လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Mobile Application လား Mobile Web လား

Posted by Unknown Tuesday, November 13, 2012 0 comments
စီးပွားပျက်ဒဏ်ကို အပြင်းအထန် ခံစားရသည့် ၂၀၀၈ ခုနှစ်၌ စီးပွားရေးလောကထဲ တွင် ငွေ ကုန်ကြေး ကျများမည့် အသုံးအစွဲများ အတန်ပင် လျှော့ချသည်။ သို့သော်  Mobile Application သုံးစွဲမှုမှာ သူ့ရှေ့ကနှစ်ထက်စာလျှင် ၁၄၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ဈေးကွက် သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သော www.marketsandmarket.com ၏ သုတေသနပြုချက်အရ ယင်း Application တို့အား download ဆွဲယူမှုပေါင်း တစ်ဘီလျံခန့်ရှိကြောင်း သိရပါသည်။ ယင်းဈေးကွက်သည် နှစ်စဉ် ၃၀ ရာခိုင်နှုန်းခန့် တိုးလာဖွယ်ရှိပြီး ၂၀၁၅ ခုနှစ်လောက် အရောက်တွင် ဒေါ်လာ ၂၅ ဘီလျံ ဈေးကွက်အဖြစ် ကြီးထွားလာမည်ဟု Marketsandmarkets က မှန်းဆပါသည်။

တိုးတက်မှုနှုန်းက အံ့မခန်း ဖြစ်သော်လည်း Mobile  Application များသည် Mobile Software နယ်ပယ်၏ အစိတ်အပိုင်းတစ်ရပ်မျှသာ ဖြစ်ပါသည်။ သူတို့လောက်နီးနီး အရေးပါသည်မှာ Mobile Web ဟု ဆိုနိုင်ပါသည်။ Mobile Web ဆိုသည်မှာ Ultramoblile devices များ အထူးသဖြင့် မိုဘိုင်းဖုန်းများပေါ်တွင် အွန်လိုင်း Application သုံးစွဲနိုင်အောင် လိုက်လျောညီထွေ သုံးစွဲနိုင်အောင် ပြုပြင်ထားသော Website များပင်တည်း။ အင်တာနက်ကို စာသားများဖြင့်သာ ရှာဖွေသုံးစွဲနိုင်သော ခေတ်ဦးဆီကပင် Mobile Web တို့ ရှိနေခဲ့ဖူးသည်။ သို့သော် Graphic များဖြင့် ဝေဆာလှသော ယနေ့ခေတ် Website များသည်ကား မိုဘိုင်းဖုန်းများအတွက် ဆွဲဆောင်အား ကောင်းလှပါသည်။ သို့ဖြစ်ရာ Website ရေးဆွဲသူများရော သုံးစွဲသူများအဖို့တွင်ပါ မိုဘိုင်းဖုန်းများပေါ်တွင် Mobile Application ဘက် လိုက်မည်လား။ Mobile Web ဘက်သွားမည်လား ဆိုသည်မှာ ဆုံးဖြတ်ရခက်သော ကိစ္စ ဖြစ်လာပါသည်။

သုံးစွဲသူဘက်မှ ကြည့်မည်ဆိုလျှင် လမ်းနှစ်သွယ်မှ တစ်ခုခုကို ရွေးချယ်ရာတွင် အသုံးပြုသူအနေဖြင့် သတင်းအချက်အလက်များအား မည်မျှအထိ လုံခြုံမှုရှိစေလိုသည်။ ထိုသူ အသုံးပြုသောပစ္စည်း (အထူးသဖြင့်ဖုန်း) သည် ကြိုးမဲ့ ဆက်သွယ်မှုဖြင့် မည်မျှလောက်ထိ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်သည် စသော အချက်များကို ထည့်သွင်း စဉ်းစားဖို့လိုပါလိမ့်မည်။ ယေဘုယျအားဖြင့်မူ ဖုန်းတွင်ထည့်၍ အသုံးပြုသော Application များက သုံးစွဲရာတွင် ပို၍ အဆင်ပြေ ကောင်းမွန်သော်လည်း ယင်းတွင် OS အခြေခံကို ထည့်သွင်း စဉ်းစားရသောကိစ္စ ရှိပါသည်။ ယနေ့ခေတ် မိုဘိုင်းဖုန်းများတွင် အနည်းဆုံး iOS, Android နှင့် Windows Mobile စသော စက်လည်ပတ်စနစ် အနည်းဆုံး ၃ မျိုး လောက်ထဲမှ မည်သည်ကို သုံးမည်ဆိုသည့် ကိစ္စအား စဉ်းစားရန် လိုအပ်ပါမည်။

