လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Compact Camera ၀ယ်ယူမည်ဆိုလျှင်

Posted by Unknown Tuesday, November 13, 2012 0 comments

Compact Camera ကို အဓိကအားဖြင့် အတန်းအစားနှစ်ရပ် ခွဲနိုင်ပါသည်။  ပထမအတန်းအစားမှာ လျှပ်တစ်ပြက်မီးကြီး တွဲဖက်တပ်ဆင်နိုင်ပြီး Sensor Size အတော်အသင့်ကြီးသော တန်းမြင့် ကင်မရာ များ ဖြစ်ပါသည်။ ဒုတိယ အတန်းအစားမှာ သာမန်တွေ့ရိုးတွေ့စဉ် Point and Shoot ကင်မရာများနှင့် အရွယ်တူညီပြီး Aperture Shutter နှင့် Special effect များ ရွေးချယ်ပိုင်ခွင့် ရှိသည့်အပြင် Zoom ကို အဆပေါင်းများစွာ ဆွဲယူနိုင်သော အဆင့်မြင့် အိမ်သုံးကင်မရာများ ဖြစ်ပါသည်။ သွားလေရာ သယ်ဆောင်နိုင်အောင် ကျစ်လျစ်ပေါ့ပါးခြင်း၊ ပုံထွက်မှာ ရိုးရိုးအိမ်သုံး ကင်မရာတို့ထက် များစွာ ကောင်း မွန်ခြင်း၊ သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ခြင်းစသည့် အားသာချက်များလည်း ရှိရာ ကျွန်မအနေဖြင့် ဤအမျိုးအစား ကင်မရာတို့ကို ဝယ်ယူသည့်အခါ ယေဘုယျ ထည့်သွင်းစဉ်းစားသင့်သည့် အချက်တို့ကို အကြံပြုလိုပါသည်။ ပထမဆုံး အကြံပြုလိုသည့် အချက်မှာ ကင်မရာ ဝယ်သူများအား မျက်စေ့လည် သွားစေသည့် mega pixel ဖြစ်ပါသည်။ ယခုမှ ကင်မရာဝယ်ယူ အသုံးပြုမည့်သူများ လွဲမှားတတ်သည့် အချက်မှာ mega pixel ပိုများသော ကင်မရာသည် အရည်အသွေး ပိုကောင်းသည်ဆိုသည့် အချက်ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်ထဲတွင် အဆင့်မြင့်အိမ်သုံး Compact Camera ဝယ်မည်ဆိုပါက အနိမ့်ဆုံး 10mp (mega pixel) မှအထက် ကင်မရာများကိုသာ တွေ့ရပါမည်။ အိမ်သုံးကင်မရာဖြင့် ရိုက်ယူသော ဓာတ်ပုံကို အများဆုံး (10x14) လက်မ အရွယ်ထိသာ ချဲ့လေ့ရှိကြရာ 10MP သည် လိုသည်ထက်ပိုသော အနေအထား ဖြစ်ပါသည်။ အကယ်၍ (18 x 24) လက်မအရွယ်ထိတိုင် ကြီးမားသော ဓာတ်ပုံကြီးများ ထုတ်ယူရန် ဆန္ဒရှိမည်ဆိုလျှင် 12mp မှအထက် ကင်မရာများ ဝယ်ယူနိုင်ပါသည်။ ရိုက်ကူးသူ အရည်အသွေးရှိမည်ဆိုလျှင် ပိုမိုညက်ညောသော ပုံရိပ်ကြီးများကို ရရှိပါမည်။ သို့သော် (10x14) လက်မ အရွယ်အထိသာ ချဲ့မည့်ဓာတ်ပုံအတွက် 12mp ရှိသော ကင်မရာက 10mp ရှိသော ကင်မရာထက် သာလွန်မည်ဟု အမြဲတစေ မယူဆနိုင်ကြောင်း သတိပြုစေလိုပါသည်။ ကောင်းမွန်သော ဓာတ်ပုံတစ်ပုံ ရရှိရေးသည် အချက်အလက် များစွာအပေါ် တည်မှီသောကြောင့် ဖြစ်ပါသည်။ MP ပိုများလာသည့်အတွက် အားနည်းချက်မှာ ဓာတ်ပုံဖိုင်၏ အရွယ်အစား ကြီးမားလာပြီး memory card