လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Window 2 ခုသုံးကြည့်ရအောင်

Posted by Unknown Wednesday, November 14, 2012 0 comments

Windows 2 ခုရှိတာ ကောင်းပါတယ်။ တစ်ခုမှာ အဆင်မပြေတဲ့ ဆော့ဖ်ဝဲတွေကို အဲဒီ Windows မှာ သွားပြီး ထည့်နိုင်ပါတယ်။ ဆော့ဖ်ဝဲတင်လို့ အဆင်မပြေရတဲ့ ကိစ္စမှာ အခြေအနေနှစ်ခု ရှိပါတယ်။ အဖြစ်များတာက Windows XP မှာ အဆင်ပြေခဲ့တဲ့ ဆော့ဖ်ဝဲတွေ Windows 7 မှာ အဆင်မပြေတဲ့ အဖြစ်ပါ။ နောက်တစ်မျိုးက Windows 7 မှာ အဆင်ပြေပင် ပြေနိုင်ငြားသော်လည်း ဆော့ဖ်ဝဲပေါင်းစုံ တင်ထားပြီးတဲ့ အခြေအနေမှာ Error တချို့ ရှိနေပြီး ဆော့ဖ်ဝဲအသစ်ကို လက်မခံတာမျိုး ဖြစ်ပါတယ်။ Windows နှစ်ခု ရှိနေတော့ Antivirus ဆော့ဖ်ဝဲနှစ်မျိုး သုံးနိုင်ပါတယ်။ ကံဆိုးလို့ Windows တစ်ခုမှာ ဗိုင်းရပ်စ်ဝင်ပြီ ဆိုရင်လည်း ကျန်တဲ့ Windows တစ်ခုကနေ လှမ်းစစ်ပြီး ဖယ်ပစ်နိုင်ပါတယ်။ မလုံခြုံတော့ဘူး ထင်ရင်လည်း တခြား Windows အကန့်ကနေ Virus စွဲနေတဲ့ Windows ကို အန္တရာယ် ကင်းစွာပဲ Format ချနိုင်ပါတယ်။ အလုပ်မပျက်ဘဲ ကွန်ပျူတာကို ဆက်သုံးနိုင်ပါတယ်။ Windows XP သုံးစဉ်တုန်းက ပုံစံတူ XP နှစ်ခုတင်ပြီး ကျွန်တော် သုံးဖူးပါတယ်။ တစ်ခါမှာ Photoshop က ဖိုင်တစ်ခု ပျက်သွားပြီး အလုပ်မလုပ်တော့ဘူး။ အဲဒီအချိန်မှာ တခြား XP ဘက်က Photoshop အကောင်းထဲ ဝင်ပြီး ဒီဘက်မှ ပျက်နေတဲ့ဖိုင်ကို ပြန်ကူးထည့် ပေးလိုက်ပါတယ်။ Restart ချပြီး ပြန်ဖွင့်ကြည့်တော့ ပျက်နေတဲ့ Photoshop ပြန်အလုပ်လုပ်နေပြီ။ Windows နှစ်ခုသုံးခြင်း အကျိုးပေါ့။

ပြောတာများသွားပြီ။ အရံ Windows 7 တစ်ခုလောက် တင်ကြည့်ရအောင်။ ပထမဆုံး ကိုယ့်ကွန် ပျူတာထဲမှာ Partition ဘယ်နှစ်ခုရှိသလဲ။ တစ်ခုစီအတွက် ဘယ်လောက် နေရာပေးထားသလဲ ဆိုတာ သိအောင်လုပ်ရပါမယ်။ My Computer ကို ဘယ်ကလစ်နှစ်ချက် ခေါက်ပြီးဖွင့်ပါ။ Windows တစ်ခုထဲရှိရင် C:System နဲ့ D:Data ဆိုပြီး တွေ့ပါမယ်။ ကွန်ပျူတာ ရောင်းတဲ့ဆိုင် အများစုက C: ကို 100GB ထားတာများပါတယ်။ ကျန်တဲ့အပိုင်းက Data အတွက်ပေါ့။ အဲဒီတော့ ကျွန်တော်တို့က နှစ်မျိုး စဉ်းစားနိုင်တယ်။ D ကနေ အစိတ်အပိုင်း တချို့ခွဲယူပြီး Partition ပိုင်းမှာလား။ D ဟာ 200 GB ကနေ အထက်ရှိဖို့များတော့ Windows အသစ်အတွက် နေရာကြီးကြီး ရနိုင်ပါတယ်။ Data ထားဖို့နေရာတော့ နည်းသွားပါမယ်။ အကယ်၍များ C: ကို 400 GB ထားမယ်ဆိုရင် အဲဒီထဲက နေရာလွတ် တချို့ ဖဲ့ယူတာကို ကျွန်တော် ပိုပြီးသဘောကျပါတယ်။