Android တစ်မျိုးတည်းအား ပုံသေထား၍ စဉ်းစားမည်ဆိုသည့်တိုင် Laptop ပေါ်တွင် သုံးနိုင်သော Android က ပုံစံတစ်မျိုး မိုဘိုင်းဖုန်းပေါ်တွင် သုံးနိုင်သော Android က တစ်မျိုး ကွဲလွဲနေ သည်ကို တွေ့ရပါမည်။ သို့ရာတွင် Mobile Web မှာမူ တစ်ဘာသာ ဖြစ်ပါသည်။ တော်တည့် မှန်ကန်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ဆိုပါက မိုဘိုင်းဖုန်း အားလုံးပေါ်တွင် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်မည့်အပြင် data အများစုကို Mobile Device ထဲတွင် ထားရှိမည် မဟုတ်သည့်အတွက် ပို၍ လုံခြုံမှု ရှိပါသည်။ သို့သော် Mobile Web ကို သုံးမည်ဆိုလျှင် Connection အထူး အားကောင်းရန် လိုအပ်ပါမည်။ ထို့ပြင် ယနေ့ခေတ် Mobile device များ ပေါ်တွင် အသုံးပြုနေသော browser အမျိုးမျိုးအပေါ်တွင် Mobile Web Application များက တူညီစွာ အလုပ်လုပ်မပေးသော ပြဿနာလည်း ရှိနေပါသေးသည်။ Mobile Web ကို အသုံးပြုသည့်အခါ Mobile device အပေါ် မူတည်၍ အသင့်လျော်ဆုံး အနေအထား ရောက်အောင် ညှိယူ၍ မရနိုင်သည်ကိုလည်း သတိချပ်ရပါမည်။ တစ်ဖက်ကို ကြည့်ပြန်လျှင် Mobile Application များသည် အသုံးပြုရာတွင် ပိုမို မြန်ဆန်မှု ရှိသည်။ ပို၍လည်း စွမ်းအားကောင်းပါသည်။ Mobile Web ထဲမှ Application များထက်စာလျှင် ပိုမိုရှုပ်ထွေးသော လုပ်ငန်းဆောင်တာများကိုလည်း လုပ်ဆောင်နိုင်စွမ်း ရှိပါသည်။ ဖုန်းထဲမှ Application များသည် ကြိုးမဲ့ရေဒီယို ဆက်သွယ်မှု အပေါ်တွင် များစွာအမှီမပြုသောကြောင့် ပါဝါ စားသုံးမှု ပိုနည်းပါသည်။

ထို့ကြောင့် ဘက်ထရီကို ပို၍ အသုံးခံစေပါသည်။ ထို့ပြင် တစ်ချိန်ကဆိုလျှင် Web Application အား Screen မျက်နှာပြင်ပေါ်တွင် တို့ထိ၍ မသုံးနိုင်ဘဲ Mobile Device အတွင်းမှ Application တို့ကိုသာ ဤသို့ သုံးစွဲနိုင်သောသဘော ရှိပါသည်။ ယနေ့အချိန်တွင် ဤအခြေအနေသည် အလုံးစုံမမှန်တော့ဟု ဆိုနိုင်သော်လည်း ဖုန်းအတွင်းရှိ Call နှင့် SMS Management Application များကို Web Application ဖြင့် စီမံခန့်ခွဲရန် လုံးဝ ဖြစ်နိုင်မည်မဟုတ်ပါ။ Mobile OS Platform ကိုကြည့်လျှင်လည်း အထင်ကရအားဖြင့် ၈ မျိုးသာ ရှိပြီး ၅ မျိုးမှာ လူသုံးများပါသည်။ ထို့ကြောင့် လက်ရှိ ဈေးကွက် အနေအထားကို ကြည့်၍ Mobile Application များကို ရွေးချယ် သုံးစွဲမည်ဆိုလျှင်လည်း ဖြစ်နိုင်ပါသည်။

