လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

CCTV (Closed - Circuit Television)

Posted by Unknown Tuesday, November 13, 2012 0 comments

CCTV (Closed - Circuit Television) ကို ဗီဒီယိုကင်မရာ တစ်ခုအနေနဲ့ ရှုမြင်နိုင်ပါလိမ့်မယ်။  သတ်မှတ် ထားတဲ့ နေရာတစ်ခုရဲ့ မြင်ကွင်းကို ရိုက်ကူးပြီး မှတ်တမ်းတင်မယ့် ကိရိယာဆီကို ပို့လွှတ်ပေးတယ်။ တစ်နည်းအားဖြင့် ကန့်သတ်ထားတဲ့ မြင်ကွင်းဘောင်အတွင်းက အခြေအနေအရပ်ရပ်ကို ဗီဒီယိုပုံစံ နဲ့ ပြသပေးတာကို မှတ်တမ်းတင်ပေးတာတို့ကို လုပ်ပေးနိုင်တယ်။ အချက်ပြစနစ်က အားလုံးအတွက် ပို့လွှတ်ပေးတာမျိုး မဟုတ်တဲ့အတွက် ရုပ်မြင်သံကြား ရိုက်ကူးတင်ဆက်တဲ့ ပုံစံနဲ့တော့မတူပေ။ P2P (Point to point) / point to multi point / mesh wireless links များကို လုပ်ကိုင်ပေးနိုင်တယ်။ ထောက်လှမ်းရေး ကင်မရာလို့ ဆိုနိုင်သလို ဆားပုလင်း ကင်မရာလို့လည်း ပြောနိုင်တယ်။ တချို့ကတော့ အဝေးသင်ပ ညာရေးအတွက် သင်ထောက်ကူအဖြစ် အသုံးချတာမျိုး ရှိတယ်။ များသောအားဖြင့် စက်ရုံတွေရဲ့ ထိန်းချုပ်အခန်းကနေ ကြည့်ရှုစစ်ဆေးနိုင်ဖို့ CCTV တွေကို တပ်ဆင် အသုံးပြုကြတယ်။ ဒီလိုပဲ ကုန်တိုက်တွေ မျက်ကွယ်နေရာ ရှိနေတတ်တဲ့ အရောင်းဆိုင်တွေမှာ တပ်ထားပြီး ဈေးဝယ်သူတို့ အနေအထားကို ကောင်တာက ကြည့်ရှု လေ့လာဖို့အတွက် တပ်ဆင် အသုံးပြုတာမျိုးလည်း ရှိကြတယ်။
နိုင်ငံတော်တော်များများမှာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအတွက်  CCTV ကင်မရာတွေ တပ်ဆင် အသုံးချကြတယ်။ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေမှာတော့ လမ်းဆုံလမ်းခွတို့ လူသွားလူလာ များပြား တဲ့နေရာတွေမှာ လုံခြုံရေးဆိုင်ရာ မှတ်တမ်းပြုစုဖို့အတွက် CCTV ကင်မရာတွေ တပ်ဆင် အသုံးပြုကြတာ ကိုလည်း တွေ့ကြရမှာ ဖြစ်တယ်။ ပထမဆုံး CCTV System ကို ၁၉၄၂ ခုနှစ်က ဂျာမနီနိုင်ငံမှာ Siemens ကုမ္ပဏီထုတ် ကိရိယာနဲ့ စတင် တပ်ဆင် အသုံးပြုခဲ့တယ်။ V-2 ဒုံးပျံ လွှတ်တင်မှု အခြေအနေကို အဝေးကနေ အသေးစိတ်မြင်တွေ့နိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်။ ဒီစနစ်ကို ဒီဇိုင်းလုပ် တီထွင်ပေး လိုက်သူကတော့ ဂျာမနီလူမျိုး အင်ဂျင်နီယာ Water Bruch ဖြစ်တယ်။ အမေရိကန်နိုင်ငံမှာတော့ ၁၉၄၉ ခုနှစ်မှ ပထမဆုံးစီးပွားဖြစ် CCTV System ထုတ်လုပ် ရောင်းချမှုတွေ ရှိခဲ့တယ်။ Verican ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်တဲ့အတွက် စစချင်း Verican ကိရိယာလို့ပင် ခေါ်ဝေါ်ကြသူတွေ ရှိခဲ့တယ်။

