လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Cloud Computing ခေတ်ထဲက OS များ

Posted by Unknown Tuesday, November 13, 2012 0 comments

Cloud computing ဆိုတာဟာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး လုပ်ရတဲ့ လုပ်ငန်း စတာတွေကို online နဲ့ ချိတ်ဆက်ပြီး လုပ်တဲ့ လုပ်ငန်းစဉ်ကို ခေါ်ပါတယ်။  ဒီနေ့ခေတ် ကွန်ပျူတာတစ်လုံး သုံးမယ်ဆိုရင် ကျွန်တော် တို့ဟာ Operating System (OS) တစ်ခုကို စက်ထဲ ထည့်ထားရမယ်။ စက်လည်ပတ် လုပ်ဆောင်မှု စနစ်လို့ ခေါ်ကြတဲ့ OS ဟာ Windows ဖြစ်နိုင်သလို Linux ဒါမှမဟုတ် Mac တစ်ခု လည်း ဖြစ်နိုင်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ လိုအပ်ချက်ကို လိုက်ပြီး အသုံးချဆော့ဖ်ဝဲ (Application Software) အမျိုးမျိုးကို ထည့်သွင်းရပါတယ်။ ကိုယ်သုံးတဲ့ OS နဲ့ ကိုက်ညီမယ့် ဆော့ဖ်ဝဲကို ထည့်သွင်းရတာ ဖြစ်ပါတယ်။ နမူနာပြရရင် Microsoft Office လိုဟာမျိုးဟာ Windows စနစ်အတွက် တစ်မျိုး ရေးဆွဲရပြီး Mac အတွက် တစ်မျိုးသပ်သပ် ရေးဆွဲရပါတယ်။ ကိုယ့်စက်ရဲ့ OS က အထိုက်အလျောက် ဈေးကြီးသလို အသုံးချ ဆော့ဖ် ဝဲတွေကလည်း လူသုံးနည်းရင် နည်းသလောက် ဈေးကြီးလှပါတယ်။ ဒါတွေကို တော်လှန် ပြောင်းလဲဖို့ ကြိုးစားလာတာက Cloud Computing ပါပဲ။ Cloud Computing လို့ခေါ်တဲ့ Online ပေါ်မှာ ကွန်ပျူတာ လုပ်ငန်းစနစ်ကို စပြီး အကောင်အထည်ဖော်သူဟာ google ကုမ္ပဏီ ဖြစ်ပါတယ်။ ဘယ် OS ကိုပဲသုံးသုံး Cloud ထဲ ဝင်လာလို့ ရပါတယ်။ Browser လို့ လူအများ သိကြတဲ့ Firefox, Chrome, Safari စတာ တစ်မျိုးမျိုးကို သုံးပြီး သက်ဆိုင်ရာ လိပ်စာကိုသာ ချိတ်ဆက် ဝင်လာခဲ့ပါ။ Cloud လို့ခေါ်တဲ့ Online ကွန်ပျူတာရုံးခန်းထဲကို ရောက်ပါပြီ။ ကျွန်တော်တို့ လုပ်ချင်တဲ့ လုပ်ငန်း အမျိုးအစားကို လိုက်ပြီး လိုအပ်မယ့် ဆော့ဖ်ဝဲပေါင်းစုံ အဲ့ဒီနေရာမှာ  ရှိနေပါတယ်။ တချို့ကို အခမဲ့စနစ်နဲ့ ရနိုင်ပြီး တချို့ကို အခပေးစနစ်နဲ့ သုံးစွဲရပါမယ်။