သုံးစွဲသူများဘက်သို့ ကြည့်ပြီးလျှင် Software developer များဘက်သာ ကြည့်ကြပါမည်။ ၂၀၁၁ ခုနှစ်အတွင်း၌ IDC အုပ်စု (www.idc.com) ၏ လေ့လာဆန်းစစ်ချက်အရ iPhone Application ရေးဆွဲလိုသော developer 91 ရာခိုင်နှုန်းရှိပြီး iPad Application ရေးဆွဲလိုသော devleoper ၈၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရပါသည်။ Android Phone Application ရေးဆွဲလိုသူမှာ ၇၄ ရာခိုင်နှုန်း ရှိနေပါသည်။ HTML 5 သုံးပြီး Mobile Web ရေးဆွဲလိုသူမှာ ၆၆ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရပါသည်။ အခြားသော Mobile OS တို့အတွက် Application ရေးဆွဲလိုသူတို့မှာ ၃၀ ရာခိုင်နှုန်းမှ အောက်တွင်သာ ရှိပါသည်။ Mobile Web ရေးဆွဲလိုသူ အရေအတွက် အလယ်အလတ်သာရှိရခြင်းမှာ Mobile Application နှင့် Mobile Web တို့အကြား မည်သည့်ဘက်တွင် လိုအပ်ချက် တိုးတက်မြင့်မားလာမည်ကို စောင့်ကြည့်နေသောကြောင့် ဖြစ်ပါသည်။ သို့သော် Mobile Application ရေးဆွဲရေးမှာ ပထမဦးစားပေး အဆင့်တွင်သာ ရှိနေဦးမည်ဟု IDC ၏ အစီရင်ခံစာအရ သိရပါသည်။

Device အတွင်းရှိ Application များနှင့် Mobile Web ပေါ်ရှိ Applciation များအကြား ကွာခြားချက်မှာ တဖြည်းဖြည်းနှင့် မမြင်သာအောင် ရှိလာကြောင်း idc က ထောက်ပြပါသည်။ Twitter သည် အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ပါသည်။ လူမှုကွန်ရက်အတွက် အသုံးပြုသော Application များသည် မိုဘိုင်းဖုန်းပေါ်တွင် အထိုင်ချ၍ အလုပ်လုပ်နိုင်မည်မှာ မှန်သော်လည်း အချိန်နှင့် တစ်ပြေးညီ update များ ရရှိရန်ကိစ္စနှင့် Server များနှင့် အလျဉ်မပြတ် ချိတ်ဆက်နေနိုင်ရေး ကိစ္စတို့အတွက်မူ Cloud (Web) မှ နေ၍ ဆောင်ရွက်သော Application များက အားသာချက်ရှိပါသည်။ အထိုင်ချသုံးသော Mobile Application များကို ကြိုက်နှစ်သက်ကြမည်မှာ မှန်သော်လည်း အလျဉ်မပြတ် update လုပ်ရန် လိုအပ်ချက်ကလည်း ရှိလာဦးမည်ဖြစ်ရာ နောက်ဆုံးထွက်လာမည့် အဖြေမှာ နှစ်မျိုးလုံးသုံးနိုင်က ပိုကောင်းသည်ဟူ၍ ဖြစ်နိုင်ပါသည်။ ၂၀၁၁ ခုနှစ် ကုန်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုရှိ မိုဘိုင်းဝန်ဆောင်မှု ပေးသူများက data မည်မျှ အပို့အယူ လုပ်သည်ဖြစ်စေ တစ်လတာအတွက် ပုံသေနှုန်းထားဖြင့် အင်တာနက် အသုံးပြုခအားပေးနေရခြင်းအား ရပ်ဆိုင်းတော့မည်ဟု အသံပေး လာပါသည်။ ယင်းကိစ္စအား မဖြစ်မနေ အကောင်အထည်ဖော်မည် ဆိုပါက data သုံးစွဲမှုများလှသော Mobile Web Application များ၏ ရှေ့ရေး မကောင်းလှပါ။ Data များအား အသေးချုံ့ရာတွင် မထင်မှတ်လောက်အောင် အံ့သြစရာ တိုးတက်မှုများ ဖြစ်ပေါ်လာလျှင် သို့တည်းမဟုတ် Mobile Web တွင် ဝင်၍ အလျဉ်မပြတ် အသုံးပြုခြင်း (Streaming) အစား လိုအပ်မှသာ Update လုပ်သော နည်းလမ်းကို သုံးလျှင် သုံးဆိုမှသာလျှင် Mobile Web ဘက်ခြမ်းတွင် သက်သာရာရဖွယ် ရှိပါသည်။ ထိုသို့မဟုတ်လျှင် စက်ထဲတွင် အထိုင်ချသုံးသော Mobile Application တို့က ဈေးကွက်ဝေစုအများစုကို ရသွားနိုင်ပါသည်။

