လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

eGovernment တွင် မိုဘိုင်းဝန်ဆောင်မှုများကို လေ့လာခြင်း

Posted by Unknown Tuesday, November 13, 2012 0 comments

eGovernment  တွင် ဆက်သွယ်မှုလမ်းကြောင်း Channel  များ အသုံးပြု၍ ဝန်ဆောင်မှုပေးရာတွင်  အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများမှတစ်ဆင့် လုပ်ဆောင်မှု အများဆုံးမှာ ဥရောပနှင့် အာရှဒေသတွင် ဖြစ်သည်။ အာဖရိကတိုက်မှာ အများပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အနိမ့်ဆုံးဖြစ်သည်။ အာရှနှင့် ဥရောပ တိုက်တို့သည် မိုဘိုင်းအခြေခံ ချန်နယ်များ အသုံးပြုရာတွင်လည်း ဦးဆောင်ဒေသများဖြစ်ပြီး၊ အာဖရိကဒေသ အစိုးရများမှာ မိုဘိုင်းနည်းပညာကို အသုံးချနိုင်မှုနှုန်း အနိမ့်ဆုံးဖြစ်သည်။ အာဖရိကတွင် နိုင်ငံအားလုံး၏ ၇ ရာခိုင်နှုန်းခန့်သာ နိုင်ငံသားတို့၏ မိုဘိုင်းပစ္စည်း ကိရိယာများအတွက် ဝန်ဆောင်မှုများ ပေးအပ်နိုင်ကြသည်။ ယခုနှစ် စစ်တမ်းတွင် တွေ့ရှိချက်အရ ရင်းမြစ်များ အကန့်အသတ်နှင့်သာ ရှိနေပြီးသော နိုင်ငံများသည် မိုဘိုင်းအခြေခံ နည်းပညာများ၊ ဖုန်းဖြေကြားစက် အသုံးပြုမှုများအတွက် ရင်းနှီးမြှုပ်နှံခြင်း မရှိကြောင်း တွေ့ရ သည်။

