လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဆိုက်ဘာဟက်ကာ ပြဿနာနဲ့ နည်းပညာဈေးကွက်

Posted by Unknown Wednesday, November 14, 2012 0 comments

ဆိုက်ဘာဟက်ကာ ပြဿနာနဲ့ နည်းပညာ ဈေးကွက်တစ်ခါက Telecommunication ကုမ္ပဏီကြီးဖြစ်တဲ့ Nortel Networks သည် အခက်အခဲများကို ရင်ဆိုင်ရပြီးနောက်  ၂၀၀၉ ၌ ဒေဝါလီခံခဲ့ရတယ်။ တရုတ် ဟက်ကာတွေက အဆိုပါ ကုမ္ပဏီကို ကာလကြာမြင့်စွာ ထိုးဖောက်ခဲ့တယ်လို့ သံသယပွားကြတယ်။ ဟက်ကာတွေက ဆယ်စုနှစ်တစ်စုမျှ အချိန်ရခဲ့တယ်လို့လည်း ဆိုတယ်။ Nortel ရဲ့ ကွန်ပျူတာပေါင်း အနည်းဆုံး ၂၀၀၀ ခန့်ကို ထိုးဖောက်ခဲ့ကြောင်းနဲ့ နည်းပညာရပ်ဆိုင်ရာ စာတန်းတွေ၊ သုတေသနနဲ့ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အစီရင်ခံစာတွေ၊ စီးပွားရေးလုပ်ငန်း စီမံကိန်းတွေ၊ ဝန်ထမ်းတွေရဲ့ အီးမေးလ်တွေနဲ့ အခြားစာရွက်စာတန်းတွေကို ဟက်ကာတွေက ဆယ်စုနှစ်ချီပြီး Download ဆွဲယူခဲ့ကြောင်း ပညာရှင်အချို့က စွပ်စွဲခဲ့တယ်။ Nortel ရဲ့ ကုမ္ပဏီတွင်း စုံစမ်းထောက်လှမ်းရေးကို နှစ်ပေါင်း ၁၉ နှစ်ကြာ ဦးဆောင်ခဲ့သူ ဘရိုင်ယန်ရှီးလ်ဒ်စ်ကလည်း အလားတူ တင်ပြခဲ့တယ်။

မကြာမီက ထုတ်ပြန်တဲ့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံမှာလည်း တရုတ်နိုင်ငံမှ ဟက်ကာတွေဟာ စီးပွားရေးလုပ်ငန်းတွေကို လျှို့ဝှက် ထောက်လှမ်းရယူနေကြောင်း ဖော်ပြခဲ့တယ်။ Google ကို ပစ်မှတ် ထားပြီး တိုက်ခိုက်မှုတွေ အပါအဝင် အဆိုပါ ဟက်ကာတွေရဲ့ လှုပ်ရှားမှုတွေအပေါ် အခြေခံကိုးကားပြီး တင်ပြခဲ့ခြင်း ဖြစ်တယ်။ အကြီးမားဆုံး စွမ်းအင်ကုမ္ပဏီကြီးတွေထံမှ ဒေတာတွေ၊ ဖောက်သည်စာရင်းတွေ၊ စီမံကိန်းတွေကိုလည်း ရယူခဲ့တယ်လို့ ဆိုတယ်။ မကြာမီက အမေရိကန်ကို အလည်အပတ်လာရောက်တဲ့ တရုတ်နိုင်ငံရဲ့ ဒု-သမ္မတ ဇိုင်ဂျင်ပင်းက တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မြဲရေးကို ရှာဖွေလိုကြောင်း ပြောကြားခဲ့တယ်။ အမေရိကန်ကလည်း တရုတ်နိုင်ငံကို နည်းပညာဈေးကွက်အဖြစ် တိုးချဲ့ဆောင်ရွက်ဖို့ စိတ်အားထက်သန်နေတယ်။

