Camera Scene Mode များအကြောင်း
Tuesday, November 13, 2012
0
comments
ဒစ်ဂျစ်တယ် ကင်မရာများ၏ ဈေးနှုန်း အလွန် ကျဆင်းလာသည့်အတွက် မြန်မာပြည်တွင်
အပျော်တမ်း ဓာတ်ပုံဆရာ အလွန် များလာပါသည်။ သို့သော် အပျော်တမ်း
ဓာတ်ပုံရိုက်သူများ အသုံးများသည့် ကင်မရာမှာ point and shoot ဟုခေါ်သော
ကင်မရာများ ဖြစ်ပါသည်။ ချိန်ရွယ်ပြီး ရိုက်ရုံသာဟု အဓိပ္ပာယ်ရသော အဆိုပါ
ကင်မရာငယ်များတွင် မိမိ စိတ်တိုင်းကျ ရွေးချယ်ချိန် ညှိခွင့် အတော် အသင့်
ပေးပြီး၊ တချို့မှာ ချိန်ညှိနိုင်ခွင့် မရှိသလောက်နီးနီး ဖြစ်ပါသည်။
သို့သော် point and shoot ကင်မရာ အားလုံးတွင် တူညီသော အရာတစ်ခုတော့
ရှိပါသည်။ ယင်းမှာ ကင်မရာအားလုံးတွင် Scene mode တည်းဟူသော
ရွေးချယ်ပိုင်ခွင့် တစ်ရပ် ရှိနေခြင်း ဖြစ်ပါသည်။ မိမိရှေ့မှောက်ရှိ
ရှုမျှော်ခင်းအား အသင့် ချိန်ထားပြီးသော setting များဖြင့် အလွယ်တကူ
ရိုက်ယူရန် ဟူသော အဓိပ္ပာယ်ဆောင်ပါသည်။ မိမိ ရိုက်တတ်သလို ရိုက်သည်ထက် ပို၍
ကောင်းသောပုံများထွက်ရန် သေချာပါသည်။
ကင်မရာ အမျိုးအစားပေါ် မူတည်၍ ကောင်းသောပုံများ ထွက်ရန် သေချာပါသည်။
ကင်မရာအမျိုးအစားပေါ် မူတည်၍ scene mode (၈) မျိုးမှ (၂၀) ကျော်အထိ ပါပါသည်။
အသင့်ချိန်ပေးထားသော setting ဖြင့် ရိုက်ရန် အားသန်လျှင် Scene mode
များများပါသော ကင်မရာကို ရွေးချယ်သင့်ပါသည်။ ပညာရှင် ဓာတ်ပုံဆရာများ
သုံးသည့် Entry-level DSLR များ၊ ကျွမ်းကျင် ဓာတ်ပုံဆရာများ သုံးသည့်
mid-range compact camera များတွင်လည်း scene mode ပါဝင်ပါသည်။
ယခုနောက်ပိုင်း ထွက်သော mirrorless ကင်မရာများ မှန်ဘီလူး
ပြောင်းသုံးနိုင်သော ကင်မရာများတွင်လည်း scene mode ကို ချန်မထားခဲ့ပါ။
scene mode များကို အသုံးပြုသည့်အခါ ယင်းတွင် ချိန်ထားသည့် အလင်းဝင်ပေါက်
အကျယ် (Aperture) နှင့် အလင်းတံခါး အမြန်နှုန်း (Shutter speed) အပါအဝင်
အရေးပါသော အချက်အလက် များကို ပုံရိပ်ဖိုင်ထဲတွင် တွဲ၍ သိမ်းဆည်းလိုက်ပါသည်။
ယင်းတို့ကို ဓာတ်ပုံ တည်းဖြတ်သည့် ဆော့ဖ်ဝဲ တစ်ခုခုထဲတွင် ရှာ၍ကြည့်နိုင်မည်
ဖြစ်ရာ ဓာတ်ပုံရိုက်ကူးမှုပညာ လေ့လာရေးတွင် များစွာ အထောက်အကူ ရပါသည်။
Scene mode တို့သည် လျှပ်တပြက် ပေါ်ပေါက်လာသော အကွင်းအကွက်များကို
သင့်လျော်သော setting ဖြင့် အလျင်အမြန်ဆုံး ရိုက်ကူးနိုင်ရန်လည်း
အထောက်အကူပြုပါသည်။ ထို့ကြောင့် ဝါရင့်ဓာတ်ပုံ ဆရာများ အနေဖြင့်
မိမိရိုက်ကူးမည့် မြင်ကွင်းကို မည်သို့မည်ပုံ ချိန်ရွယ်ရိုက်ကူးရမည်ကို
