လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Google ၏ Project Glasses

Posted by Unknown Tuesday, November 13, 2012 0 comments

Google က Project Glass ဟု ခေါ်ဆိုသည့် မျက်ကပ်မှန်ကဲ့သို့ တပ်ဆင်ရပြီး  မျက်စိအမြင်အာရုံရှေ့တွင်  တိုက်ရိုက် ပြသပေးနိုင်သည့်  အဆင့်အမြင့်ဆုံး တစ်ကိုယ်ရည်သုံး နည်းပညာပစ္စည်း တစ်မျိုးကို ထုတ် လုပ် ပြသလိုက်သည့်  အချိန်တွင် နည်းပညာ စိတ်ဝင်စားသူများအတွင်း သိသိသာသာ အမြင်ကွဲပြားသည့် အုပ်စုနှစ်စု ပေါ်ထွက်လာသည်။ ပထမအုပ်စုက အလွန် အံ့အားသင့်သွားပြီး စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ထဲက နည်းပညာမြင့် ပစ္စည်းများသည်  အမှန်တကယ် ပေါ်ထွက်လာပြီဟု ဆိုသည်။ ဒုတိယအုပ်စုက ခဏ တာ ပေါ်ပင်အဖြစ် ပေါ်ထွက်လာသည့်ပစ္စည်း ဖြစ်ပြီး ရေရှည်အတွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည် မဟုတ်ဟု ဆိုကြသည်။ အောက်တွင် ဆက်လက်ဖော်ပြမည့်  အချက်အလက်များကို ကြည့်ရှု၍ စာဖတ်သူ ကိုယ်တိုင် ဝေဖန် ဆန်းစစ်ကြည့်ကြပါဟု ဆိုချင်ပါသည်။

Project Glass သည် ဝတ်ဆင် အသုံးပြုနိုင်သော ကွန်ပျူတာစနစ်တစ်မျိုး ပေါ်ထွက်လာစေရန် Google ၏ ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။ ဖရိန်အတွင်း မြှုပ်သွင်း တပ်ဆင်ထားသည့် ဘက်ထရီ တစ်ပါတည်း ပါရှိကာ မျက်စိရှေ့ အမြင်အာရုံတွင် ပြသပေးနိုင်သည့် ပုံဖော်စနစ် ပါရှိသည့် Smart Glass ဟုလည်း ခေါ်ဆိုနိုင်သည့် တစ်ကိုယ်ရည်သုံး စွယ်စုံ အထောက်အကူပြု ပစ္စည်းတစ်မျိုး ဖြစ်သည်။ ဝတ်ဆင် အသုံးပြုနိုင်သည့် ကွန်ပျူတာစနစ်မှာ အမှန်စင်စစ် ယခုမှ ပေါ်ထွက်လာသည့် နည်းပညာသစ်တစ်ရပ် မဟုတ်သော်လည်း ချမ်းသာကြွယ်ဝသည့် Google ၏ ဓနအင်အားနှင့် လုပ်နိုင်စွမ်းရှိသည့်  နည်းပညာတို့က အများသူငါ အသုံးပြုနိုင်မည့် အရေအတွက် များများ ပေါ်ထွက်လာစေမည့် အကြောင်းဖန်လာခြင်းပင် ဖြစ်သည်။

Project Glass (သို့မဟုတ်) Google Glass တွင် ဖောက်ထွင်းမြင်နိုင်သည့် LCD (AMOLED) ပုံဖော်စနစ် ပါရှိပြီး ၎င်းက မျက်စိရှေ့တွင် အလိုရှိရာ တစ်စုံတစ်ရာကို ပြသပေးနိုင်မည်။ တပ်ဆင်ပါရှိသည့် ကင်မရာနှင့် GPS တို့ကြောင့် ဝတ်ဆင်ထားသူ၏ မြင်ကွင်းနှင့် ရောက်ရှိရာ နေရာတို့ကို တွက်ချက်ကာ မိမိ အမြင်အာရုံအလိုက် လိုအပ်သည့် မြေပုံနှင့် ခရီးသွားလမ်းညွှန်တို့ကို ပြသပေးနိုင်မည်။ ထို့ပြင် ကွန်ပျူတာတစ်လုံး၏ မျက်နှာပြင်များမှာကဲ့သို့  စာမျက်နှာများကို အပေါ်အောက် ရွှေ့ယူ ကြည့်ရှုနိုင်ရန် အတွက်မူ မိမိဦးခေါင်းကို အနည်းငယ် ထက်အောက် လှုပ်ရှားပေးခြင်းဖြင့် အသုံးပြုနိုင်မည်ဟု ဆိုသည်။ ထို့ပြင် Google Glass သည် အသံဖြင့် စေခိုင်းခြင်း၊ အသံဖြင့် သတင်း အချက်အလက်များ ထုတ်ပေးနိုင်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