အခပေးစနစ် ဆိုသည့်တိုင် ဆော့ဖ်ဝဲတစ်ခုကို ဝယ်သုံးရတာထက် စာရင် အများကြီး ဈေး သက်သာနေပါသေးတယ်။ Version အသစ်ထွက်ရင် အသစ်ထပ်ပြီး ဝယ်ရတဲ့ဒုက္ခ၊ update အသစ်ထွက်ရင် download ဆွဲပြီး ထည့်သွင်းပေးရတဲ့ ဒုက္ခတွေကိုလည်း ကင်းဝေးသွားစေပါတယ်။ ကိုယ့်ကွန်ပျူတာထဲမှာ အသုံးချ ဆော့ဖ်ဝဲတွေ တစ်ပုံတစ်ပင် ထည့်ထားဖို့ မလိုတော့တဲ့ အတွက် စက်လေးတာကိုလည်း သက်သာသွားပါတယ်။ လူတွေဟာ တစ်နေ့တခြား အင်တာနက်ကို ပိုပြီး သုံးလာတယ်။ online ပေါ် မှာ တွေ့ဆုံ ဆက်သွယ်မှုတွေ ပိုပြီးများလာတယ်ဆိုတဲ့ အချက်အပေါ် အခြေပြုပြီး google က cloud ဆိုတဲ့ ကစားကွင်းအသစ်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ မူလတုန်းက google ဟာ ရှာဖွေရေးစနစ် (Search Engine) တစ်ခုသာ ဖြစ်ပြီး သူ့မှာ OS လည်းမရှိ ဆော့ဖ်ဝဲလည်း မရှိပါဘူး။ ဆော့ဖ်ဝဲနယ်ပယ်ထဲ ဝင်လာမယ် ဆိုပြန်တော့လည်း အသားကျပြီးသား Microsoft နဲ့ Apple တို့ကို တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်လည်း Cloud ဆိုတဲ့ ပြိုင်ဆိုင်မှု နယ်မြေအသစ်တစ်ခု ဖန်တီးခဲ့ရတာပါ။ Google  ရဲ့ မဟာဗျူဟာက ဆော့ဖ်ဝဲတွေကို အခမဲ့ ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်ရေး ဖြစ်ပါတယ်။

ကုန်ကျစရိတ် သက်သာချင်တဲ့ လူတွေရဲ့ လိုဘကို အခြေပြုပြီး ထူထောင်တာမို့ Cloud စနစ်စပြီး အောင်မြင်လာပါတယ်။ Google ရဲ့ နောက်မှာ ကျန်နေမှာ စိုးတဲ့အတွက် Microsoft  ကအစ Apple  အဆုံး Cloud နယ်ပယ်ထဲ ဝင်လာကြရပါတယ်။ Cloud ဟာ ကွန်ပျူတာ လုပ်ငန်း စဉ်တွေ ဆောင်ရွက်ရုံသာမကပါဘူး။ ကိုယ့်ရဲ့ data  တွေကို လုံလုံခြုံခြုံနဲ့ များများစားစား သိမ်းဆည်းနိုင် တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးသူရဲ့ Server ထဲမှာ ကိုယ့် data တွေကို သိမ်း ဆည်းပေးတဲ့ အပြင် လုံခြုံရေး ကိစ္စကိုပါ တာဝန်ယူပေးတာမို့ ခေါင်းလည်း ပေါ့သွားစေပါတယ်။ ဆော့ဖ်ဝဲကို  တခြားနိုင်ငံတွေမှာ လိုင်စင်ကြေးပေးပြီး သုံးစွဲရတာမို့ ကွန်ပျူတာ တစ်လုံးစီ အတွက် သီးခြား လိုင်စင်ကြေးတွေ ပေးရပါတယ်။ လူတစ်ဦးချင်းစီ အတွက် မသိသာပေမယ့် ကွန်ပျူတာတွေ ရာနဲ့ချီပြီး အသုံးပြုရတဲ့ လုပ်ငန်းကြီးတွေအတွက်တော့ စရိတ်ထောင်းလှပါတယ်။