အဲဒီအချိန်မှာပဲ အမေရိကန်ထောက်လှမ်းရေး အရာရှိတွေက အစိုးရမှ ကမကထလုပ်ပြီး အမေရိကန်နဲ့ အနောက်ဥရောပ ကုမ္ပဏီတွေအပေါ် ဆိုက်ဘာလျှို့ဝှက်ခိုးယူမှုတွေ တိုးမြင့်လာကြောင်းနဲ့ အထူးသဖြင့် တရုတ်နိုင်ငံရှိ အဆိုပါကုမ္ပဏီတွေဟာ ၎င်းအန္တရာယ်ကို ပိုမိုခံစားရဖွယ်ရှိကြောင်း ဝေဖန်ခဲ့တယ်။ တရုတ်အစိုးရကတော့ ဆိုက်ဘာလျှို့ဝှက် ခိုးယူကြောင်း စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့တယ်။ ဝါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးကလည်း အထူးသဖြင့် Nortel ကုမ္ပဏီနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေအပေါ် ကြေညာချက် ထုတ်ပြန်ပြီး ပြန်လည်ချေပခဲ့တယ်။ ဆိုက်ဘာလျှို့ဝှက် ခိုးယူခြင်းဆိုတာ ထင်သာမြင်သာ မရှိတဲ့ အမည်နာမ အတိအကျ သိရှိနိုင်တာ မဟုတ်ခြင်းကြောင့် စုံစမ်းထောက်လှမ်းမှုတွေနဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ မပြနိုင်ဘဲ တရုတ်နိုင်ငံကို စွပ်စွဲခြင်းဟာ မမှန် ကန်ကြောင်း ဖော်ပြထားတယ်။ Nortel ကတော့ အဆိုပါ ကြေညာချက်နဲ့ ပတ်သက်ပြီး ၎င်းရဲ့ သဘောထား အမြင်ကို ဖော်ပြခြင်း မပြုဘူး။ Nortel ဟာ ၂၀၀၉ ခုနှစ်မှာ ဒေဝါလီခံရပြီးနောက် ရောင်းချခဲ့ရတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဖုန်းတွေနဲ့ အင်တာနက် ကွန်ရက်အများအပြားကို စွမ်းအင်ထုတ်ပေးနိုင်တဲ့ ကိရိယာတွေကို ထုတ်လုပ်ခဲ့တဲ့ Nortel ကုမ္ပဏီကြီး ပြိုလဲခဲ့တယ်။

အခု Genband ကုမ္ပဏီ ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းမှ Nortel ရဲ့ကိရိယာတွေဟာ တယ်လီဖုန်း ခလုတ် ဈေးကွက်ရဲ့ ၄၅ မှ ၅၀ ရာခိုင်နှုန်းကို စိုးမိုးထားဆဲ ဖြစ်တယ်။ Nortel မှ ဝန်ထမ်းဟောင်းတွေရဲ့ အဆိုအရ ၎င်းရဲ့ ထုတ်ကုန်တွေကို ဟက်ကာတွေက ခိုးယူကြောင်း သက်သေပြဖို့ အားမထုတ်ခဲ့ဘူးလို့ သိရတယ်။ ဒါပေမဲ့ Nortel ဟာ ကုမ္ပဏီတွင်း စုံစမ်းထောက်လှမ်းရေးကို ဆောင်ရွက်ခဲ့တယ်။ ၆ လကြာမှ အချိန်ယူလုပ်ကိုင်ခဲ့တယ်။ Nortel ဟာ ကုမ္ပဏီကို ရောင်းချခြင်းမပြုမီ ဟက်ကာပြဿနာကို ဖြေရှင်းခြင်း မရှိခဲ့ဘူး။ Nortel ရဲ့ လုပ်ငန်းတွေကို Avaya, Ciena, Telefox AB L.M Eric-sson နဲ့  Genband တို့က ဝယ်ယူခဲ့တယ်။ ဒါကြောင့် ဆိုက်ဘာလျှို့ဝှက်လုပ်ခံရမယ့် အနေအထားတွေကိုပါ ဝယ်ယူထား သလို ဖြစ်နေကြောင်း အမေရိကန်အစိုးရရဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးဗဟိုမှ ဆီအန် မက်ခ်ဂါ့ခ်က ပြောကြားခဲ့တယ်။ Nortel က ၎င်းရဲ့ကုမ္ပဏီကို ရောင်းချခြင်းမပြုမီ လုံခြုံရေးဆိုင် ရာ ပြင်ဆင်မှုတွေ လုပ်မလုပ်ကို Genband က ဆွေးနွေးခြင်း မပြုခဲ့ဘူး။ Ericsson ရဲ့ ကိုယ်ပိုင်ကွန်ရက်ကတော့ လုံခြုံရေးနဲ့ စောင့်ကြည့်ရေးစနစ် တပ်ဆင်ပြီးဖြစ်တယ်လို့ ဆိုတယ်။ Nortel ရဲ့ အလုပ်အမှုဆောင် အရာရှိချုပ် ၃ ဆက်အတွင်း ၂ ယောက်က ဟက်ကာတွေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး သဘောထားအမြင် ထုတ်ဖော် ပြောကြားခြင်း မပြုဘူး။

