မျက်မမြင်ကို ကူညီမယ့် စက်ရုပ်နည်းပညာ
Tuesday, November 13, 2012
0
comments
မျက်စိအဆုံး နားအရှုံးတဲ့။ မြန်မာဆိုရိုးစကား ရှိပါတယ်။ နားမကြားဆိုရင်
လူဖြစ်ရှုံးတယ်။ မျက်စိမမြင်ဘူး ဆိုရင်တော့ လူဖြစ်ရတဲ့တန်ဖိုးဟာ
အဆုံးစွန်ထိ ဆုံးရှုံးသွားတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ မျက်မမြင်တစ်ယောက်မှာ
နဂိုနီးပါး အမြင်အာရုံ ပြန်ရစေဖို့ နည်းပညာနဲ့ ကြိုးစားနေပေမယ့်
ကျေနပ် လောက်အောင်တော့ မြင်မှုမရသေးပါဘူး။ တကယ်တမ်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
လူ့အသိုင်းအဝိုင်းထဲ မျက်မမြင်တစ်ယောက် ကျင်လည်လှုပ်ရှား နေရပုံဟာ
စက်ရုပ်တစ်ရုပ်နဲ့ တော်တော်ပဲ ဆင်တူပါတယ်။ ဦးနှောက်သုံးပြီး အလွယ်တကူ
ရွေ့လျားသွားလာနိုင်တဲ့ အချက်တစ်ခုပဲ လူကသာပါတယ်။ ဒါကြောင့် နည်းပညာက
အမြင်အာရုံကို တိတိပပ ပြန်မပေးနိုင်သေးရင် နေပေလေ့စေဦး။ အမြင်အာရုံကို
အထောက်အကူ ပေးနိုင်မယ့် နည်းပညာ ပေါ်ထွန်းလာရင် တော်လှပြီဆိုပြီး ပညာရှင်တွေ
ကြိုးစားနေကြပါတယ်။ နေရာဒေသ တစ်ခုမှာ စက်ရုပ်တစ်ရုပ်
ရွေ့လျားသွားလာဖို့အတွက် သူ့ပတ်ဝန်း ကျင်ကို လမ်းပြပေးမယ့်စနစ် (Navigation
System) လိုတယ်။ သူဘယ်နေရာကို ရောက်နေပြီ ဆိုတာ ပြသပေးနိုင်တဲ့ စနစ်လည်း
လိုပါတယ်။ တည်နေရာကို ပြသပေးနိုင်တဲ့ စနစ်ဟာ နည်းပညာပိုင်းအရ အလွန်ရှုပ်ထွေးပါတယ်။
ဒါပေမယ့် ဒီနည်းပညာတွေဟာ မျက်မမြင်တွေကို ထိထိရောက်ရောက် ကူညီနိုင်တယ်ဆိုတာ
တွေ့ရပါတယ်။ အခုဆိုရင် မျက်မမြင်တွေဟာ အိမ်တွင်းအိမ်ပြင် နှစ်နေရာစလုံးမှာ
နည်းပညာရဲ့ ကျေးဇူးကြောင့် လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပါပြီ။
မျက်မမြင်တွေကို ကူညီနေတဲ့ ဒီနည်းပညာရပ် တစ်မျိုးကို တီထွင်ခဲ့ကြသူတွေကတော့
ပြင်သစ်နိုင်ငံ ပါရီမြို့ ပီလျဲနဲ့ မဒမ်ကျူရီ တက္ကသိုလ် စက်ရုပ်နည်းပညာနဲ့
အသိဉာာဏ်ရှိသော စနစ်များ ဌာနက သုတေသီတွေ ဖြစ်ပါတယ်။ သူတို့တီထွင်တဲ့
နည်းပညာမှာ ကင်မရာနဲ့ ချိတ်ဆက်ထားတဲ့ မျက်မှန်ပါတယ်။ စက်ရုပ်တွေ
