လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Intel ၏ တတိယမျိုးဆက် Ivy Bridge ကွန်ပျူတာများ

Posted by Unknown Tuesday, November 13, 2012 0 comments
Intel  Processor ကုမ္ပဏီမှ တတိယမျိုးဆက်ဖြစ်သည့် Mobile Ivy Bridge Processor  များကို စတင် ဖြန့်ချိခွင့်ပြုလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း Processor Chip အသုံးပြုထားသည့် Laptop များလည်း စတင်ထွက်ရှိလာသည်။ လာမည့် လအနည်းငယ်အတွင်း Ivy Bridge Laptop Model အသစ်များစွာ ထွက်ရှိလာမည်ဟု ခန့်မှန်းနိုင်သည့်အပြင် Nvidia နှင့် AMD တို့ကဲ့သို့ Graphic Processor ကုမ္ပဏီများကလည်း ၎င်းတို့၏ Graphic Unit မော်ဒယ်အသစ်များနှင့် လိုက်လျောညီထွေစွာ  မွမ်းမံထုတ်လုပ်ကြမည်။ ၎င်းမျိုးဆက် ကွန်ပျူတာ မော်ဒယ်အသစ်များတွင် RAM 8GB ခန့်က စံတစ်ခုအနေဖြင့် ထည့်သွင်းလာဖွယ်ရှိပြီး SSD သို့မဟုတ် Hard disk နှစ်မျိုးသုံး မော်ဒယ် များ ဖြစ်လာနိုင်သည်။ အဆိုပါ Ivy Bridge Processor များတွင် Inel ၏ နောက်ဆုံးပေါ် နည်းပ ညာဖြစ်သည့် Tri-Gate 3D transistor technology က အသုံးပြုထားသည်။ ယင်းနည်း ပညာ ပေါ်ထွန်းလာခြင်းသည်  Microprocessor များ တီထွင်မှု သမိုင်းကို တစ်ခေတ် ဆန်းသစ်စေခဲ့ကြောင်း Intel က ထုတ်ဖော်ပြောကြားသည်။
၎င်း၏ ယခင်မော်ဒယ် 32 Nanometer Process ဖြင့် တည်ဆောက်ထားသည့်  Quad Core Sandy Bridge Processor တစ်လုံးတွင် Transistor ပေါင်း ၉၉၅ သန်းခန့် ပါရှိသည်။ ယခု မော်ဒယ်အသစ် Quad Core Ivy Bridge Processor တစ်လုံးတွင် 22 Nanometer ထိ လျော့ချကာ Transistor သန်းပေါင်း ၁၄၀၀ ကျော်ထိ ပါရှိသည်။ အရွယ်အစားအားဖြင့်လည်း နဂို  216 Square mm  ရှိရာမှ ယခု 160 Square mm ထိအောင် သေးကျုံ့သွားသည်။ အရွယ်အစား သေးငယ်သွားခြင်းသည် ပဓာနမကျလျှင်ပင် Transistor အရေအတွက် များစွာ ပိုမိုပါဝင်လာခြင်းက  တွက်ချက်မှု စွမ်းရည်ကို များစွာ သာလွန်ကောင်းမွန်လာစေ သည်။ Ivy Bridge Processor များသည် တွက်ချက်မှုစွမ်းရည် ပိုမိုမြင့်မားလာသည်သာမက ယခုထွက်ရှိလာသည့် Mobile Version Quad Core Processor များသည် ပါဝါသုံးစွဲမှု  ၂၀ ရာခိုင်နှုန်း ပိုမိုသက်သာသည်။
နောက်ထပ်မံထုတ်လုပ်မည့် Ultra Low Voltage Processor များတွင် ပို၍သက်သာမည်။ ထို့ပြင် အဆိုပါ  Processor များတွင် Graphic Processing အတွက် Intel  HD 4000 နှင့် Intel HD 2500 ဟူ၍ သီးသန့်တွက်ချက်မှုစနစ် ပါဝင်သည်။ ယခင်က AMD နှင့် Nvidia Graphic  Processor များနှင့်သာ အသုံးပြုနိုင်သည့် Direct-X 11 ကို  Support ပြုလုပ်နိုင်သည်။ HD 4000 ပါဝင်သော Chip  မော်ဒယ် အမျိုးအစားသည် ၅၀ ရာခိုင်နှုန်းအထိ သော်လည်းကောင်း HD 2500 ပါဝင်သော မော်ဒယ် အမျိုးအစားသည် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ သော်လည်းကောင်း အသီးသီး စွမ်းဆောင် ရည် မြင့်လာမည်။ Multi Display အသုံးပြုနေသူများ အတွက်လည်း သတင်းကောင်းအဖြစ် လက်ရှိ Display နှစ်ခု တစ်ပြိုင်တည်း အသုံးပြုနိုင်ရာမှ Display သုံးခု တစ်ပြိုင်တည်း အသုံးပြုနိုင် လာတော့မည်။ ဈေးကွက်အတွင်း အဆိုပါ Intel ၏ တတိယမျိုးဆက် Ivy Bridge ကွန်ပျူတာများကို Processor Series 3XXX အမည်များဖြင့် အလွယ်တကူ ခွဲခြားသိရှိနိုင်သည်။
