လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Sony Internet TV

Posted by Unknown Tuesday, November 13, 2012 0 comments

ဘာလိုလိုနဲ့ Television (TV) တွေ ပေါ်ထွန်းလာတာ ၁၉၂၇ ခုနှစ် ဝန်းကျင်က ဆိုတော့ ဒီကနေ့ တွက်ကြည့်ရင် နှစ်ပေါင်း ၈၅ နှစ် တိုင်ခဲ့ပါပြီ။  စိန်ရတုကို ကျော်လွန်လို့ ဆယ်စုခေတ်တစ်ခု တိုင်ခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ လူအများကြည့်ရှုနိုင်တဲ့ ရုပ်မြင်သံကြား ထုတ်လွင့်မှုဟာလည်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့မြောက် ပိုင်း  Victorium Alexundra Palace မှာ ရှိတဲ့ BBC ရုပ်သံလွှင့်ရုံကနေ ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က စတင်နိုင်ခဲ့တာကြောင့် ဒီကနေ့အထိ တွက်ကြည့်မယ် ဆိုရင် နှစ်ပေါင်း ၇၆ နှစ် တိုင်ခဲ့ပါပြီ။ အဲဒီနေ့ကနေ ဒီကနေ့အကြားမှာ ပြောင်းလဲတိုးတက်မှုတွေဟာလည်း အများကြီးပါပဲ။ ရိုးရိုးအဖြူအမည်း ရုပ်သံစက်တွေကနေ ၁၉၅၄ ခုနှစ်ရောက်တော့ ရောင်စုံရုပ်သံစက် Color TV တွေ ပေါ်ထွန်းလာတယ်။ အဲဒီအထိ ထုထည်ကြီးကြီးမားမား အလေးချိန်စီးစီး CRT ရုပ်သံစက်တွေ ဖြစ်နေတုန်းပေါ့။ ၁၉၈၆ ခုနှစ် ဝန်းကျင်မှာ ပြားပြားချပ်ချပ် Thin Film transitor (TFT) LCD display တွေ စတင် ပေါ်ပေါက်လာတယ်။ CRT TV ကြီးတွေရဲ့ ဇာတ်သိမ်းခန်း အစပေါ့။ ၁၉၉၅ ခုနှစ် ဝန်းကျင်မှာ Full Color Plasma display တွေ ပေါ်လာတယ်။ ၂၀၀၃ ခုနှစ် ဝန်းကျင်ရောက်တော့ လျှပ်စစ်အား အလွန်သက်သာပြီး သဘာဝကျ စိုပြည်တဲ့ ရောင်စုံ ထုတ်ပေးနိုင်တဲ့ Active Matrix Organic LED (AMOLED) display တွေ ပေါ်ထွန်းလာတယ်။
ထို့နည်းလည်းကောင်းပဲ။ ရုပ်သံထုတ်လွင့်မှုမှာ Analog စနစ်သုံးရာကနေ ဒီကနေ့ နိုင်ငံအတော်များများမှာ digital ထုတ်လွှင့်ရေး စနစ်ကို ကူးပြောင်းကုန်ကြပြီ။ အမေရိကန်မှာဆိုရင် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက Analog ထုတ်လွှင့်မှု စနစ်အားလုံးကို ရပ်ဆိုင်းပြီး digital ထုတ်လွှင့်မှု စနစ်ကို လုံးဝ ကူးပြောင်းသွားခဲ့ပြီ။ ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံတွေမှာတော့ ဒီနှစ် ၂၀၁၂ ခုနှစ်ထဲမှာ digital စနစ်ဆီ အပြီးကူးပြောင်းဖို့ အစီအစဉ် ချထားပြီ။ တခြားနိုင်ငံတွေကို အသာထားလိုက်ပါဦး။ ရုပ်မြင်သံကြား ထုတ်လွှင့်ရေးစနစ်ကို သူများတကာ နိုင်ငံတွေထက် နှစ်ပေါင်း ၄၆ နှစ် ကြာပြီးမှ စတင်နိုင်ခဲ့ တဲ့ မြန်မာနိုင်ငံမှာတောင် ရုပ်သံထုတ်လွှင့်ရေး စနစ်တွေဟာ digital ထုတ်လွှင့်ရေးစနစ်ကို စတင် ကူးပြောင်းနေပြီ။ MRTV 4 အခပေးစနစ်နဲ့ ထုတ်လွှင့်တဲ့ Digital Channel တွေနဲ့  MWD က ထုတ်လွှင့်တဲ့ digital channel တွေကို ကြည့်တာနဲ့ သိသာပါတယ်။ အခုပြောနေတာ အားလုံးဟာ ရေဒီယို ကြိမ်နှုန်း ခွင်တစ်ခုကို သုံးပြီး လေလှိုင်းထဲက ထုတ်လွှင့်တဲ့ on-the-air အစီအစဉ်တွေကို ပြောနေတာ။ သူ့ရဲ့သဘာဝက ထုတ်လွှင့်သူရဲ့ တစ်နေ့တာ တစ်ပတ်တာ ချိန်ကိုက်ရေးဆွဲထားတဲ့ broadcaster's schedules အတိုင်း ကြည့်နေရတာ။ ရုပ်သံကြည့် ပရိသတ်ခမျာ ရွေးပိုင်ခွင့် မရှိဘူး။ ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုကို သတ်မှတ်ထားတဲ့ ထုတ်လွှင့်ချိန်တွင်း မီအောင်ကြည့်ရင်ကြည့် လွတ်သွားရင်တော့ မတတ်နိုင်ဘူးပေါ့။ အရမ်းကြိုက်တယ်၊ လက်လွတ်မခံလိုဘူး ဆိုရင်လည်း digital video recorder (DVR) စက်တွေနဲ့ Timer ချိန်ကိုက် ဖမ်းယူထားပြီး နောက်တော့မှ ပြန်ဖွင့်ကြည့်ပေါ့။ နောက်ဆုံး ထွက်လာပြီး hot ဖြစ်နေတဲ့ ရုပ်ရှင်ကားကို ကြည့်ချင်ပေမယ့် ထုတ်လွှင့်သူက ဇာတ်ကား အဟောင်းတွေပဲ ထုတ်လွှင့်ပြသနေတယ် ဆိုရင်လည်း ပရိသတ်မှာ ရွေးချယ်စရာ အခွင့်အရေး မရှိဘူး။ ထုတ်လွှင့်သူ သနားမှ ပရိသတ်မှာ ကြည့်ရမယ့်အဖြစ် passive viewing ဖြစ်နေတယ်။