လမ်းလျှောက်ရာမှာသုံးတဲ့ အာရုံခံပစ္စည်း Sensor တွေပါတယ်။ အာရုံခံ
ရုပ်ဝတ္ထုတွေနဲ့ တွဲဖက်ပေးထားတဲ့ ကွန်ပျူတာစနစ်ဟာ မျက်မမြင်ရဲ့
ပတ်ဝန်းကျင်ကို 3D မြေပုံအဖြစ် ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင်
မျက်မမြင်ဟာ အဲဒီမြေပုံရဲ့ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာလည်း ညွှန်ပြပေးပါတယ်။
မျက်မမြင် ရွေ့လျားသွားလာလို့ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ရယ်၊
မျက်မမြင်ရဲ့ တည်နေရာရယ်ကို အချိန်နဲ့တစ်ပြေးညီ Update
လုပ်ပေးပါတယ်။မျက်မမြင်ဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ မြေပုံ ဖတ်စက်ကတစ်ဆင့်
မြေပုံကို ဖတ်ပါတယ်။ ဖတ်တယ်ဆိုပေမယ့် လူကောင်းတွေလို ဖတ်တာမဟုတ်ဘဲ ဘရေးလ်
Braille လို့ခေါ်တဲ့ မျက်မမြင် စာဖတ်စနစ်နဲ့ ဖတ်တာဖြစ်ပါတယ်။ ဒီနည်းပညာ
အကူအညီယူထားတဲ့ မျက်မမြင်ဟာ ဘေးလူရဲ့ အကူအညီမလိုဘဲ သူသွားချင်တဲ့ နေရာကို
သွားနိုင်ပါပြီလို့ သုတေသီ အဖွဲ့ခေါင်းဆောင် Pissaloux က ဆိုပါတယ်။
ကွန်ပျူတာ နည်းပညာသုံး လမ်းပြစနစ်ဟာ အနီးအနားမှာရှိတဲ့
တိုးမိတိုက်မိစရာတွေကို ရှောင်ကွင်းပြီး သွားလာစေနိုင်ရုံတင် မကပါဘူး။
မျက်မမြင် ရောက်ရှိနေတဲ့ နေရာပတ်ဝန်းကျင်ဟာ ဘယ်လို လူမှုပတ်ဝန်းကျင်
ဆိုတာကိုလည်း သိစေနိုင်ပါတယ်။ ဥပမာပြောရရင် ဆေးဆိုင်ထဲ ရောက်နေသလား။
စာကြည့်တိုက်ထဲ ရောက်နေသလား။ လမ်းဆုံလမ်းခွ ရောက်နေသလား စတာမျိုး
ဖြစ်ပါတယ်။
မျက်မမြင်သုံး စက်ရုပ်နည်းပညာကို ကြည့်မယ်ဆိုရင် သူတပ်ထားတဲ့
မျက်မှန်တစ်ဖက်စီဟာ ပတ်ဝန်းကျင် မြင်ကွင်းကို 3D ပုံရိပ်တွေအဖြစ်
ရိုက်ယူနိုင်ပါတယ်။ အဲဒီစနစ်မှာပါတဲ့ Processor က ပုံရိပ်တွေကို
ဆန်းစစ်တယ်။ နံရံ ဒါမှမဟုတ် အရာဝတ္ထုတွေရဲ့ အနားစွန်းတွေကို ရွေးချယ်တယ်။
ပြီးမှ 3D မြေပုံကို ထုတ်ပေးပါတယ်။ ဒီစနစ်ဟာ စက်ရုပ်တွေမှာသုံးတဲ့
Accelerometer နဲ့ Gynoscope တွေကို ပေါင်းစပ်ထားတာပါ။ သူက