ဤနည်းလမ်းနှစ်သွယ်အား ရွေးချယ်ရာတွင် စဉ်းစားရမည့် အခြားအချက်တစ်ခုမှာ Application development အပိုင်း ဖြစ်သည်။ ဤအပိုင်းနှင့် တိုက်ရိုက် ပတ်သက်သူများမှာ ကုမ္ပဏီများဖြစ်ပြီး အဆိုပါ ကုမ္ပဏီများတွင် ရိုးရိုးကုမ္ပဏီများ ပါဝင်သလို မိုဘိုင်းဖုန်း ထုတ်လုပ်သော ကုမ္ပဏီများလည်း ပါဝင်နိုင်ပါသည်။ ကုမ္ပဏီကြီးများသည် မိမိလုပ်ငန်းအတွက် ကိုယ်ပိုင် Application များ ရေးဆွဲ အသုံးပြုရလေ့ ရှိပါသည်။ ထိုကိစ္စတွင် ကုမ္ပဏီရုံးချုပ်နှင့် ရုံးခွဲအားလုံးအတွက် Mobile Web သည် သင့်လျော်သော လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။ မိုဘိုင်းဖုန်းနှင့် ဆက်စပ်နယ်ပယ်များတွင် အလုပ် လုပ်သော ကုမ္ပဏီများအတွက် အလားတူပင် ဖြစ်ပါသည်။ ကိုယ်ပိုင် Application တစ်ခုသည် မိုဘိုင်းဖုန်း Platform အားလုံးတွင် အသုံးမပြုနိုင်သောကြောင့် ဖြစ်ပါသည်။ စက်အတွင်း အထိုင်ချသုံးစွဲနိုင်မည့် Mobile Application တစ်ခု ရေးဆွဲရခြင်းသည် Website တစ်ခု ရေးဆွဲရသလောက် လွယ်ကူမှုမရှိပါ။ ကုမ္ပဏီတွင် လုပ်သည်ဖြစ်စေ၊ သီးခြားရပ်တည် လုပ်ကိုင်သည်ဖြစ်စေ Website ရေးဆွဲသူ Developer ၉၅ ရာခိုင်နှုန်းသည် Mobile Application ရေးဆွဲသည့် လိုင်းဘက်သို့ ကူးပြောင်းလာခဲ့လျှင် အလွန်တရာခက်ခဲသော ကြားခံကာလတစ်ခုကို ဖြတ်သန်းရပါမည်။ အောင်မြင်စွာ ဖြတ်သန်းနိုင်သည် ဆိုသည့်တိုင် Mobile Application တစ်ခုသည် အနည်းဆုံး Platform 3 မျိုးတွင် အလုပ်လုပ်နိုင်ဖို့ လိုပါသည်။ Platform တစ်မျိုးအတွက် အပြီးသတ်အဆင့်ထိ ကုန်ကျစရိတ်မှာ (ဖွံ့ဖြိုးပြီးနိုင်ငံများ တွင်) ဒေါ်လာ ၂၅၀,၀၀၀ ခန့် ရှိပါသည်။

တစ်ဦးချင်း သုံးစွဲသူများအတွက် ဖြစ်စေ၊ ကုမ္ပဏီများအတွက် ဖြစ်စေ ယေဘုယျအားဖြင့် Mobile Web Application လမ်းကြောင်းက ပို၍ ဈေးသက်သာပါလိမ့်မည်။ ကောင်းမွန်ပြည့်စုံစွာ ရေးဆွဲထားသော Web Application တစ်ခုသည် ငွေရေးကြေးရေး ချို့တဲ့သဖြင့် မပြည့်မစုံ ရေးဆွဲထားရသော Mobile Application တစ်ခုထက် ကောင်းမွန်နေပါဦးမည်။ Mobile လောကရှိ သုံးစွဲသူ အားလုံးအနေဖြင့် လမ်းနှစ်သွယ်အနက် တစ်သွယ်ကို ရွေးချယ်ရဖို့ လိုအပ်လာသည့်အခါ ယင်းတို့၏ အကျိုးအပြစ်များကို နှိုင်းယှဉ် လေ့လာဖို့ လိုပါသည်။ ပို၍ ဈေးသက်သာသည့် လမ်းကြောင်းကို ရွေးလိုက်ရသည့်အခါ မည်သည့်အရာများ ပေး ဆပ်လိုက်ရသည်ကိုလည်း သိဖို့လိုအပ်ပါလိမ့်မည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page