အပေါ်တွင် ရိုက်ကူးနိုင်သည့် ပုံအရေအတွက် နည်းခြင်း၊ ဓာတ်ပုံများ ဆက်တိုက် ရိုက်ယူလိုလျှင် လျင်မြန်မှု နှေးကွေးသွားခြင်း တို့ ဖြစ်ပါသည်။ ဓာတ်ပုံသာမက ဗီဒီယို ရိုက်ကူးလိုသည်ဟု ဆိုလျှင် HD တံဆိပ်တပ်ထားသော ကင်မရာမျိုးကို ရွေးချယ်ရပါမည်။ ကင်မရာတိုင်းသည် DVD အရည်အသွေး (640 x 480) ရှိသော ဗီဒီယိုများကို ရိုက်ယူနိုင်ပါသည်။ သို့သော် HD တံဆိပ်တပ်ထားသော ကင်မရာသည် 720p အရည်အသွေးရှိသည့် ဗီဒီယိုများ ရိုက်ကူးနိုင်သဖြင့် ကြည်လင်ပြတ်သားမှု ပိုကောင်းပါသည်။
Full HD ဟု တံဆိပ်တပ်ထားသော ကင်မရာဆိုလျှင် 1080p (1920 x 1080) အရည်အသွေးရှိသော ဗီဒီယိုကို ရိုက်ယူနိုင်မည်ဖြစ်ရာ DVD ထက် များစွာသာလွန်သော ဗီဒီယိုကို တွေ့ရပါမည်။ သို့သော် သာမန် TV များပေါ်တွင် ကြည့်၍ အဆင်မပြေဘဲ HD Video ကို လက်ခံသော TV  ပေါ်တွင်သာ အကောင်းဆုံး တွေ့မြင်နိုင်ပါမည်။ ရုပ်သံလွှဲပြောင်း ပေးပို့မှုအတွက် HDMI ကြိုးလည်း လိုပါဦးမည်။ Full HD ကင်မရာများသည် သာမန် DVD Video မျိုးလည်း ရိုက်ကူးနိုင်ပေရာ နောင်တွင် အများသုံး ဖြစ်လာမည့် HDTV များအတွက် ယင်းကင်မရာမျိုးကို ကြိုတင်ရွေးချယ် ဝယ်ယူထားနိုင်ပါသည်။ မြင့်မားသော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်တို့၏ အရွယ်အစားက သိုလှောင်နိုင်မှု စွမ်းအားကောင်းသော memory card  များကို တောင်းဆိုပါသည်။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ Compact Camera ဝယ်မည်ဟုဆိုလျှင် အနိမ့်ဆုံး 2GB မှသည် 4GB အထိရှိသော SD memory Card မျိုးကို မေတ္တာ လက်ဆောင် ပေးလေ့ရှိပါသည်။ SD သည် အခြေခံအဆင့် memory card ဖြစ်ပါသည်။ ယင်း၏ အမြန်နှုန်းကို Class ဖြင့် ဖော်ပြပါသည်။ ဥပမာပြရလျှင် Class 6 SD Card  သည် Class 4 ထက်စာလျှင် ရိုက်ကူးနိုင်မှု အမြန်နှုန်း ပိုမိုမြင့်မားပါလိမ့်မည်။ သာမန်လူများ အနေဖြင့် ယင်း Class များကို မရင်းနှီးကြပါ။ ထို့ကြောင့် ပုံသေမှတ်ယူနိုင်သည်မှာ ဓာတ်ပုံရိုက်ရာ၌ အမြင့်ဆုံး အမြန်နှုန်းကို ရယူလိုပါက SDXC၊ အလယ်အလတ် အမြန်နှုန်းကို ရယူလိုပါက SDHC ကတ်များ သုံးရမည်ဟူ၍ ဖြစ်ပါသည်။