အဆိုပါ Glasses များသည် Google ၏ ကိုယ်ပိုင် Mobile Operating System ဖြစ်သည့် Android ကို အသုံးပြုထားပြီး လှုပ်ရှားမှုကို အာရုံခံနိုင်သည့် Sensor, GPS နှင့် 3G နှင့် 4G Data Connection များ ပါရှိသည်။ Google ၏ အဆိုအရ အဆိုပါ Glasses များသည် မိုဘိုင်းဖုန်း ကွန်ပျူတာ အစရှိသည့် မည်သည့် အခြားသော ပစ္စည်းအပေါ် မှီခိုရန် မလိုအပ်ဘဲ သူ့ချည်း သီးသန့်လည်း အသုံးပြုနိုင်မည်။ ၎င်း၏ရှေ့တွင် Megapixels သိပ်မများသည့်  ကင်မရာတစ်လုံး ပါရှိကာ ထိုကင်မရာကို အထောက်အပံ့ပြုရန် Flash ငယ်တစ်ခုပါ ထည့်သွင်းထားသည်။

Google Glasses ကို ဝတ်ဆင်ထားလျှင် သင်သည် ခေတ်သစ် နည်းပညာလောက၏ စမတ်အကျဆုံး လူသားတစ်ဦး ဖြစ်ပြီဟုဆိုသည်။ ၎င်းက သင်လိုအပ်သမျှ သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ အနီးကပ်ဖြည့် ဆည်းပေးနေမည်။ သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် အချိန်းအ ချက် ပြုလုပ်ခြင်း၊ သင်သွားသည့် ခရီးလမ်းတစ်လျှောက် လိုအပ်သည့် သတင်း အချက်အလက် များ ပေးခြင်း၊ နှုတ်ဖြင့် စေခိုင်းရုံဖြင့် ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူး မှတ်တမ်းတင်ပေးခြင်း၊ အနီးဆုံး စားသောက်ဆိုင်ရှိရာ လမ်းညွှန်ပေးခြင်းနှင့် နေရာအတွက် ဘွတ်လုပ်ပေးခြင်း စသည်တို့ ပြုလုပ်နိုင်မည်ဟု ဆိုသည်။ ထို့ပြင် အလုပ်ထဲတွင် ရောက်ရှိနေပါက အလုပ်အတွက် လိုအပ်သမျှ စာရွက်စာတမ်း သတင်းအချက်အလက် စသည်တို့ကိုလည်း ရှာဖွေ ကြည့်ရှုနိုင်ဦးမည်။

New York Times သတင်းစာကြီးကမူ ထို Google Project Glasses များသည် ခဏတာ ပေါ်ပင်ဖြစ်မည့် ပစ္စည်းမျိုး မဟုတ်ဟု ဆိုပါသည်။ Google ၏ အတော်ဆုံးဟု ဆိုရမည့် ပညာရှင်တစ်စုသည် ထိုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပြီ ဖြစ်သည့်အပြင် နောင်တွင် ပိုမို၍ သေးငယ်ပြီး ပိုမို စွမ်းပကားမြင့်မားသည့် ပစ္စည်းများ ထွက်ပေါ်လာစေရန် အတွက်ပါ ရည်ရွယ် လုပ်ကိုင်နေကြသည်။ သို့ရာတွင် ထိုကဲ့သို့ နည်းပညာမြင့် ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်သည့် 3G/4G Mobile Communication စနစ်များ အဆင်ပြေ ကောင်းမွန်မှု ရှိရန်မှာ လွန်စွာ အရေးကြီးလှသည်။ ကျွန်တော်တို့ မြန်မာပြည်တွင်လည်း ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် အချိန်တွင် နည်းပညာ လျှင်မြန်စွာ တဟုန်ထိုး တိုးတက်နေသော ခေတ်တွင် အများနည်းတူ ရင်ဘောင်တန်း လျှောက်လှမ်းနိုင်ရန်အတွက် မျက်မှောက်ကမ္ဘာ၏  မရှိမဖြစ် လိုအပ်ချက် တစ်ခုသဖွယ် ဖြစ်သော ထိုကြိုးမဲ့ဆက်သွယ်ရေး နည်းစနစ်များနှင့် မြန်နှုန်းမြင့် အင်တာနက် နည်းပညာ တို့ကို အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကိုငယ်လေး(မန္တလေး)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page