တတိယမြောက် ပုဂ္ဂိုလ်ကတော့ ဟက်ကာတွေရဲ့ လုပ်ဆောင်ချက်အပေါ် စောင့်ကြည့်နေသူတွေက အဆိုပါဖြစ်ရပ်ကို အစစ်အမှန်လို့ မယုံကြည်ခဲ့ကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေမှ ဝယ်ယူသူတွေအတွက် သိရှိအောင် ပြုလုပ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ဒါပေမဲ့ အဆိုပါပုဂ္ဂိုလ်ရဲ့ ပြောကြားချက်ကို  Nortel ရဲ့ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ ပညာရှင်ဟောင်းတွေက သဘောမတူခဲ့ဘူး။ Avaya နဲ့ Genband ကို ရောင်းချတဲ့လုပ်ငန်းတွေမှ ထုတ်လုပ်တဲ့ Laptop နဲ့ Desktop ကွန်ပျူတာတွေကို ဆက်လက် အသုံးပြုနေသူပေါင်း အများအပြားရှိကြောင်း ထောက်ပြခဲ့တယ်။ Avaya နဲ့ Genband ကုမ္ပဏီ ၂ ခုစလုံးကလည်း ၎င်းတို့ရဲ့ ကွန်ရက်တွေနဲ့ ချိတ်ဆက်အသုံးပြုနေတဲ့  Nortel ထုတ် ကိရိယာတွေနဲ့ ပတ်သက်ပြီး သဘောထားအမြင်ကို ထုတ်ဖော်ခြင်း မပြုဘူး။ Nortel က ၂၀၀၄ ခုနှစ်မှာ ဟက်ကာလုပ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုတယ်။ ဝန်ထမ်းတစ်ယောက်က ထိပ်တန်း အလုပ် အမှုဆောင်တစ်ဦးမှ ထူးခြားတဲ့ စာရွက်စာတန်းတွေကို Download  လုပ်နေတာကို တွေ့မြင်ခဲ့ရပေမယ့် အဲဒီပုဂ္ဂိုလ်က ငြင်းဆိုခဲ့ကြောင်း ကုမ္ပဏီတွင်း စုံစမ်းထောက်လှမ်းရေး မှတ်တမ်းမှာ ဖော်ပြထားတယ်။