တရားဝင် တပ်ဆင်အသုံးချမှုကို ဒုံးပျံစခန်းတွေမှာသာ ပထမဆုံး အများအပြား တွေ့ကြရပေမယ့် ၁၉၇၃ ခုနှစ် ရောက်တဲ့အခါ နယူးယောက်မြို့ တိုင်းမ်စကွဲးယားမှာ အများမြင်ကွင်းကို ကြည့်ရှုလေ့လာဖို့ စတင် အသုံးပြုရာကနေ အများသုံးဖြစ်လာရတယ်။ အထူးသဖြင့် ရာဇဝတ်မှုဆိုင်ရာ အရေးအခင်းတွေမှာ သက်သေမှတ်တမ်းအဖြစ် အသုံးချနိုင်ဖို့ recording လုပ်ငန်းစဉ်တွေ အသုံးချလာတယ်။ Recording လုပ်ကိုင်မှုကို တရားဝင်ခွင့်ပြုချက်ကို ၁၉၉၀ ခုနှစ်လောက်ရောက်မှ အများအနေနဲ့ လုပ်ပိုင်ခွင့်ရှိခဲ့တယ်။ ဒီအခါမှာ လူအများသွားလာမှု မှတ်တမ်းတွေ၊ အိမ်ရာစီမံကိန်း မှတ်တမ်းတွေ၊ ကျောင်းနဲ့ပန်းခြံ မှတ်တမ်းတွေကို ရက်သတ္တပတ် တစ်ပတ်ကြာအထိ မှတ်တမ်းတင် သိမ်းဆည်းထားတဲ့ အလေ့အကျင့်တွေ ရှိကြတယ်။
CCTV ကင်မရာကို အသုံးချ မှတ်တမ်းတင်ချက်တွေကို ရာဇဝတ်မှုကိစ္စတွေမှာ သက်သေခံ အထောက် အထားအဖြစ် ပထမဆုံး အသုံးပြုခဲ့တာကတော့ ၁၉၈၅ ခုနှစ်က ဗြိတိန်နိုင်ငံ တရားရုံးတွေမှာ အများဆုံးတွေ့ကြရတယ်။ ဒီနေ့ခေတ်ပိုင်းမှာတော့ နိုင်ငံတော်တော်များများရဲ့ လုံခြုံရေး အစီအမံအနေဖြင့် CCTV ကင်မရာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ရာဇဝတ်မှုပပျောက်ရေးနဲ့ ပတ်သက်ပြီး  CCTV ကင်မရာတွေကြောင့် ကားရပ်နားရာ နေရာတွေရဲ့ ရာဇဝတ်မှု ၅၁%၊ သယ်ယူ ပို့ဆောင်ရေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာဇဝတ်မှု ၂၃% လျော့ကျသွားတယ်လို့ နော့အိစတန်နဲ့ ကင်းဘရစ်ခ်ျ တက္ကသိုလ်တို့ရဲ့ စစ်တမ်းတွေမှာ သုံးသပ်ဖော်ပြတာကို တွေ့ကြရတယ်။ နိုင်ငံတိုင်းနေရာ တိုင်းမှာ CCTV အရေအတွက် ဘယ်လောက်အထိ အသုံးပြုနေကြတယ်ဆိုတာ ပြောဆိုရ ခက်ခဲ ပါလိမ့်မယ်။ ဒါပေမဲ့ CCTV Image မဂ္ဂဇင်းစာစောင်တစ်ခုက ဗြိတိန်နိုင်ငံမှာ CCTV ကင်မရာအရေ အတွက် ၁.၈၅ သန်းအထိ ရှိတယ်လို့ မကြာသေးခင်က ရေးသား ဖော်ပြထားတာကို တွေ့လိုက်ရတယ်။ ဒါပေ မဲ့ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့အတွက် CCTV ကင်မရာတွေကို အသုံးချပြီး ရာဇဝတ်မှု ကျူးလွန်တာမျိုးတွေ ရှိလာပြန်ပါတယ်။ ဒီအတွက် နည်းပညာအသုံးချမှုတိုင်းမှာ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတယ်လို့ မှတ်ယူထားနိုင်တယ်။ ဒီနေ့ခေတ်သုံး CCTV ကင်မရာတွေက high - definition အရည်အသွေးနဲ့ ရိုက်ကူးခွင့်ရကြသလို ကွန်ပျူတာတွေကနေ ကွန်ရက်ချိတ် ထိန်းချုပ် ဆောင်ရွက်ယူတာ မျိုးတွေလည်း ရှိနေခဲ့ပါပြီ။
နောက်ဆုံး Video Content Analysis (VCA) ဆိုတဲ့ စနစ်ကို အသုံးချခွင့် ရလာကြတယ်။ ယာယီတစ်ခဏအတွင်း ထူထူးခြားခြား ဖြစ်ပေါ်လာချက်တွေကို အလိုအလျောက် ဆန်းစစ် လုပ် ကိုင်ပေးနိုင်တဲ့ အခွင့်အလမ်း ဖြစ်တယ်။ VCA က ထူးခြားတဲ့မြန်နှုန်းအား၊ ထူးခြားတဲ့ အရွယ်အစား၊ ထူးခြားတဲ့ အရောင်ဖြစ်ပေါ်လာတိုင်း အလိုအလျောက် လုပ်ကိုင် ဆောင်ရွက်တယ်။ ကွန်ပျူတာစနစ် ဖွံ့ဖြိုး တိုးတက်လာတဲ့အတွက် Facial recognition System နဲ့ CCTV ကင်မရာတို့ ပူးတွဲလုပ်ကိုင်စေတဲ့အခါ အံ့သြစရာကောင်းလောက်တဲ့ အကျိုးဆက်တွေ ရရှိတယ်။ လူပျောက်ရှာရာမှာ ဖြစ်ဖြစ် တရားခံပြေးတစ်ယောက်ကို ရှာဖွေရာမှာဖြစ်ဖြစ် ထိထိရောက်ရောက် အသုံးချယူနိုင်တယ်။ ဥပမာ မှတ်ဉာာဏ်ပေးလိုက်တဲ့ မျက်နှာပိုင်ရှင် သွားလေရာကို ကင်မရာက ရွေ့လျား ရိုက်ကူးပေးနိုင်တယ်။