ယခုထွက်ရှိလာသည့် Quad Core-i Processor များကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော  ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံသော ကွန်ပျူတာများအဖြစ် ရှုမြင်ထားနိုင်သကဲ့သို့ လာမည့် ဇွန်လတွင် ၎င်းတို့ထက် ပိုမို Power အသုံးပြုမှု သက်သာသည့် Dual Core-i Processor များလည်း ဆက်လက် ထွက်ရှိလာမည်။  ပထမဆုံးအသုတ် ထွက်ရှိလာသည့် Ivy Bridge Processor အသုံးပြုထားသည့် Laptop  မော်ဒယ်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါသည်။ Acer မှ V3 Series အဖြစ် ၁၄ လက်မနှင့် ၁၅.၆ လက်မ Screen Size အရွယ်အစားရှိ Laptop Model နှစ်မျိုးကို ထုတ်လုပ်လိုက်ပါသည်။ နှစ်မျိုးစလုံးတွင်  2.3 GHz Core i7-3610QM Processor ကို အသုံးပြုထားပြီး 8GB RAM, Nvidia GeForce GT 640M graphics (2GB DDR3) နှင့် 750 GB HDD တို့ ပါရှိ သည်။ ဈေးနှုန်းကို သင့်တင့်စွာ သတ်မှတ်ထားပြီး ၁၄ လက်မ မော်ဒယ်အတွက် စင်ကာပူဒေါ်လာ ၁၁၉၈ ဖြစ်သည်။  Asus တွင် N-Series Laptop များကို ၁၄ လက်မ ၁၅.၆ လက် မနှင့် ၁၇.၃ လက်မ အရွယ်အစားများဖြင့် တွေ့ရသည်။ ၁၇.၃ လက်မအရွယ် N76VZ သည် External Subwoofer ပါဝင်ပြီး  Nvidia GeForce GT 650M (2GB DDR3) Graphic Accelator ကို အသုံးပြုထားကာ Full HD LED Display (1920 x 1080) ဖြစ်သည်။ 
၁၅.၆  လက်မအရွယ် N56VZ တွင် တူညီသော Graphic Accelator နှင့် (1366 x 768) Display  အသုံးပြုထားသည်။ နောက်ဆုံး ၁၄ လက်မအရွယ် N46VZ တွင် စွမ်းဆောင်ရည် အနည်းငယ်လျော့သည့် GeForce GT635 M ကို အသုံးပြုထားသည်။ ၎င်း Series မော်ဒယ်အားလုံးတွင် Intel Core i7-3610 QM (2.3 GHz) porcessor QM (2.3 GHz) porcessor ကို အသုံးပြုထားသည်။ ထို့ပြင် Asus မှ သာမန် Multimedia ဖျော်ဖြေရေးအသုံးအတွက် K45VM (၁၄ လက်မ) နှင့် K55VM (၁၅.၆ လက်မ) မော်ဒယ် နှစ်မျိုးကိုလည်း  ထပ်မံ ထုတ်လုပ်ထားသည်။ GeForce GT 630 M Graphics နှင့် 1366 x 768 Display ကို အသုံးပြုထားကာ Intel Corei7- 3610QM  (2.6GHz) Processor ကိုပင် အသုံးပြုထားသည်။ ယခင်ထွက်ရှိထားသည့် Ultrabook Series များထဲမှ တချို့သော  မော်ဒယ်များ ကိုလည်း Ivy Bridge Processor ဖြင့် မွမ်းမံတပ်ဆင်ကာ Update မော်ဒယ်အဖြစ် လာမည့် ဇွန်လခန့်တွင် ထုတ်လုပ်မည်ဟု သိရသည်။
ကိုငယ်လေး(မန္တလေး)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page