Microsoft ထောက်ခံထားတာက 32 bit windows 7 အတွက် 16GB နဲ့ 64 bit Windows 7 အတွက် 20GB ဖြစ်ပါတယ်။ ပိုပိုသာသာ ထားမယ်ဆိုရင်တောင် Windows 7 အတွက် 40GB ဆိုတာ လုံလောက်နေပြီ။ ဆော့ဖ်ဝဲတွေ ဘယ်လောက်ပဲထည့်ထည့် C: ဟာ 20GB ထက် ကျော်ခဲပါတယ်။ My document မှာ ကိုယ့် Data တွေ သိမ်းလေ့ ရှိမယ်ဆိုရင်တော့ 40 GB ဟာ ခဏလေးနဲ့ ကုန်လိမ့်မယ်။ Virus ဝင်ရင်လည်း Data တွေ အလွယ်နဲ့ ဆုံးပါမယ်။ ဒါကြောင့် Data အများစုကို D: မှာပဲ သိမ်းပါ။ C: က နေရာလွတ်တချို့ ဖဲ့ယူပြီး အရံ Windows ကျွန်တော်တို့ တင်ပါမယ်။ ပထမဆုံး Start မှာ ဘယ်ကလစ် ခေါက်ပြီး ပေါ်လာတဲ့ အကွက်ထဲက Computer နေရာမှာ ညာကလစ်ထောက်ပါ။ ကျလာ တဲ့အကွက်ထဲက Manage နေရာမှာ ဘယ်ကလစ် ခေါက်ပါ။ My Computer icon ရှိနေရင် အဲဒီနေရာက လည်း လုပ်နိုင်ပါတယ်။ Control panel ထဲက Computer Management နေရာကို တိုက်ရိုက် ရောက်ပါမယ်။

ဘယ်ဘက်အကွက်ထဲမှာ Storage နေရာကို ရှာပါ။ သူ့အောက်က Disk management ကို ဘယ်ကလစ်နှိပ်ပြီး ဖွင့်လိုက်ပါ။ ကွန်ပျူတာမှာ ပိုင်းထားတဲ့ Partition တစ်ခုစီကို အသေးစိတ် အချက်အလက်တွေနဲ့ တွေ့ရပါမယ်။ အပေါ်က C: နေရာမှာပဲဖြစ်ဖြစ် အောက်ဘက်က C: နေရာမှာပဲဖြစ်ဖြစ် ညာကလစ်ထောက်ပါ။ ပေါ်လာတဲ့ အကွက်ထဲက Shrink volume ကို ရွေးပေးပါ။ Shrink C: ဆိုတဲ့ Catalogue box တစ်ခုပေါ်လာပါမယ်။ Windows ရဲ့သဘောက ရှိရင်းစွဲ Partitions မှာ နေရာပေးနိုင်မယ် ဆိုရင် ထက်ဝက်ခွဲပေးပါတယ်။ မပေးနိုင်ရင်တော့ ပေးနိုင်မယ့် ပမာဏကို လာဖော်ပြပါမယ်။

Dialogue box ထဲမှာ အကွက် ၄ ကွက် အထက်အောက်ဆင့်ပြီး တွေ့ရပါမယ်။ ပထမဆုံး အကွက်ထဲမှာ လက်ရှိနေရာကို MB နဲ့ ပြမယ်။ ဒုတိယအကွက်မှာ ပေးနိုင်မယ့် နေရာလွတ်ကို ပြမယ်။ တတိယအကွက်ထဲမှာ ကိုယ်လိုချင်တဲ့ နေရာပမာဏကို ရိုက်ထည့်ရပါမယ်။ သူပြထားတဲ့ အတိုင်းလည်း ယူလို့ရပါတယ်။ စတုတ္ထအကွက်ကနေ ဖဲ့ယူပြီးရင် C: မှာ ကျန်မယ့်ပမာဏ ကိုဖော်ပြပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာမှာ C: 100 GB (100,000) ရှိပြီး ပေးနိုင်တဲ့ နေရာလွတ်က 48GB (48,000) ပါ။ 40GB ယူရင် လုံလောက်ပြီမို့ တတိယအကွက်မှာ 40,000 ရိုက်ထည့်လိုက်ပါတယ်။ ပြီးရင် အောက်ဘက်က Shrink ကို နှိပ်လိုက်ပါတယ်။

