လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Photoshop CS 6 တွင် Curves အသုံးပြုခြင်း

Posted by Unknown Tuesday, November 13, 2012 0 comments

Photoshop တိုင်းတွင် ပါဝင်သော Curves သည် tone နှင့် Contrast ကို တစ်နေရာတည်းမှ ချိန်ညှိနိုင်သော အလွယ်ကူဆုံး tool ဖြစ်ပါသည်။  Photoshop 7 မှသည် CS 6 ထိတိုင် သူ့အ သွင်အပြင်သည် အနည်းငယ်ပြောင်းလဲမှု ရှိပါသည်။ လုပ်ဆောင်နိုင်စွမ်း တိုးချဲ့ ထည့်သွင်းလာခြင်းများ ရှိပါသည်။ မြင့်မားလာသော Hardware များနှင့် တွဲဖက် သုံးစွဲလာသဖြင့် CS6 တွင် အလုပ်လုပ်ရပို၍ လျင်မြန်လာခြင်းနှင့် ပိုမိုတိကျ သေသပ်လာခြင်းလည်း ရှိပါသည်။ Curves သည် အသုံးပြုရ အလွန် ရှင်းလင်းလွယ်ကူသော Tool ဖြစ်သော်လည်း ဆင်ခြင်တိုင်းတာ သုံးစွဲတတ်မှသာ အကောင်းဆုံးရလဒ်ကို ရရှိနိုင်ပါသည်။ Curves ကို အသုံးပြုရာတွင် အကောင်းဆုံးရလဒ် ရရှိစေရန် အောက်ပါတို့ကို သတိပြု သင့်ပါသည်။

Contrast ကို ထိန်းထိန်းသိမ်းသိမ်း ချိန်ညှိပါ
ပုံရိပ်တစ်ခုအား ကြည့်ရှုသူ၏ ရင်ထဲသို့ စူးရှစွာ ဝင်ရောက်သွားနိုင်ရေးတွင် Contrast သည် အရေးပါသည်။ Contrast တက်လာအောင် Curves ဖြင့် အလွယ်တကူ တိုးမြှင့်နိုင်ပါသည်။ ထိုသို့ မြှင့်တင်ရန်အတွက် Curves တွင် မြင်နေရသော ထောင့်ဖြတ်မျဉ်းပေါ်တွင် ဘယ်ကလစ်ချပြီး point တစ်ခု သတ်မှတ်ရပါမည်။ ပထမဆုံး သတ်မှတ်ရမည့် point မှာ highlight အပိုင်း တစ်နည်းဆိုရသော် ထောင့်ဖြတ်မျဉ်း၏ အပေါ်ပိုင်းတွင် ချရပါမည်။ ထို point ပေါ်တွင် ဘယ်ကလစ် ဖိထားပြီး အပေါ်သို့ ရောက်အောင် ဆွဲတင်ရပါမည်။ ပုံရိပ်၏ အလင်းပိုင်းကို အနည်းငယ် တိုးမြှင့်ခြင်း ဖြစ်ပါသည်။ ထို့နောက် ဒုတိယ point တစ်ခုကို shadow အပိုင်းတစ်နည်းဆိုရသော် ထောင့်ဖြတ်မျဉ်း၏ အောက်ပိုင်းတွင် ချရပါမည်။ ထို point ပေါ်တွင် ဘယ်ကလစ်ဖိထားပြီး အောက်ဘက်သို့ ဆွဲချရပါမည်။ ပုံရိပ်၏ အမှောင်ပိုင်းကို အနည်းငယ် တိုးမြှင့်ပေးခြင်း ဖြစ်ပါသည်။ ယခုအခါတွင် ပုံရိပ်၏ အလင်းဆုံးအပိုင်းနှင့် အမှောင်ဆုံးအပိုင်းရှိ အသွေး (tone) ပိုတက်လာပြီဖြစ်၍ contrast မှာလည်း ပို၍ မြင့်မားလာပါမည်။ ထိုအချိန်တွင် Curves ကို ကြည့်ပါက ထောင့်ဖြတ်မျဉ်းသည် S ပုံသဏ္ဌာန် ဖြစ်နေသည်ကို တွေ့ရပါမည်။ S ပုံသဏ္ဌာန် ပီသအောင် ကွေးကောက်မှုများလေ Contrast က ပိုမြင့်လေ ဖြစ်ပါသည်။ သို့သော် မျက်စေ့ပသာဒဖြစ်သော Contrast မျိုးရစေရန်အတွက် S သည် ခပ်ပြေပြေလေး ကွေးကောက် သင့်ပါသည်။