Version အသစ်ထပ်ထွက်ရင် ထပ်ကုန်သလို အဲဒါအတွက် ဝန်ထမ်းလေ့ကျင့်စရိတ်တွေလည်း ကုန်ကျပါတယ်။ Version  အသစ်က hardware အသစ် တောင်းဆိုချက် ရှိလာရင် စက်တွေကို အသစ်လဲတန်လဲ၊ အဆင့်မြှင့်တန်တာ မြှင့်ရတာမို့ ကုန်ကျစရိတ်က တိုးလာပြန်ပါတယ်။ များပြားလှတဲ့ data တွေကို ကုမ္ပဏီပိုင် server တွေမှာ သိုလှောင်ရတဲ့ စရိတ် အဲဒီလုပ်ငန်းစဉ် အတွက် ကျွမ်းကျင် အိုင်တီဝန်ထမ်း ခန့်ထားရတဲ့ စရိတ်တွေကလည်း မသေးလှပါဘူး။ ဒါတွေကနေ သက်သာရာ သက်သာကြောင်း စဉ်းစားလိုက်တော့ Cloud ဟာ ထွက်ပေါက်တစ်ခု ဖြစ်လာပါတယ်။ Cloud ဟာ Virtualization လို့ ခေါ်တဲ့ ပုံစံတူပြု နည်းပညာကို သုံးစွဲထားတာပါ။ သူ့ရဲ့ အဆုံးစွန်သော ရည်မှန်းချက်က OS ကို မှီခိုရခြင်းမရှိဘဲ Cloud ကို သုံးစွဲနိုင်စေရမယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကလည်း  ဖြစ်နိုင်ပါတယ်။ Windows တက်စရာမလိုပဲ (၅) စက္ကန့်အတွင်း online ထဲသို့ ဝင်ရောက်နိုင်စေရမယ် ဆိုတဲ့ motherboard စနစ်ကြော်ငြာတွေကို  စာရှုသူတို့ တွေ့ဖူးချင် တွေ့ဖူးကြမှာပါ။ တကယ်လည်း အဲဒီ motherboard တွေသုံးပြီး အင်တာနက်ချိတ်ရင် Windows ကတစ်ဆင့် ဝင်ဖို့ မလိုပါဘူး။ Online ဝင်ဖို့ ပင်မ OS တစ်ခုခု မလိုအပ်တော့ဘူး ဆိုတဲ့ အခြေအနေဟာ အနာဂတ်ကာလ Cloud သုံးစွဲဖို့အတွက် OS တွေ လိုပါဦး  မလားဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

လတ်တလော Cloud သုံးစွဲနေကြတဲ့ အိုင်တီပညာရှင်တွေကို အင်တာဗျူး လုပ်ကြည့်တော့ ကွန်ပျူတာ အလုပ်တွေ လုပ်တဲ့နေရာမှာ OS က ထည့်စဉ်းစားဖို့ မလိုဖူးဆိုတဲ့ အဖြေကို သဘောမတူတဲ့လူက (၆၂) ရာခိုင်နှုန်း ရှိနေပါတယ်။ မိမိနှစ်သက်ရာ Application Software ကို အသုံးပြုနိုင်ရေးမှာ OS ဟာ အခရာ ကျနေဦးမှာပဲလို့ သူတို့က ဆိုပါတယ်။ သီးခြားပြုလုပ်ခဲ့တဲ့ အင်တာဗျူးပရော့ဂျက် တစ်ခုမှာတော့ OS ကိုထည့်သွင်း စဉ်းစားဖို့ မလိုဘူးဆိုတဲ့ အခြေအနေဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်မြင်ချက်ပေးသူ (၃၅) ရာခိုင်နှုန်း ရှိပါတယ်။ (၃၀) ရာခိုင်နှုန်း  သော အိုင်တီပညာရှင်တွေကတော့ OS အပေါ် လုံးလုံးလျားလျား အမှီအခိုကင်းတဲ့ ဘဝရောက်ဖို့ ငါးနှစ်ထက်မနည်း အချိန်ယူရဦးမှာ ဖြစ်တယ်လို့ ထင်မြင်ချက်ပေးပါတယ်။ တစ်ခါဝယ်ရင် OS လိုင်စင် ရာနဲ့ ထောင်နဲ့ ချီပြီး ဝယ်နေရတဲ့ ကုမ္ပဏီကြီးတွေ လုပ်ငန်းဌာနကြီးတွေကရော ဘယ်လိုသဘော ရှိမှာပါဘဲ။ လုပ်ငန်းကြီးတွေ အနေနဲ့ ဘယ် OS ကို သုံးစွဲမလဲ ဆိုတာကို ဆုံးဖြတ်တဲ့အခါ အချက်ကြီး လေးချက်အပေါ် အခြေပြုပြီး စဉ်းစားကြရပါတယ်။ အဲဒါတွေက