အင်တာနက် မြန်နှုန်းမြင့်တဲ့ နိုင်ငံတွေမှာတော့ ဒီဒုက္ခတွေဟာ တစ်ခါက တစ်ဘဝ ဖြစ်ကုန်ပါပြီ။ On-the-air ဆိုတာ ကိုယ်နဲ့ လက်လှမ်းမီတဲ့ ဧရိယာထဲက ရုပ်သံထုတ်လွှင့် အစီအစဉ်တွေကိုပဲ ဖမ်းယူနိုင်ကာ အင်တာနက်ပေါ်က ဆိုရင် တစ်ကမ္ဘာလုံးမှာ ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေကို ဖမ်းယူကြည့်ရှုလို့ ရတယ်။ ပြီးခဲ့တဲ့ တစ်ပတ်စာလောက်က ထုတ်လွှင့်တဲ့ အစီအစဉ်တွေကို ပြန်ရှာပြီး ကြည့်လို့ရတယ်။ ရုပ်ရှင်ဇာတ်ကား ဆိုရင်လည်း လတ်တလော အသစ်ထွက်လာတဲ့ ရုပ်ရှင်တွေကို ကြည့်မလား။ လွန်ခဲ့တဲ့ အနှစ်လေးငါးဆယ်က Oldies တွေကို ကြည့်မလား၊ သီချင်းဆိုရင်လည်း ဒီလိုပဲ။ အဲသည်လိုတွေ ဖြစ်လာပြီ။ စိတ်ကြိုက်ရွေးချယ် ကြည့်ရှုလာနိုင်ပြီ။  BBC iPlayer, ITV Player, YouTube, LoveFilm, Demand 5, iTunes, BT Vision, Sky TV, Boxee Box, Virgin Media, MSM Video Player, YouView, 4OD, Vimeo, Blinkbox အစရှိသဖြင့် အခကြေးငွေ ပေးပြီး ကြည့်ရတဲ့ on-demand provider တွေ ပေါ်ထွက် လာနေပြီ။
ဒီအခွင့်အရေးတွေ အပြည့်အဝ ခံစားနိုင်ဖို့ နည်းပညာ အဆင့်မြင့်မြင့်နဲ့ ထုတ်လုပ်ထားတဲ့ Internet TV တွေလည်း လိုအပ်လာပါတယ်။ အင်တာနက် ဆက်ကြောင်း ချိတ်ဆက်ထားတယ်ဆိုရင် အိမ်မှာနဂိုရှိပြီးသား TV ကို Laptop တစ်လုံး ကြားခံပြီး ကြည့်လို့ရတယ် ဆိုပေမယ့် ဒီအတွက် သီးသန့် ရည်ရွယ် ထုတ်လုပ်ထားတာ မဟုတ်လို့ အရည်အသွေးပိုင်းဆိုင်ရာမှာ ပြည့်ပြည့်ဝဝ ခံစားနိုင်မှာ မဟုတ်ပါဘူး။ အင်တာနက်ပေါ်က ခံစားကြည့်ရှုလိုသူတွေဟာ တစ်နေ့တခြား များပြားလာနေပါ တယ်။ ဖြည့်ဆည်းပေးသူ on-demand provider တွေကလည်း တနေ့တစ်ခြား များပြား လာနေတော့ ဈေးကွက်ကြီးကလည်း တနေ့တခြား ကြီးမားတဲ့ ဈေးကွက်ကြီး ဖြစ်လို့ လာနေတယ်။ Display Technology မှာ နာမည်ကြီးတဲ့ Sony ကုမ္ပဏီအနေနဲ့ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ Television ဆိုတာဘာလဲလို့ ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုရမယ့် Sony Internet TV မျိုးဆက်သစ်တွေကို ပွဲထုတ်လိုက်ပါပြီ။ HX Series မှာ HX 925 ဆိုပြီး ထွက်ရှိလာတဲ့ ထောင့်ဖြတ် ၅၅ လက်မ/၄၆ လက်မ အရွယ်အစား ၂ မျိုး ထုတ်လုပ်ထားပြီး အကောင်းဆုံး ပုံထွက် အရည်အသွေး ပေးနိုင်ဖို့ Sony ရဲ့ သတ္တမမျိုးဆက် X-Reality Pro Picture Engine နည်းပညာ ထည့်သွင်းထားပါတယ်။ ဒီနည်းပညာရဲ့ ထူးခြားမှုကတော့ 1080p Blu-ray Dic movies တွေပဲဖြစ်ဖြစ်၊ resolution နိမ့်တဲ့ web video တွေကိုပဲ ကြည့်ကြည့် input signal ကို source type analysis နဲ့ pixel signal pattern analysis ခွဲခြမ်းစိတ်ဖြာပြီး pixelတစ်ခုချင်းရဲ့ width, height and time ဆိုတဲ့ 3D အနေအထားကို အလိုက်သင့် ပြုပြင်စီမံပေး လိုက်တာကြောင့် အရည်အသွေး အကောင်းဆုံး ရုပ်ထွက်ပုံရိပ်တွေ ဖြစ်လာစေပါတယ်။