မျက်မမြင်ရောက်နေတဲ့ နေရာကို ခြေရာခံပေးနိုင်တယ်။ မျက်မမြင် သွားလာနေတဲ့
အမြန်နှုန်းလည်း တွက်ချက် ပေးနိုင်ပါတယ်။ စနစ်ရဲ့ တွက်ချက်ပေးမှုကို ကင်မရာက
ရိုက်ယူထားတဲ့ ဓာတ်ပုံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မျက်မမြင်ဟာ
သူဘယ်နေရာရောက်ပြီး သူ့ပတ်ဝန်းကျင်မှာ ဘယ်လို အရာဝတ္ထုတွေ ရှိတယ်ဆိုတာကို
သိလာပါတယ်။ စနစ်ရဲ့ မြေပုံထုတ်ပေးနှုန်းက အလွန်မြန်တယ်။ တစ်စက္ကန့် ၁၀
ပုံနှုန်းနဲ့ ရိုက်ပေးတဲ့ မြေပုံကို မျက်မမြင်လက်ထဲမှာ ကိုင်ထားတဲ့
ဘရေးလ်ကိရိယာဆီ ပို့ပေးပါတယ်။ မြေပုံကို လက်နဲ့ထိပြီး ဖတ်လို့ရအောင်လည်း
ဆောင်ရွက်ပေးပါတယ်။
ဘရေးလ်ကိရိယာဟာ အလျားနဲ့အနံ ၈ စင်တီမီတာစီ ရှိပြီး သူ့မျက်နှာပြင်ကို
တစ်စတုရန်း စင်တီမီတာ ရှိတဲ့အတွက် ၆၄ ကွက်အဖြစ် စိတ်ပိုင်းလိုက်ပါတယ်။
အကွက်တစ်ခုစီရဲ့ အလယ်ခေါင်မှာ စပရင်ခွေတစ်ခုစီ မြှုပ်နှံထည့်သွင်း
ပေးထားပါတယ်။ စပရင်ခွေတစ်ခုစီကို အပူဓာတ် သက်ရောက်စေရင် စပရင်
ဆန့်ထွက်လာပါတယ်။ အဲဒီအခါမှာ စပရင်ခွေနဲ့ ဆက်ထားတဲ့ ပင်လေးတွေ
ကြွတက်လာပါတယ်။ ပင်လေးတွေ Pin ဟာ လေးထောင့်ကွက် တစ်ခုစီကို
ဘောင်ခတ်ပေးထားတာပါ။ ပင်ကြွတက်လာပြီဆိုရင် အဲဒီအကွက်မှာ Data
ရှိနေပြီဆိုတဲ့ သဘောပါ။ဘရေးလ်စနစ်နဲ့ အသုံးပြုနိုင်အောင် စီစဉ်ပေးထားတဲ့
မြေပုံဟာ မျက်မမြင် လမ်းလျှောက်တဲ့ အမြန်နှုန်းနဲ့အညီ မြန်မြန်ဆန်ဆန် Update
လုပ်ပေးပါတယ်။ ဒါကြောင့် နေရာတစ်နေရာမှာ စမ်းတဝါးဝါး တုတ်နဲ့
လိုက်ထောက်နေစရာ မလိုဘဲ အချိန်နဲ့တစ်ပြေးညီ လမ်းလျှောက်နိုင်စေပါတယ်။
နဂိုက စက်ရုပ်တွေမှာ သုံးဖို့လုပ်ထားတဲ့ နည်းပညာဆိုတော့ အဲဒါကို
မျက်နှာပြင်လူသားမှာ လိုက်လျောညီထွေ အသုံးပြုနိုင်အောင် ပြန်ပြင်ရပါတယ်။
မူလက စက်ရုပ်ထဲမှာ တစ်ပါတည်း မြှုပ်နှံတပ်ဆင်ပေးထားတဲ့ အာရုံခံ
ပစ္စည်းတွေကရတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး အဲဒီစက်ရုပ် ခရီးဘယ်လောက်
ပေါက်ခဲ့ပြီဆိုတာ တွက်ချက်ပါတယ်။ လူမှာကျတော့ သူ့ရဲ့ခြေလှမ်းတစ်လှမ်းဟာ