(၁) ဘယ်လို hardware မျိုး သုံးမှာလဲ
(၂) အဲဒီ hardware မျိုးပေါ်မှာ ဘယ်လို Application Software တွေ သုံးစွဲလို့ရနိုင်မလဲ
(၃) ကွန်ပျူတာနဲ့ တကယ်တမ်း အလုပ်လုပ်ရမယ့် end user တွေရဲ့ အခြေအနေက ဘယ်လိုလဲ
(၄)ကိုယ်သုံးမယ့် OS အတွက် Application Developer တွေရဲ့ အခြေအနေက ဘယ်လိုလဲ စတဲ့ အချက်တွေ ဖြစ်ပါတယ်။


လုပ်ငန်းကြီးတွေရဲ့ Desktop ကွန်ပျူတာအတွက်ဆိုရင် Windows, iOS ဒါမှမဟုတ် Linux မူကွဲတစ်မျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ Server တွေ အတွက် Linux ဒါမှမဟုတ် Windows ကို သုံးစွဲနိုင်ပါတယ်။ ကွန်ပျူတာတင် မကပါဘူး။ အဲဒီမှာ လာရောက် ချိတ်ဆက်မယ့် Printer တို့ Scanner တို့လို peripheral device တွေအတွက်လည်း OS ကိစ္စကို ထည့်ပြီး စဉ်းစားရပါတယ်။ အခုအချိန်မှာ လုပ်ငန်းကြီးတွေ အနေနဲ့ အသုံးပြုမယ့် application နဲ့ လုပ်ငန်းအမျိုးအစားကို လိုက်ပြီး OS ကို ရွေးချယ် သုံးစွဲခဲ့ကြပါပြီ။ OS နဲ့ application အတွဲအဖက်ကိုလည်း အသားကျနေပါပြီ။ ဒါပေမဲ့ Cloud စနစ်မှာ ပါဝင်လာတဲ့ html 5 ဟာ ဘယ်လို OS မှာမဆို သုံးစွဲနိုင်စေမယ့် application ကို ထုတ်လုပ်မယ်လို့ ကတိပေးလာပါတယ်။ တကယ်တမ်းသာ ဖြစ်လာမယ် ဆိုရင် မိမိသုံးစွဲနေတဲ့ OS နဲ့ လိုက်လျောညီထွေ ရှိမယ့် Application ကို ပြောင်းသုံးဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့  OS ကို ပြောင်းသုံးဖို့ဆိုတဲ့ ကိစ္စဟာ အင်တာနက်ပေါ်သာ တက်လာခဲ့ပါ။ အလလား သုံးရပါစေမယ့် ဆိုတာတောင် မလွယ်ပါဘူး။ ပထမအချက်က OS  ပြောင်းလိုက်တာနဲ့ သုံးစွဲသူဟာ အရာရာကို အသစ်ကစပြီး လေ့လာရ ပါတော့မယ်။ လေ့လာသင်ကြားမှု အတွက် အထောက်အပံ့ ပေးရရင် ကုန်ကျစရိတ် တက်လာ ပါမယ်။ လေ့လာသင်ယူနေစဉ် ကာလအတွင်းမှာ ထုတ်လုပ်မှုစွမ်းအား (အလုပ်လုပ်နိုင်စွမ်း) ကျပါမယ်။ ယာယီထိခိုက်မှု ဆိုပေမယ့် တစ်ရက်လောက် ရပ်ထားဖို့တောင် မဖြစ်နိုင်တဲ့ လုပ်ငန်းကြီးတွေ အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။