သိပင် သိငြားသော်လည်း ထိုသို့ချိန်ရွယ်ပြီး ခတ်ကွင်းပြင်နေရလောက်အောင်
အချိန်မရသည့် အခါမျိုးတွင် scene mode ကိုသာ အသုံးချကြရပါသည်။ (၂၀၁၁)
နှောင်းပိုင်းတွင် ထွက်လာသော အဆင့်မြင့် point and shoot ကင်မရာများတွင်
Auto scene select mode ပါဝင်လာပါသည်။ ထို mode ကို
ရွေးချယ်ပေး လိုက်ခြင်းအားဖြင့် မိမိရိုက်ကူးရမည့် အနေအထားနှင့်
သင့်လျော်သည့် scene mode တစ်ခုခုကို ကင်မရာက အလိုအလျောက်
ရွေးချယ်ပေးလိုက်ပါမည်။ ကွက်တိ ရွေးချယ်ပေးခြင်းမျိုးနှင့် အမြဲ
မကြုံနိုင်သော်လည်း ယေဘုယျအခြေအနေ အတော်များများအတွက် မှန်ကန်မှုရှိပြီး
အချိန်ကုန် သက်သာစေပါသည်။ အပျော်တမ်း ဓာတ်ပုံဆရာတချို့မှာ scene mode များ
သုံးပင်သုံးသော်ငြားလည်း ယင်း၏ အလုပ်လုပ်ပုံကို သိသဖြင့် သုံးသည် မဟုတ်ပါ။
လူပုံတူရိုက်လျှင် Portrait mode သုံးပါဟု ဆိုသဖြင့်
ရိုက်လိုက်ခြင်းမျိုးသာ ဖြစ်ပါသည်။ ထို့ကြောင့် ကင်မရာ အမျိုးအစား
အားလုံးတွင် ပါဝင်ပြီး မကြာခဏ သုံးရတတ်သော scene mode များ အကြောင်းကို
တင်ပြပါမည်။
Portrait mode
Scene mode ကို ကင်မရာတွင် ဦးစွာ ရွေးချယ်ပေးရပါမည်။ ထိုအခါ ရွေးချယ်ပိုင်ခွင့်ရှိသော scene mode အမျိုးမျိုးကို ကင်မရာ ကျောဘက်ရှိ LCD ဖန်သားပြင်ပေါ်တွင် တွေ့မြင်ရပါမည်။ Enter ခလုတ်၏ လေးဘက်လေးတန်တွင် ပေးထားသော Arrow Key များဖြင့် portrait mode နှင့် ရွေး ချယ်မှုများတို့ တည့်သည်အထိ ဘီးကို လှည့်ပေးရပါလိမ့်မယ်။ Nikon ကင်မရာငယ်များကမူ photo mode ထဲ ဝင်ပြီးနောက် scene mode ကို LCD ဖန်သားပြင်ပေါ်တွင် အဆင့်ဆင့်ရှာပြီး ရွေးချယ်ပေးရပါမည်။ ကျန်ရှိသော ကင်မရာ တချို့တွင် scene mode ကို သီးခြားခလုတ်တစ်ခု အဖြစ် ထုတ်ပေးထားပါသည်။ ယင်းခလုတ်မှ တစ်ဆင့် menu ထဲဝင်ပြီး portrait mode ကို ရွေးချယ်ပေးရပါမည်။ Portrait mode သည် လူပုံတူကို ရိုက်ကူးခြင်းဖြစ်သဖြင့် ဆုံချက် (focus) ဖြတ်ရာတွင် လူကိုသာ အဓိကယူ၍ ဖြတ်ပါမည်။ ထို့ကြောင့် လူပုံက ရှင်းလင်းပြတ် သားပြီး နောက်ခံက အနည်းငယ် ဝါးပါလိမ့်မည်။ နောက်ခံ မည်မျှဝါးသည် ဆိုသည့် အချက်မှာ ကင်မရာက အမြင့်ဆုံးပေးနိုင်သော အလင်းဝပေါက်အကျယ် (Aperture size) အပေါ်တွင် တည်ပါသည်။ ယင်းကို (f) number ဖြင့် ပြပါသည်။ (f) number ငယ်လေး အလင်းဝင်ပေါက်ကျယ်လေး ဖြစ်ပါသည်။ (f)2 အထိ ပေးထားသော canon ကင်မရာငယ်များ တွင် နောက်ခံ အတော်ပင် ဝေဝါးပေးထားသော လူပုံတူများကို ရရှိပါသည်။