ယခင် အလုပ်အမှုဆောင် အရာရှိချုပ် (CEO) အပါအဝင် ထိပ်တန်းအရာရှိကြီး ၇ ယောက်ရဲ့ Password တွေကို ဟက်ကာတွေက ရယူခဲ့ကြောင်းကိုမူ Nortel ရဲ့ ထိပ်တန်း လုံခြုံရေးအရာရှိကြီး အနည်းငယ်ကသာ သိရှိထားတယ်။ ၂၀၀၀ ပြည့်နှစ် မတိုင်မီက စတင်ပြီး တရုတ်နိုင်ငံအခြေပြု အင်တာနက်လိပ်စာတွေမှ ဟက်ကာတွေက ရယူခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ ဟက်ကာတွေက Nortel ရဲ့ System တွေကို အပြည့်အဝနီးပါး ချိတ်ဆက်ရယူနိုင်ခဲ့ကြောင်းကိုလည်း တင်ပြခဲ့တယ်။  Nortel ရဲ့ ကုမ္ပဏီတွင်း ကွန်ရက် တည်ဆောက်ထားမှုမှာ ခုခံကာကွယ်မှု အနည်းငယ်မျှသာ တပ်ဆင် ထားလို့ ဖြစ်တယ်လို့ ထောက်ပြခဲ့တယ်။ ဒီလို သုံးသပ်တင်ပြခဲ့ပြီးနောက် ၆ လအကြာမှာ ဟက်ကာတွေရဲ့ လက်ရာခြေရာတွေကို တွေ့မြင်ခဲ့ရတယ်လို့လည်း ဖော်ပြထားတယ်။ လစဉ်တိုင်း ဒီကွန်ရက်နဲ့ ချိတ်ဆက် ထားတဲ့ ကွန်ပျူတာအနည်းငယ်က ရှန်ဟိုင်းမြို့တော်ရှိ အင်တာနက်လိပ်စာတွေထဲမှ တစ်ခုထံသို့ ပေး ပို့လေ့ရှိကြောင်း ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတွေက ပြောကြားခဲ့တယ်။ Nortel ရဲ့ ကွန်ရက်လုံခြုံရေးကို တိုးမြှင့်တပ်ဆင်ဖို့အတွက် တင်ပြခဲ့ပေမယ့် ပယ်ချခဲ့ကြောင်း ကုမ္ပဏီတွင် စုံစမ်းထောက်လှမ်းရေး တာဝန်ခံ ရှီးဒ်က ဆိုတယ်။ ၂၀၀၈ မှတော့ ရှီးဒ်ဟာ လုံခြုံရေးဆိုင်ရာ စမ်းသပ်မှုအသစ်တစ်ခုကို လေ့လာ တင်ပြခဲ့တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ Nortel ရဲ့ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်နေတာကြောင့် မလုပ်နိုင်ခဲ့ဘူး။ ၂၀၀၉ မှ Nortel ဟာ ဒေဝါလီခံရတယ်။ Nortel ရဲ့ ဗိုင်းရပ်စ်ကာကွယ်ရေး ပညာရှင်တွေထံမှ လေ့လာတင်ပြချက်အရ ဟက်ကာတွေက Nortel ရဲ့ ကွန်ပျူတာတွေထဲသို့ Spyware တွေသွင်းပြီး အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ခဲ့ကြောင်းနဲ့ ဟက်ကာတွေဟာ ဝန်ထမ်းတွေရဲ့ အီးမေးလ်တွေကိုလည်း စောင့်ကြည့်ရယူခဲ့ကြောင်း ရှီးဒ်က ပြောကြားခဲ့တယ်။ ၂၀၀၉ မှ တွေ့ရတဲ့ Spyware က အလွန်အဆင့်မြင့်ပြီး ထွေးပြားတယ်လို့ ဆိုတယ်။ ထောက်လှမ်းဖို့ သိပ်ခက်တယ်လို့ သိရတယ်။ အမှန်တကယ်တော့လည်း အင်တာနက် ဆိုက်ဘာလျှို့ဝှက်ရယူတဲ့ လုပ်ငန်းဆိုတာ ဘယ်သူဘယ်ဝါလို့ အတတ်ပြောလို့ ရတာမဟုတ်ဘူး။ တရုတ်နိုင်ငံကလည်း နည်းပညာဈေးကွက် ဖွင့်လှစ်ရေးနဲ့ အဆင့်မြင့် နည်းပညာရရှိရေးအတွက် ၎င်းရဲ့နိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှု တိုးပွားရေးကို ကြိုးပမ်းနေတယ်။ အမေရိကန်နဲ့ ဥရောပမှ ကုမ္ပဏီတွေကလည်း ၎င်းတို့ရဲ့ကိရိယာ ပစ္စည်းတွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်နေကြတယ်။ ဒါပေမဲ့ နည်းပညာသစ်တွေကို အပြိုင်အဆိုင် ရယူရေးအတွက် အားထုတ်နေတဲ့ ကာလမှာတော့ ဟက်ကာတွေအန္တရာယ်ကလည်း တိုးပွားနေမှာပဲ။ ဒါကြောင့် နည်းပညာကုမ္ပဏီကြီးတွေဟာ ဆိုက်ဘာလုံခြုံရေးကို ဦးစားပေးဆောင်ရွက်ဖို့ စိုင်းပြင်းနေကြပြီး နည်းပညာဈေးကွက်နဲ့ အီလက်ထရွန်းနစ်ဈေးကွက်ကို တိုးချဲ့ရင်း အပြန်အလှန် စွပ်စွဲမှုတွေ၊ ဖြေရှင်းချက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေရမှာ မလွဲပေဘူး။

ခင်မောင်ဇော်

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page