ယေဘုယျသဘော ပြောရရင် OS  တစ်ခုကို သုံးစွဲတယ်ဆိုတဲ့ ကိစ္စမှာဖိုင်တွေကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့ ကိစ္စတိတိကျကျ ရှိတယ်။ hardware တွေအတွက် device  driver တွေ တိတိကျကျ ရှိတယ်။ Memory ကို စနစ်တကျသုံးစွဲဖို့ Kernal ဆိုတဲ့ စနစ်တိတိကျကျ ရှိတယ်။ Security (data လုံခြုံမှုနဲ့ data access ခွင့်ပြုမှုနှစ်မျိုးစလုံး) ပိုင်းမှာ တိကျသေချာစွာ စီမံခန့်ခွဲနိုင်တဲ့ စနစ်ရှိတယ်။ ပြီးတော့ အသုံးပြုရတာ တတ်နိုင်သမျှ လွယ်အောင် စီစဉ်ပေးထားတဲ့ user interface လည်း ရှိပါတယ်။ ဒီလို အရည်အချင်းတွေပါတဲ့ သမားရိုးကျ OS တစ်ခုကနေ လုံးဝဖောက်ထွက်လာတဲ့ Cloud ကို အခရာကျတဲ့ နေရာမှာ ရှိနေပါဦးမယ်။ ဒါ့အပြင် processor hard disk နဲ့ ရှုပ်ထွေးလှတဲ့ System component အမျိုးမျိုးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပြီး စနစ်မှာ လာရောက် ချိတ်ဆက်မယ့် Application အမျိုးမျိုး၊ အသုံးပြုမယ့် user အမျိုးမျိုးအတွက် အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းကလည်း OS တွေမှာ ရှိနေပါတယ်။

Virtual OS နဲ့ Cloud ဟာ ဒီအရည်အသွေးတွေကို ပုံစံတစ်မျိုးနဲ့  ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အခု ဆောင်ရွက်နေတဲ့ Virtualisation စနစ်မှာ သူ့ကိုအထောက်အပံ့ပြုတဲ့ OS က hardware ကို မမှီခိုအောင် တတ်နိုင်သမျှ ကြိုးစားနေပါတယ်။ အတိုင်းအတာ တစ်ခု ထိ အောင်မြင်နေပြီဆိုတာ Windows စနစ်ပေါ်မှာ Mac သုံးနိုင်တာကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်ကာလမှာ OS ရဲ့  အရေးပါမှုကို အတိုင်းအတာ တစ်ခုထိတော့ လျှော့ချနိုင်ပါလိမ့်မယ်။  Browser ဖွင့်ပြီး cloud ပေါ်တက်သုံးရတဲ့ virtual application တွေဟာ OS တွေရဲ့ သမားရိုးကျ တည်ဆောက်ပုံကို အပြီးတိုင် ပြောင်းလဲခဲ့ပြီ ဆိုတာကတော့ သေချာပါတယ်။ ဒါပေမဲ့ တကယ့် OS တစ်ခုမှာရှိတဲ့ Component တွေ၊ Accessibility တွေ၊ Usability နဲ့ Interface တွေကို လုံးလုံးလျားလျား အသွင်ပြောင်းနိုင်မလား ဆိုတဲ့ ကိစ္စမှာ Cloud ရဲ့  နုနယ်သေးတဲ့ သက်တမ်းကြောင့် အဆုံး အဖြတ်ပေးရမှာ စောလွန်း နေပါသေးတယ်။

နောင်စိုး(ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page