Computer Management Windows ထဲမှာ 48GB unallocated space ဆိုတဲ့ အကန့်တစ်ခု ထပ်ပေါ်လာတာကို တွေ့ရပါမယ်။ တချို့ ကွန်ပျူတာတွေမှာ Free space လို့လည်း ပြပါတယ်။ အကန့်အသစ်ကို ဒီအတိုင်း သုံးလို့မရသေးပါဘူး။ Format ချပေးရဦးမှာ ဖြစ်ပါတယ်။ Unallocated space ပေါ်မှာ ညာကလစ် ထောက်ပါ။ ပေါ်လာတဲ့ အကွက်ထဲက New simple volume ကိုရွေးပါ။ New simple volume wizard ကျလာပါမယ်။ Next ကို နှိပ်ပါ။ Specify volume size ဆိုတဲ့ အကွက်တစ်ခု ထပ်ကျလာပါမယ်။ သူ့ထဲမှာ အများဆုံးထားနိုင်မယ့် Space (MB) နဲ့ အနည်းဆုံးထားနိုင်တဲ့ space (MB) နဲ့ ကိုယ်ထားလိုတဲ့ Simple volume size (MB) ကို ပြပါတယ်။ ပိုင်းတဲ့အတိုင်း နေရာအပြည့် ယူမှာမို့ Next ကို နှိပ်ပါတယ်။

နောက်ထပ်ပေါ်လာမယ့် အကွက်က Assign Drive Letter of path ဖြစ်ပါတယ်။ ပထမဆုံးတန်းမှာ Assign the following drive letter ဆိုပြီး ပေးလို့ရနိုင်တဲ့ Drive Letter တွေ စာရင်းရှိပါ တယ်။ အောက်စိုက်မြားခေါင်းလေး နေရာမှာ ဘယ်ကလစ်နှိပ်ပြီး ကျလာတဲ့ box ထဲက ကြိုက်ရာရွေးပါ။ နာမည်မပေးချင်ရင် Do not Assign ကိုလည်း ရွေးလို့ရပါတယ်။ ပြီးရင် Next နှိပ်ပြီး ရှေ့ဆက်ပါ။ ထပ်ပေါ်လာမယ့် အကွက်က Format partition ဖြစ်ပါတယ်။ format ရိုက်မှ သုံးလို့အဆင်ပြေမှာ ဆိုရင်တော့ format the volume ရွေးရပါမယ်။ File, system မှာ နဂို C: ကို ဘာစနစ်နဲ့ ထားခဲ့သလဲ။ အဲဒီမှာ NTFS ထားရင် ဒီမှာလည်း NTFS ကိုပဲ ထားရပါမယ်။

အဲဒီတော့ NTFS ကို ရွေးပါမယ်။ Allocation Unit Size က Default ထားတာပဲ ကောင်းပါတယ်။ Volume Label ကို ကြိုက်တာ ရိုက်ထည့်ပါ။ နောင်သောအခါ My Computer ကို ဖွင့်လိုက်ရင် ပေးထားတဲ့ Volume Label အတိုင်း မြင်ရမှာ ဖြစ်ပါတယ်။ Perform quick format ကို အမှန်ခြစ်ပေါ်အောင် ရွေးထားရပါမယ်။ File and folder compression လုပ်ချင်ရင် အဲဒီ box မှာလည်း အမှန်ခြစ်ပေါ်အောင် ရွေးပေးခဲ့ရပါမယ်။ ပြီးရင် Next ကို ရွေးပါ။ ကိုယ်ပေးခဲ့တဲ့ နာမည်နဲ့ Partition တစ်ခု အသစ် ပေါ်လာပါမယ်။ အဲဒီ partition မှာ Windows အသစ်တင်လို့ရပါပြီ။

Windows XP သုံးသူတွေ အတွက်ကတော့ format ရိုက်မထားတဲ့ Free space တွေရှိမှသာ New partition အဖြစ် ဖန်တီးနိုင်ပါလိမ့်မယ်။ လက်ရှိ partition ထဲကနေ Free space ဖဲ့ယူဖို့အတွက် partition magic software ကိုသုံးချင်သုံး သို့တည်းမဟုတ် လက်ရှိ HD ကို ထုတ်ပြီး တခြား Windows XP တစ်ခုမှာ ဒုတိယ Hard disk အဖြစ်ထားပြီး partition ပိုင်းမှ ရပါလိမ့်မယ်။ partition magic 8.0 နဲ့ လုပ်တာက အလွယ်ကူဆုံး ဆော့ဖ်ဝဲအတွဲခွေ အဟောင်းတွေထဲမှာ ရှာပြီး ဝယ်နိုင်ပါတယ်။ Partition အသစ်တစ်ခုမှာ Windows 7 တင်တဲ့အခါ ဘာတွေပြင်ဆင်ရမယ်၊ Windows XP မှာ နောက်ထပ် Windows တစ်ခုတင်မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်ရမယ်၊ ဘာတွေ ကြုံရမယ်ဆိုတာ ပြောစရာတွေ သိပ်များလို့ သီးခြား ဆောင်းပါးနဲ့ တင်ပြပါမယ်။

နောင်စိုး (ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page