Control Point များများ ထား၍ ချိန်ညှိပါ
Curves သည် Levels နှင့် အသွင်အပြင် ခပ်ဆင်ဆင်တူသော်လည်း levels ထက်ပို၍ အစွမ်းသတ္တိကောင်းရခြင်းမှာ Control point များစွာ ထည့်သွင်းပြီး အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ Curves ၏ ထောင့်ဖြတ်မျဉ်း တစ်လျှောက်တွင် Control Point များစွာ ချ၍ ချိန်ညှိခြင်းအားဖြင့် ပုံရိပ်၏အသွေးကို ချိန်ညှိရာတွင် ပို၍ အသေးစိတ် တိကျစေပါသည်။ Levels တွင် Shadows, Midtones နှင့် Highhights ဟူ၍ အပိုင်း ၃ ပိုင်းဖြင့်သာ ချိန်ညှိနိုင်သည်။ Curves တွင် မူရင်းအပိုင်းတစ်ခုစီ အတွင်း၌ပင် point အများအပြားချ၍ အနုစိတ် ခွဲခြားချိန်ညှိနိုင်သော အဆင့်ရှိပါသည်။ ချထားသော point တို့သည် highlight သို့မဟုတ် shadow ဧရိယာတစ်ခုအတွင်းတွင် သက်ဆိုင်ရာအပိုင်းကို ကွက်၍ ချိန်ညှိရန် အခွင့်အရေးပေးပါသည်။ ချထားသော point တစ်ခုကို ဖယ်ရှားလိုလျှင် ယင်းအပေါ်၌ ဘယ်ကလစ်ချ၍ ဖိဆွဲလာပြီး ဘောင်အပြင်ဘက်ရောက်မှ လွှတ်ချခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။

အရောင်လိုင်း တစ်ခုချင်းခွဲ၍ ချိန်ညှိပါ
Photoshop တွင် အရောင်ချိန်ညှိရာ၌ အရောင်လိုင်းများ ခွဲခြားပြီး ချိန်ညှိနိုင်ကြောင်း အသုံးပြုဖူးသူတိုင်း သိကြပါလိမ့်မည်။ Curves တွင်လည်း အရောင်းလိုင်း တစ်လိုင်းချင်း ခွဲခြား ချိန်ညှိခွင့်ပေးထားပါသည်။ ပုံရိပ်တွင်းရှိ သက်ဆိုင်ရာ tonal range တစ်ခုအတွင်း မလိုလားအပ်သော အရောင်များ လာရောက် စွဲထင်ခြင်း (Color Cast) ရှိနေလျှင် ဤသို့ အရောင်လိုင်း တစ်လိုင်းချင်း သီးခြားခွဲ၍ ချိန်ညှိနိုင်သော အရည်အသွေးသည် အထူးပင် အသုံးဝင်လာပါသည်။
ဥပမာဆိုရလျှင် မိမိပြုပြင်လိုသော ပုံရိပ်၏ Shadow အပိုင်းတွင် အနီရောင်စွန်း (Red cast) ရှိသည် ဆိုပါစို့။ Color အလုံးစုံကို ချိန်ညှိသော Universal adjustment (တစ်နည်းဆိုရသော် RGB Adjustment) တွင် ထား၍ ချိန်ညှိပါက မိမိမလိုလားသော အနီရောင်ကိုသာမက အခြားသော အသွေး (tone) များကိုပါ ထိခိုက်စေပါလိမ့်မည်။ Curves သည် မိမိပြုပြင်လိုသော tonal area တစ်ခုကို သီးခြားကွက် ၍ ပြုပြင်ခွင့်ပေးသောကြောင့် ဤပြဿနာကို ပြေလည်စေပါသည်။ Shadow ပိုင်းတွင် ရှိနေသော အနီရောင်စွန်းကို ပြုပြင်ရန်အတွက် Curves Box ၏ အပေါ်ဘက်နားတွင် ရှိသော Channel စာသားဘေး ရှိ အောက်စိုက်မြားခေါင်း နေရာတွင် ဘယ်ကလစ် နှိပ်ရပါမည်။ ကျလာသော အကွက်ထဲမှ red ကို ရွေးပေး ရပါမည်။ ထို့နောက် ထောင့်ဖြတ်မျဉ်းပေါ်တွင် highlight နှင့် midtone နေရာ၌ point များချပါ။ နောက်ဆုံး point ကို ထောင့်ဖြတ်မျဉ်း၏ အောက်ဘက်နားကျကျတွင် ချပါ။ ပြီးလျှင် အောက်ဆုံး point ကို အောက်ဘက်သို့ ဆွဲချပြီး အနီရောင်စွန်းကို လျှော့ချပါ။