ကင်မရာအများစုမှာ SDHC ကတ်ကို လက်ခံနိုင်ပြီး SDXC ကတ် လက်မခံနိုင်ခြင်း ရှိမရှိကို မေးမြန်းလေ့လာပြီး ဝယ်ယူရပါမည်။ Compact Camera ဝယ်ရာ၌ Zoom ဆွဲယူနိုင်မှု အဆမြင့်မားခြင်းသည် အားသာချက် ဖြစ်ပါသည်။ မှန်ဘီလူးမှ ချဲ့ပေးသော ပုံရိပ် (Optical Zoom) ကိုသာ အားကိုးသင့်ပြီး ဆော့ဖ်ဝဲမှ ချဲ့ပေးသော ပုံရိပ် (Digital Zoom) ကို အားမကိုးသင့်ပါ။ ၂၀၁၂ ခုနှစ်အတွင်း ရောင်းချသော အဆိုပါ ကင်မရာ အတန်းအစားတွင် 7X မှ အထက် Zoom ကို ပေးပါသည်။ အိမ်သုံးအဆင့်မြင့် Compact Camera များတွင် Zoom အများဆုံး 18X အထိ ရရှိနိုင်ပါသည်။ Zoom ကို စဉ်းစားသည့် အခါတိုင်းတွင် ကင်မရာမှန်ဘီလူး၏ Focal Length ကိုလည်း ထည့်သွင်း စဉ်းစားရပါမည်။ ဤနေရာတွင်မူ ကျွမ်းကျင်သူ၏ အကူအညီယူခြင်းက ပိုမိုသင့်လျော်ပါသည်။ Focal Length နည်းလေ မြင်ကွင်းပိုကျယ်သောပုံကို ရိုက်ယူနိုင်လေ ဖြစ်ပါသည်။ 28 mm ထက်စာလျှင် 24 mm Focal Length က မြင်ကွင်းပို၍ ကျယ်ကျယ်ရိုက်နိုင်ပါမည်။ လူတစ်အုပ်တစ်မကြီးပါအောင် ရိုက်ကူးလိုလျှင်သော် လည်းကောင်း၊ တောတောင်ရေမြေ၏ ကျယ်ပြန့်သော မြင်ကွင်းကို လိုလျှင်သော် လည်းကောင်း အသုံးတည့်ပါသည်။ Zoom ဆွဲအား မြင့်မားသင့်သလို ကင်မရာ မှန်ဘီလူးကလည်း အမျိုးအ စားကောင်း ဖြစ်ဖို့လိုပါသည်။ ဖိုင်ဘာ မှန်ဘီလူးများထက်စာလျှင် ဖန်သားမှန်ဘီလူးများက ပိုမိုကောင်း မွန်သော  ပုံရိပ်ကိုပေးပါသည်။ ရွေးခွင့်ရှိမည်ဆိုလျှင် Carl Zeiss နှင့် Leica ကဲ့သို့သော ကမ္ဘာကျော် အဆင့်မြင့် မှန်ဘီလူးများကို ရွေးချယ်သင့်ပါသည်။ ယင်းတို့သည် ဖန်သားမှန်ဘီလူးများလည်း ဖြစ်ပါသည်။
သို့ရာတွင် နစ်ကွန်၊ ကင်နွန်နှင့် အိုလမ်ပတ်စ် ကင်မရာများ၏ မှန်ဘီလူးများသည်လည်း အရည်အသွေး ညံ့လှသည်တော့ မဟုတ်ပါ။ Zoom ဆွဲအား မြင့်မားလာသည့်အခါ ပုံရိပ်တည်ငြိမ်မှုစနစ် အားကောင်းဖို့လည်း လိုလာပါသည်။ ၂၀၁၂ ခုနှစ်ထုတ် ကင်မရာမျာတွင် Optical Image Stabilization ကိုသာ အားပြုလာပါသည်။ နစ်ကွန်ကင်မရာများတွင် VR (vibration reduction) နှင့် အခြားကင်မရာများတွင် OI (Optical Image Stabilization) ဟူ၍လည်း ညွှန်းဆိုပါသည်။ ဖြစ်နိုင်လျှင် မှန်ဘီလူးတွင် ပုံရိပ်တည်ငြိမ်မှု အတွက်သာမက ဆော့ဖ်ဝဲဖြင့်ပါ ကူထိန်းပေးသော Dual Image Stabilization က သာ၍ ကောင်းမွန်ပါသည်။ သို့သော် ပုံရိပ်တည်ငြိမ်မှု အကောင်းလွန်လျှင် Sharpness နှင့် Tone ထိခိုက်နိုင်သည်ကို သတိပြုရပါမည်။ အိမ်သုံးအဆင့် ကင်မရာကိုင်သူများသည် ဓာတ်ပုံပညာပိုင်းဆိုင်ရာ အယူအဆများနှင့် မရင်းနှီးလှသဖြင့် ကင်မရာက ချိန်ညှိပေးသော အရည် အသွေး ကောင်းဖို့လိုပါသည်။ Scene mode ဟုခေါ်သော Shooting mode များသည် ဤနေရာ၌ အခရာ ကျလာပါသည်။ လူပုံ၊ နေ့ရှုခင်း၊ ညရှုခင်း၊ လှုပ်ရှားရုပ်ပုံ၊ အလင်းအားနည်းသော ရှုခင်း စသည်တို့အတွက် ကင်မရာက ချိန်ညှိရိုက်ကူးပေးမည့် mode များသည် ၂၀၁၂ ခုနှစ်ထုတ် Compact ကင်မရာတိုင်းတွင် ပါဝင်ပါသည်။ ကင်မရာအတော်များများတွင် ယင်းတို့ကို လှည့်ဘီး (dial wheel) ဖြင့် လွယ်ကူ စွာ ရွေးယူနိုင်ပြီး အချို့တွင် Scene mode butlon နှိပ်၍ ဝင်ရောက် ရွေးချယ်ယူရပါသည်။