တချို့သော ကင်ရာငယ်များတွင် Continuous advance ကဲ့သို့သော
ရွေးချယ်ပိုင်ခွင့် တစ်ရပ် ကို ပေးထားပါသည်။ ထို့ကြောင့် ဓာတ်ပုံတစ်ပုံ
ရိုက်ကူးပြီး နောက်တစ်ပုံ ထပ်ရိုက်ရန် ချိန်ယူသည့်အခါ focus ဖြတ်ရာတွင်
အလွန်မြန်သွားပါသည်။ ထို့ကြောင့် တစ်ပုံပြီးတစ်ပုံ မြန်မြန်ဆန်ဆန်
ရိုက်ကူးသွားနိုင်ပါသည်။ အမှတ်တမဲ့ ရိုက်ယူသော လူပုံများတွင်လည်း လူအနေအထား
မပြောင်းသော် လည်း မျက်နှာအမူအရာ ခံစားချက်ပေါ်သည့်
မိမိစိတ်ကြိုက်ပုံများကို စက္ကန့်ပိုင်းအတွင်း ရိုက်ယူစေနိုင် ပါသည်။
Portrait mode သည် လူ၏အသားရည် ချောမွေ့မှုကို ဦးစားပေးသည် ဖြစ်၍
ပုံရိပ်ပြတ်သားမှု (sharpness) နှင့် နောက်ခံမှ ကွဲပြားမှု (contrast)
စသည်တို့တွင် အားနည်းပါသည်။ Portrait mode သည် မျက်နှာထောက်လှမ်းမှု (face
detection) ကိုလည်း အသားပေးပါသည်။ ထို့ကြောင့် မျက်နှာအ သားပေးသော
ကိုယ်တစ်ပိုင်းပုံများကို ရိုက်ကူးလျှင် ပိုကောင်းပါသည်။ portrait mode
တွင် ချိန်ထားပါက လျှပ်တစ်ပြက်မီး (flash) သုံးမည်၊ မသုံးမည်ကို
ရွေးချယ်ပိုင်ခွင့်ရှိပါသည်။ အလင်းရောင် အလွန်အားနည်းသော နေရာမှတစ်ပါး
ကျန်အခြေအနေများတွင် လျှပ်တစ်ပြက်မီးကို ချိန်ဆ သုံးသင့် ပါသည်။ ဥပမာ
မှောင်သောအခန်းထဲတွင် လူပုံတူကို လျှပ်တစ်ပြက် မီးသုံး၍ ရိုက်ပါက
လူပုံက လင်းပြီး နောက်ခံတစ်ခုလုံး မည်းမှောင်နေသည်ကို တွေ့ရပါမည်။
အလင်းဝင်ပေါက်ကို ကျယ်အောင် portrait mode တွင် ချိန်ဆပေးပြီး ဖြစ်သဖြင့်
အတော်အသင့်လင်းသော အခြေအနေမှသည် လုံလောက်သော အလင်း ထိ အခြေအနေများတွင်
မီးမသုံးဘဲ ရိုက်သင့်ပါသည်။ နောက်ခံ အရိပ်ကျခြင်း နည်းစေရန် လူက နောက်ခံ
အရိပ်ကျနိုင်သည့် နေရာ (နံရံစသည်) မှ ဝေးဝေးတွင် ထား၍ ရိုက်သင့်ပါသည်။
Night portrait mode
Night portrait mode ကို scene mode ထဲဝင်၍ ရှာလျှင် လူ၏ ခေါင်းပေါ်တွင် လခြမ်းငယ်လေး တင်ထားသော ပုံအဖြစ် လည်းကောင်း သို့မဟုတ် ကြယ်ပွင့်လေး တင်ထားသော ပုံအဖြစ် လည်းကောင်း တွေ့နိုင်ပါသည်။ Night mode နှင့် Night portrait mode တို့သည် အသွင်တူသော်လည်း အဆင်ကွဲပါသည်။ ထို့ကြောင့် မှားယွင်း မရွေးချယ်မိစေရန် အရေးကြီးပါသည်။ သို့ရာတွင် တချို့ ကင်မရာငယ်များတွင် night portrait mode သီးခြားမပေးသဖြင့် night mode ကိုသာ ရွေးချယ် ရိုက်ကူးရမည် ဖြစ်ပါသည်။ ညအမှောင်ကို နောက်ခံပြုထားသော လူတစ်ယောက်၏ ဓာတ်ပုံကို ပေါ်လွင် ထင်ရှားစွာ ရိုက်ကူးယူဖို့ ပြုလုပ်ထားသော mode ပေါ်လွင်မည် သာမက နောက်ခံပျပျ အလင်းအောက်တွင် မြင်နိုင်သမျှသော အရာတို့သည်လည်း ဓာတ်ပုံထဲတွင် ပါဝင်လာမည် ဖြစ်ပါသည်။ ကင်မရာတစ်လုံးနှင့် တစ်လုံးကြားတွင် Night portrait mode ကို ကိုင်တွယ် ဆောင်ရွက်ပုံခြင်း မတူသော်လည်း ယေဘုယျအားဖြင့်မူ ကင်မရာအားလုံးတွင် လျှပ်တပြက် မီးကို မဖြစ်မနေ သုံးနိုင်ပါသည်။ အလင်းတံခါး (Shutter) ကို ရှည်ကြာစွာ ဖွင့်ထားပြီး အလင်းထိတွေ့မှုကြာကြာ (long exposure) ရယူပါသည်။ လျှပ်တပြက်မီးကြောင့် လူပုံက ဝင်းပနေမည် ဖြစ်သလို ကြာရှည်ဖွင့်ထားသော အလင်း တံခါးကြောင့် နောက်ခံ မှောင်ပျပျအောက်မှ ပုံရိပ်တချို့လည်း ပါဝင်လာပါလိမ့်မည်။

ဤ mode ကို သုံးရာတွင် သတိထားသင့်သည့် အချက်မှာ လူကို လျှပ်တစ်ပြက်
မီးအ လင်းကောင်းကောင်း ရောက်သည့်နေရာ (ကင်မရာငယ်များတွင် အများဆုံး ၁၅ ပေထိ
အလင်းရောက် ပါသည်) တွင် ထား၍ ရိုက်ကူးရန်နှင့် ဖြစ်နိုင်ပါက ကင်မရာကို
သုံးချောင်းထောက် သို့တည်း မဟုတ် အောက်ခံငြိမ်သော နေရာတွင် တင်ပြီးရိုက်ရန်
ဆောင်ရွက်သင့်ပါသည်။ ခြေထောက် အပျော့ဖြင့်လည်းကောင်း။ ခြေထောက်
အမာဖြင့်လည်းကောင်း လာသော သုံးချောင်းထောက်များ ဈေး ကွက်ထဲတွင် ဝယ်ယူ
ရရှိနိုင်ပါသည်။ ခြေထောက်အပျော့ သုံးချောင်းထောက်မှာ တိုင်၊ သစ်ကိုင်း
စသည်တို့တွင် ပတ်ချည်နှောင်၍လည်း ရိုက်နိုင်သဖြင့် ပို၍ အသုံးတည့်ပါသည်။
သို့သော် (၂၀၁၁) နှစ်ကုန်ပိုင်းတွင် ထွက်ရှိလာသော point and shoot
ကင်မရာများ၏ ပုံရိပ် တည်ငြိမ်အောင် ထိန်းသိမ်းမှုစနစ် (Image stabilisation)
အလွန် အားကောင်းလာသဖြင့် ကင်မရာကို လက်ဖြင့် ကိုင်ရိုက်သည့်တိုင်
အရုပ်ဝါးခြင်း (blur) နှင့် အစက်အပျောက်ထခြင်း (noise) အလွန် နည်းကြောင်း
တွေ့ရပါသည်။ သာမာန်အားဖြင့် ကိုင်ရိုက်လျှင် ပုံရိပ်နှစ်ထပ် ဖြစ်တတ်ပါသည်။
ယခုနောက်ပိုင်း ကင်မရာငယ်များတွင် ပါဝင်လာသော Lowlight smart shot စနစ်ကမူ
လျှပ်တပြက်မီး မသုံးဘဲ အလင်းထိမှုအဆင့် (exposure level) အမျိုးမျိုးဖြင့်
ဓာတ်ပုံပေါင်းများစွာ ရိုက်ပြီး ယင်းပုံများကို ကင်မရာထဲတွင်ပင်
ပေါင်းစပ်ပါသည်။ အားအကောင်းဆုံး အစိတ်အပိုင်းများကိုသာ ယူပြီး ပုံများ ကို
ပေါင်းစပ်လိုက်သဖြင့် ကြည့်ပျော်ရှုပျော် ပုံတူ ထွက်လာပါသည်။ သို့သော်
အလင်းအလွန် နည်းသော နေရာတွင် ဓာတ်ပုံရိုက်ပါက အစက်အပျောက်များကြောင်း
တွေ့ရပါသည်။
ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
0 comments:
Post a Comment