အရောင်ကို မထိခိုက်စေဘဲ Contrast ကို မြှင့်တင်ပါ
Levels တွင် ဖြစ်စေ Curves တွင်ဖြစ်စေ သီးခြားအစိတ်အပိုင်း ခွဲခြား၍ မထားပါက မရည်ရွယ်ပါဘဲ အရောင်ကိုပါလာ၍ ချိန်ညှိသလို ဖြစ်နေတတ်ပါသည်။ ဤကိစ္စသည် တစ်ခါတစ်ရံတွင် စိတ်ကျေနပ်ဖွယ် ရလဒ်ကို ရကောင်းရစေပါလိမ့်မည်။ သို့သော် အရောင်ကို မထိခိုက်စေဘဲ Contrast (သို့မဟုတ်) brightness ကို ပြုပြင်လိုသော အချိန်အခါမျိုးလည်း ရှိကောင်းရှိနိုင်ပါသည်။ ထိုသို့ ပြုပြင်မည်ဆိုလျှင် Curves တွင် တိုက်ရိုက် ချိန်ညှိပြုပြင်၍မရပါ။ Adjustment Layer အသစ်တစ်ခုကို Layers > new adjustment layer> Curves မှ တစ်ဆင့် ဖွင့်ရပါမည်။ Layer name ပေးပြီး ဖွင့်ထားရပါမည်။ ထိုအခါ Layer palette ထဲတွင် Curves အမည်ဖြင့် Layer အသစ်တစ်ခု ပေါ်လာသည်ကို တွေ့ရပါမည်။ ထို့နောက် Layer blending mode သို့ သွားပါ။ Normal ဟု ရေးထားသော နေရာ၏ ညာဘက်ရှိ အောက် စိုက်မြားခေါင်းလေးသည် Layer blending နေရာဖြစ်ပါသည်။ ယင်းနေရာတွင် ဘယ်ကလစ်နှိပ် ပါ။ ရွေးချယ်ပိုင်ခွင့် ဇယားတစ်ခု ကျလာပါမည်။ ယင်းဇယားထဲမှ Luminosity ကို ရွေးပေးပါ။ Curves တွင် ပြုပြင် ချိန်ညှိသမျှ အရာအားလုံးသည် အရောင်ကို မထိခိုက်စေကြောင်း တွေ့ရပါလိမ့်မည်။

Curves ၏ adjustment Panel ကို သုံးရလွယ်အောင် ချိန်ထားပါ
Photoshop ဖြင့် ပုံရိပ်များကို မြန်မြန်ဆန်ဆန် ပြုပြင်ချိန်ညှိလိုလျှင် Curves ကို ထပ်တလဲလဲ သုံးစွဲရပါလိမ့်မည်။ Curves ၏ adjustment panel ကို ကြိုတင်ချိန်ညှိထားလျှင် Curves ၏ စွမ်းရည်ကို အထိရောက်ဆုံး အသုံးပြုနိုင်ပါလိမ့်မည်။ Adjustment panel ကို သုံးစွဲရ လွယ်ကူစေရန် ချိန်ညှိနိုင်သော နည်းလမ်းများ ရှိပါသည်။ ပထမနည်းလမ်းမှာ Adjustment Panel ကို အရွယ်အစားကြီး လာအောင် ပြုလုပ်သော နည်းလမ်း ဖြစ်ပါသည်။ ရိုးရိုး Curves တွင် ဤနည်းကို သုံး၍မရဘဲ Layers > New Adjustment Layer > Curves ကို ခေါ်ပြီး Layer အသစ်ဖွင့်သုံးမှ ရပါသည်။ Layer အသစ် ပေါ်လာပြီးလျှင် Adjustment panel အသစ်ကို တွေ့ရပါမည်။ ယင်း panel ၏ အပေါ်ညာဘက် ထောင့်တွင်ရှိသော option ကို နှိပ်ပါက dropdown list တစ်ခုကျလာပါမည်။ ယင်းထဲမှ Extended View ကို ရွေးပေးလိုက်လျှင် မူလထက် ပိုမိုကြီးသော Adjustment panel ကို ရပါမည်။ အနုစိတ် ချိန်ညှိမှုများအတွက် ပိုကောင်းပါသည်။ (CS 4 မှ အထက် Version များတွင်သာ ဤသို့ ပြုလုပ်နိုင်ပါမည်။) ဒုတိယနည်းလမ်းမှာ ပြုပြင်မှုများကို ပိုမို မြင်သာစေရန်အတွက် Adjustment panel အတွင်း လေးထောင့်ကွက် (grid) များ ချထားခြင်း ဖြစ်ပါသည်။ Alt ကို ဖိထားပြီး Curves ချိန်ညှိ ရာ လေးထောင့်ကွက်အတွင်း ဘယ်ကလစ်နှိပ်ခြင်းဖြင့် အနုစိတ် လေးထောင့်ကွက်များ ပေါ်လာပါမည်။ Curves ကို သုံးစွဲချိန်ညှိရာတွင် ယင်းအကွက်ငယ်များကြောင့် ပိုမိုတိကျသော ချိန်ညှိမှု များပြုလုပ်နိုင်စေ ပါသည်။

ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page