ဓာတ်ပုံအမျိုးစုံအောင် ရိုက်လိုလျှင် ထည့်သွင်း စဉ်းစားသင့်သည့် အချက်မှာ မြင်ကွင်းကျယ်ဓာတ်ပုံ (Panorama) ရိုက်ကူးနိုင်သော အရည်အသွေး ဖြစ်ပါသည်။ အပျော်တမ်း ဓာတ်ပုံဆရာအတွက်မူ ရိုက်ကူးပြီးသည်နှင့် ပုံရိပ်များကို ကင်မရာထဲတွင် အလိုအလျောက် ဆက်ပေးသော Intelligent panorama ကင်မရာမျိုးကို ရွေးချယ်ခြင်းက ပိုမိုသင့်တော်ပါသည်။ အခမ်းအနား တစ်ခုလုံးပါသော သို့တည်းမဟုတ် လူတစ်အုပ်ကြီးပါသော မြင်ကွင်းကျယ် ဓာတ်ပုံမျိုးအတွက် အလွန်အသုံးတည့်ပါသည်။ Compact Camera အတွက် နောက်ဆုံး စဉ်းစားသင့်သည့်အချက်မှာ တည်ဆောက်ပုံ ဖြစ်ပါသည်။ ကင်မရာတစ်လုံးကို လက်ဖြင့် မြဲမြံတည်ငြိမ်စွာ ကိုင်တွယ်နိုင်ရန်အတွက် လက်ကုတ် (grip) နေရာ ထည့်သွင်းထားမှု ရှိသင့်ပါသည်။ ချွေးစိုလာလျှင် ကင်မရာကိုင်မှု မြဲမြံစေရန် ထိုနေရာတွင် ရာဘာသား အောက်ခံပါက ပိုကောင်းပါသည်။ ဗီဒီယိုရိုက်ယူသည့် ခလုတ်ကို သီးခြားပေးထားလျှင် အလုပ်လုပ်ယူရသည်မှာ ပိုမို အဆင်ပြေပါမည်။ သာမန်အားဖြင့် မဖြစ်မနေ ချိန်ညှိရမည့် EV နှင့် ISO တို့ကဲ့သို့သော အရာများကို ခလုတ်များဖြင့် လွယ်ကူစွာ ချိန်ညှိနိုင်အောင် ပြုလုပ်ပေးထားလျှင် ကောင်းလိုက်သည်မှာ ဆိုဖွယ်မရှိပါ။ ချိန်ညှိဖွယ်ရာတို့ကို menu ထဲဝင်၍ ချိန်ညှိရမည် ဆိုလျှင်လည်း အဆင့်နည်းနည်းဖြင့်  ချိန်ညှိနိုင်သင့် ပါသည်။
ဗီဒီယိုနှင့် ဓာတ်ပုံများ ရုပ်ထွက်ကောင်းရန် sensor က အရေးကြီးပါသည်။ (၂၀၁၂) ခုနှစ်ထုတ် Compact Camera များတွင် CMOS Sensor ကို အသုံးများလာသော်လည်း CMOS နှင့် CCD Sensor များတွင် မည်သည်က ပြတ်ပြတ်သားသား သာလွန်ကောင်းမွန်သည်ဟု မပြောနိုင်သေးသော အခြေအနေတွင် ရှိပါသည်။ မည်သည့် sensor ကိုသုံးသုံး အရွယ်အစားကြီးရန် လိုသည့်အတွက် ကျွမ်းကျင်သူနှင့် တိုင်ပင်ဝယ်ယူရပါမည်။ မည်သည့်နေရာတွင် ဓာတ်ပုံရိုက်ခဲ့မှန်း သိလိုလျှင် GPS စနစ်ပါသော ကင်မရာဝယ်ဖို့ လိုပါမည်။ သို့သော် အင်တာနက်နှင့် Google Map ချိတ်ဆက်ထားမှု ရှိမှသာ မိမိဓာတ်ပုံ ရိုက်ယူခဲ့သော နေရာအတိအကျကို သိရပါမည်။ နေရာစုံသို့သွားပြီး ဓာတ်ပုံအမြောက်အမြား ရိုက်လေ့ရှိသူများအတွက်သာ GPS စနစ် လိုအပ်ပါသည်။

ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page