မှတ်တမ်းတင်ရာမှာလည်း အရင်က ဗီဒီယိုတိတ်ခွေများနဲ့ မှတ်တမ်းတင်ယူကြရာမှ အကန့်အသတ် သဘောမျိုး ရှိနေခဲ့ကြရတယ်။ ဒီနေ့အချိန်မှာတော့ digital video recorder တွေဆီကို ပို့ပေးပြီး မှတ်တမ်းတင်နိုင်တဲ့အတွက် သိုမှီး သိမ်းဆည်းနိုင်တဲ့ ပမာဏကို ပိုကြီးနေစေတယ်။ ကွန်ပျူတာ ဆော့ဖ်ဝဲ ပိုင်းမှာလည်း Closed - circuit digital photography (CCDP) ကို အသုံးပြုခွင့်ရလာပြန်တယ်။ လက်ငင်းအခြေအနေအတိုင်း ညွှန်ပြပေးနေတဲ့ သဘာဝမျိုးရှိတယ်။ ဗီဒီယိုအရည်အသွေး ပိုကောင်းတဲ့အ တွက် အသေးစိတ် စစ်ဆေးလိုတဲ့အခါများမှာ အသုံးဝင်တယ်။
CCTV ကင်မရာကို internet protocol camera (IP Camera) အနေနဲ့ အသုံးချခွင့်ရကြတယ်။ LANs လို့ခေါ်တဲ့ သတ်မှတ်ဧရိယာတစ်ခုရဲ့ ကွန်ရက်နဲ့ ချိတ်ဆက် အသုံးပြုနိုင်တယ်။ မကြာသေးတဲ့ နှစ် ပိုင်းတွေက ပေါ်ထွန်းလာတဲ့ 3G Phone နဲ့ IP Camera ကို ချိတ်ဆက် လုပ်ကိုင်လို့ရကြတယ်။ ဒီ့အတွက် integrated system ဆိုတာ ရှိလာတယ်။ ဒုံးပျံတွေ လွှတ်တင်ရာမှာ သိပ္ပံပညာရှင်တွေ အင်ဂျင်နီယာတွေ အသုံးချနိုင်ဖို့ ဂျာမနီလူမျိုး အင်ဂျင်နီယာ Water Bruch က စတင် တီထွင်ပေးလိုက်တဲ့ CCTV ကင်မရာကနေ အများသုံးနိုင်တဲ့ လုံခြုံရေးစနစ်သုံး ကင်မရာဖြစ်လာခြင်းအားဖြင့် လောကကြီးကို အများကြီး ပြောင်းလဲပေးစေတဲ့ နည်းပညာတစ်ခုအဖြစ် တင်ပြ ပေးလိုက်ရပါတော့တယ်။

စမ်းဝေသူ

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page