ဘယ်လောက်အကျယ် ရှိတယ်ဆိုတဲ့ အချက်အပေါ် မူတည်ပြီး ခရီးပေါက်တဲ့
အတိုင်းအဆကို တွက်ချက်ဖို့ ဆော့ဖ်ဝဲကို ပြန်မြင်ရပါတယ်။ ဈေးကွက်ထဲမှာ
အမှန်တကယ် ထုတ်လုပ်ရောင်းချနိုင်ဖို့ ပြင်ဆင်နေသူတွေကတော့ နီဗာဒါးတက္ကသိုလ်က
Eelke Folmer နဲ့ Kostas Bekris တို့ ဖြစ်ပါတယ်။ သူတို့တီထွင်ထားတဲ့ စနစ်က
လက်တွေ့ပို့ဆန်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ အဲဒီစနစ်မှာဆိုရင်
မျက်မမြင်တွေဟာ စမတ်ဖုန်းတစ်လုံး လက်ထဲ ကိုင်ထားရုံနဲ့ အဆောက်အဦ
အတွင်းအပြင်မှာ အလွယ်တကူ သွားလာနိုင်ပါတယ်။
သူတို့ရဲ့စနစ်ဟာ စမတ်ဖုန်းမှာ တစ်ပါတည်း ထည့်သွင်းထားတဲ့ Accelerometer
နဲ့ Compass (သံလိုက်အိမ်မြှောင်) ရဲ့ အကူအညီအပြင် စမတ်ဖုန်း ဆော့ဖ်ဝဲက
ဖန်တီးပေးမယ့် 2D Digital Indoor Map တွေလိုအပ်သလို သုံးစွဲနိုင်ပါတယ်။
ဦးတည်ရာ လမ်းကြောင်းကိုတော့ စမတ်ဖုန်းကနေ အသံတု (Synthetic Speech) နဲ့
ပြောပေးပါမယ်။ မျက်မမြင်တစ်ယောက်စီရဲ့ ခြေလှမ်း အစိတ်အကျဲပေါ် မူတည်ပြီး
စမတ်ဖုန်းက လိုအပ်သလို ချိန်ညှိမှုတွေ လုပ်ပေးနိုင်ဖို့
အဲဒီဖုန်းသုံးစွဲသူဟာ သူ့ပတ်ဝန်းကျင် မှာရှိတဲ့ မြေပြင်အနေအထားသိအောင် Touch
စနစ်ကို အရင်သုံးထားရပါမယ်။ ဥပမာ ကိုယ့်ပတ် ဝန်းကျင်မှာ ကော်ရစ်ဒါ
ထောင့်ချိုး၊ တံခါးမကြီး၊ ဓာတ်လှေကား စသည်ဖြင့် တစ်ခုခုရှိသလား ဆိုတာကိုပါ။
အတ္တလန်တာမှာရှိတဲ့ Vision Loss Center က သုတေသီ David Ross ကတော့
စက်ရုပ်တွေနဲ့ မျက်မမြင်တွေ ရင်ဆိုင်ရတဲ့ အာရုံခံမှု ပြဿနာဟာ ဆင်တူပေမယ့်
အင်မတန်ကြီးမားတဲ့ ကွာဟချက်တွေ ရှိတယ်လို့လည်း
ဆိုပါတယ်။ရွေ့လျားစက်ရုပ်တွေရဲ့ အာရုံခံစနစ်ဟာ မျက်မမြင် လူသားတွေအတွက်
အသုံးကျတာတချို့ ရှိနိုင်ပေမယ့် မျက်မမြင် လူသားတစ်ယောက်ရဲ့ လိုအပ်ချက်နဲ့
အခြေအနေပေါ် မူတည်ပြီး သိသိသာသာ အပြောင်းအလဲတွေ လုပ်နိုင်မှသာ
လက်တွေ့အသုံးချနိုင်တဲ့ အခြေအနေ ရောက်လိမ့်မယ်လို့ သူ့အယူအဆကို
ပြောသွားပါတယ်။
နောင်စိုး (ထားဝယ်)
နောင်စိုး (ထားဝယ်)
0 comments:
Post a Comment