Input Signal တွေဟာ High defination (HD) လား၊ HD ကို highly compress ဖိသိပ်ချုံ့ထားတဲ့ Video files တွေလား၊ Standard defination (SD) ကို HD အဖြစ် upscaling လုပ်ထားတဲ့ဟာလား၊ SD ရိုးရိုးပဲလား၊ resolution အရမ်းနိမ့်ထားတဲ့ IPTV (Web video) တွေလားဆိုတာ အမျိုးအမည် ခွဲခြား source type analysis လုပ်ပြီး pixel pattern တွေကို အကောင်းဆုံး အနေအထားရအောင် ပြုပြင်ပေး တာကြောင့် ဒီလောက် ကောင်းရတာပါ။ လှုပ်ရှားမှု မြန်ဆန်တဲ့ ပုံရိပ်တွေကို အမြန်နှုန်း လိုက်မမီလို့ ပြတ်တောက် ထစ်ငေါ့မှု မရှိဘဲ ရုပ်ထွက်ညက်နေအောင် တစ်စက္ကန့် Frame 800 အထိ တိုးမြင့်ပုံဖော်ပေးနိုင်တဲ့ Motionflow XR 800 နည်းပညာ၊နောက်ခံအလင်း backlit LED တွေကို ပုံရိပ်ရဲ့ pattern အနေအထားအပေါ် မူတည်ပြီး အမှောင်ဧရိယာများရမယ့် အပိုင်းတွေမှာ လုံးဝမှိတ်ပေးထားနိုင်တဲ့ multi segmented arrangement သို့မဟုတ် Local dimming လုပ်ပေးနိုင်စွမ်းရှိတဲ့ Intelligent Peak LED နည်းပညာသုံး တကယ့်အလင်းရောင် မရောတဲ့ deep black အနက်ရောင် စစ်စစ် ဖြစ်ပေါ်စေနိုင်တာကြောင့် dynamic contrast ratio မှာ  10,000,000 : 1 တို့ ဘာတို့ထက် အဆများစွာ သာလွန်ပြီး တိုင်းတာ မရနိုင်လောက်တဲ့ beyond the limits of measurement အနေအထား တိုးမြင့်သွားစေပါတယ်။ NX Series မှာတော့ NX 720 ကို 60", 55", 46", 40" အရွယ်အစားစုံ ထုတ်လုပ်ထားပြီး X RealityTM Engine, Fun HD 3D, Dynamic Edge LED Backlist, Opticontrast, Motion FlowTM Pro 200, Bravia internet video skypeTM Ready, Integrated Wi-Fi, Media Remote အစရှိတဲ့ ထူးခြား Feature များ ထည့်သွင်းထားပြီး NX520 ကတော့ ထောင့်ဖြတ် ၃၂ လက်မ အရွယ်အစား ထုတ်လုပ်ထားပြီး ၂ မျိုးစလုံးဟာ ဘေးဘောင်မပါ မျက်နှာပြင် တစ်ညီတစ်ညာတည်း စင်းလုံးချောနေတဲ့ ပါးပါးလျလျ Monolithic Design နဲ့ ဖြစ်ပါတယ်။ EX Series မှာတော့ EX 720 (40", 60") EX 520 (46", 40", 52") EX 320 (32") ဆိုပြီး ခွဲခြားထုတ်လုပ်ထားပြီး games နဲ့ movie တွေကို သက်ဝင်လှုပ်ရှားစေတဲ့ Full HD 3D သဘာဝကျ စစ်မှန်တဲ့ အရောင်အသွေးနဲ့ ရုပ်ထွက်ပေးစွမ်းမယ့် X-RealityTM Engine အပါးလွှာဆုံးနဲ့ တောက်ပမှု အပေးဆုံး Edge LED backlit နည်းပညာများ ထည့်သွင်းထားပါတယ်။

