ဖွင့်လှစ်တည်းဖြတ်နိုင်ဖို့ ဆောင်ရွက်ရပါဦးမည်။ CS6 ကို သုံးသည့်အတွက်  hardware ပိုင်းဆိုင်ရာ တောင်းဆိုချက် မြင့်မားလာခြင်းလည်း ရှိပါသည်။ ဓာတ်ပုံဆရာ သို့မဟုတ် ဒီဇိုင်းပညာနှင့် လုပ်ကိုင်စားသောက်ရသူဆိုလျှင် Photoshop CS6 သည် မရှိမဖြစ် အသုံးဝင်သော လက်နက်ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သာမန်အဆင့် အသုံးပြုလိုသူများ၊ သာမန်အဆင့်ဖြင့် လုပ်ကိုင်စားသောက်နေရသူများ အတွက်ဆိုလျှင် CS3 နှင့် CS4 တို့သုံးလျှင် လုံလောက်နေပြီ ဖြစ်ပါသည်။

နောင်စိုး (ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page