CX Series မှာတော့ CX 520 (40", 32") အဖြစ် ထုတ်လုပ်ထားပြီး ထူးခြား Features များကတော့ X-RealityTM Engine နဲ့ Presence Sensor နဲ့ ကြည့်သူ မျက်နှာသွင်ပြင် အနေအထား၊ အကွာအဝေး အနေအထားတွေပေါ်မှာ အလိုက်သင့် အလင်းအတိုးအလျော့ လုပ်ပေးနိုင်တဲ့စနစ်၊ ကြည့်သူ TV ရှေ့က ထသွားလျှင် အလိုအလျောက် ပိတ်ပေးပြီး ပြန်ရောက်လာလို့ နေရာမှာ ပြန်ထိုင်တာနဲ့ အလို အလျောက် ပြန်ဖွင့်ပေးနိုင်တဲ့ Smart power saving စနစ်များ ထည့်သွင်းပေးထားပါတယ်။

BX Series မှာတော့ BX 420 ကို ထောင့်ဖြတ် 40" အဖြစ် ထုတ်လုပ်ထားပြီး BX 320 ကိုတော့  32", 26", 22" များအဖြစ် ထုတ်လုပ်ထားပါတယ်။ ထူးခြား Features တွေကတော့ noise free scenes တွေ ကို တွေ့မြင်စေရမယ့် Intelligent picture plus ပုံရိပ်ပြတ်သားမှု အားကောင်းအောင် ပြုပြင် လုပ်ဆောင်ပေးမယ့် Digital Noise Reduction နဲ့ Frame ဘောင်ပါးပါးကနေ bass သံပြင်းပြင်း ထုတ်လုပ်ပေးနိုင်တဲ့ စပီကာတွေ ထည့်သွင်းပေးထားပါတယ်။ Sony Internet TV model အားလုံးဟာ 1920 x 1080 Full HD 16:9 ပုံစံတွေဖြစ်ပြီး Viewing Angle 120° အထိ ဘေးတစ်စောင်း အကြည့်ခံပါတယ်။ Bravia's Internet browser တပ်ဆင် ပေးထားတာကြောင့် အင်တာနက်ထဲ ဝင်ရောက် ချိတ်ဆက်ရာမှာ လွယ်ကူမြန်ဆန် ရိုးရှင်းမှု ရှိစေပြီး online content တစ်ခုကို ကြည့်ရှုနေရင်း Twitter, Facebook တွေပေါ်တတ်ပြီး အဲဒီ Content မှာပါတဲ့ အကြောင်းတွေကို အချင်းချင်း မျှဝေ ခံစားပြီး ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်လို့ရစေပါတယ်။ Skype ထည့်သွင်းပေးထားတာကြောင့် built-in microphone ပါတဲ့ Sony camera ကလေး တပ်ပြီး Voice or video call လုပ်လို့ ရစေပါတယ်။ Broadcaster Schedules အတိုင်း ထုတ်လွှင့်သမျှလေးပဲ ကြည့်ရတဲ့ Passive viewing အဆင့်ကနေ  Anywhere, Anytime ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာက ကြိုက်တဲ့ အစီအစဉ်ကို ရွေးချယ်ကြည့်ရှုပြီး တစ်ကမ္ဘာလုံးက မိတ်ဆွေသူငယ်ချင်းတွေနဲ့ နီးနီးကပ်ကပ် TV အတူတူ ထိုင်ကြည့်နေရတယ်လို့ ခံစားရစေမယ့် Interactive viewing အဆင့်ကို တက်လှမ်းပေးမယ့် Sony Internet TV များ ဖြစ်ကြောင်း ပါခင်ဗျာ။

စိုင်းတင့်ထူး

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page