မိုဘိုင်းဝန်ဆောင်မှုများ ပေါင်းစည်းခြင်း
မိုဘိုင်းဖုန်းများသည် ယနေ့အခါတွင် ကမ္ဘာတွင် အကျယ်ပြန့်ဆုံး၊ လူကြိုက်အများဆုံးနှင့် လျင်မြန်စွာ တိုးတက်လာနေသော နည်းပညာတစ်ရပ် ဖြစ်လာနေပါသည်။ မိုဘိုင်းအစိုးရ mobile government (ခေါ်) m-government တစ်ရပ်သည်လည်း အများပြည်သူဆိုင်ရာ ဌာနများအတွက် မခန့်မှန်းနိုင်လောက်အောင် အကျိုးအမြတ် ဖြစ်ထွန်းစေသည်။ ထို့ကြောင့် m-government ပုံစံသည်လည်း မိုဘိုင်းနည်းပညာ အခြေခံဝန်ဆောင်မှု သုံး၍ နိုင်ငံသားများနှင့် အစိုးရအကြား အပြန်အလှန် ဆက်ဆံထိတွေ့မှု၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု ဖြစ်စဉ်တို့ကိုလည်း တိုးတက် လျင်မြန်စေပါသည်။ မိုဘိုင်းဖုန်း အသုံးပြု၍ ဝန်ဆောင်မှုများ ပေးခြင်း၏ အဓိက အားသာချက်မှာ ဝန်ဆောင်မှုရှိရန် ခက်ခဲသော လူ့အဖွဲ့အစည်းဝင် အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကျေးလက်အစွန် အဖျား ဒေသတွင် နေထိုင်သူများထံသို့ပါ အလွယ်တကူ ရောက်ရှိနိုင်ခြင်း ဖြစ်သည်။ နိုင်ငံသားများသည် ၎င်းတို့၏ မိုဘိုင်းဖုန်းများ၊ ဝါယာလတ်စ် ကိရိယာများမှတစ်ဆင့် မည်သည့်အချိန်၊ မည်သည့် နေရာတွင်မဆို ဝါယာလတ်စ် ကွန်ရက်ချိတ်ဆက်ကာ အစိုးရ၏  သတင်းအချက်အလက်များ ဝန်ဆောင်မှုများကို အလွယ် ရယူလာနိုင်ကြသည်။ မိုဘိုင်းဖုန်းများသည် တစ်ကိုယ်ရေသုံး ပစ္စည်းများဖြစ်သည်နှင့်အညီ အစိုးရသည်လည်း ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ဝန်ဆောင်မှုများကို တိုက်ရိုက်ပေးအပ်နိုင်လာသည့် သဘောဆောင်သည်။ ၂၀၁၂ စစ်တမ်းတွင် ၂၀၁၀ စစ်တမ်းနှင့် နှိုင်းယှဉ်၍ SMS ပေးပို့ အကြောင်းကြားသည့် ဝန်ဆောင်မှုရှိသော နိုင်ငံများ၏ အရေအတွက်ကို လေ့လာခဲ့သည်။ သို့သော် နှစ်နှစ်တာအတွင်း အရေအတွက် သိသာစွာ ကွာခြားသွားခြင်းမရှိ။ ၂၀၁၀ တွင် နိုင်ငံ ၂၅ နိုင်ငံ ဝန်ဆောင်မှု ပြုလုပ်ခဲ့ပြီး ၂ဝ၁၂ တွင် ကုလအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ နိုင်ငံ ၂၇ နိုင်ငံက ဝန်ဆောင်မှုပေးခဲ့သည်။ ထိုသို့နိုင်ငံသားများ၏ မိုဘိုင်းဖုန်းများထံ SMS ဖြင့် မတ်ဆေ့ခ်ျများ ပေးပို့ခြင်း၊ သတိပေး အကြောင်းကြားသည့် ဝန်ဆောင်မှုများ ပြုလုပ်ခြင်း တို့ကို နိုင်ငံငယ်များ သာ အောင်မြင်သည့်သဘော ဖြစ်နေသည်။ ယင်းမှ နိုင်ငံ ၂၅ ခုတွင် သီးခြားခွဲထုတ်ထားသော m-government ဆိုက်များ ရှိပြီး၊ မိုဘိုင်းဖုန်းများသို့ သီးသန့်ဝန်ဆောင်မှုပေးနိုင်ရန် ဒီဇိုင်းဆင် တည်ဆောက်ထားသည်ကို တွေ့ရသည်။ မိုဘိုင်း application များ တိုးတက်အသုံးပြုလာမှုတွင် ၂၀၁၀ ၌ နိုင်ငံ ၁၄ နိုင်ငံသာ ရှိခဲ့ရာမှ ၂၀၁၂ တွင် နိုင်ငံ ၂၉ ခုအထိ များပြားလာခဲ့သည်။ မိုဘိုင်းငွေပေးချေမှု လုပ်ဆောင်နိုင်သည့် နိုင်ငံအရေအတွက်မှာလည်း ၂၀၁၀ တွင် ၁၇ နိုင်ငံ ရှိခဲ့ရာမှ ၂၀၁၂ တွင် ၃၃ နိုင်ငံအထိ ရှိလာခဲ့သည်။ ဒေသကြီးများအလိုက် မိုဘိုင်းအခြေခံ ချန်နယ်များ ထားရှိမှုကို လေ့လာသောအခါ အာဖရိကရှိ အမျိုးသား ဝက်ဘ်ပေါ်တယ် အများစုတွင် ယင်းနှင့်ပတ်သက်၍ အစိုးရက ထားပေးသည့် သတင်းအချက်အလက် အနည်းငယ်သာ ရှိသည်။ သို့သော် အာဖရိကတွင် ပုဂ္ဂလိကကဏ္ဍကြောင့် မိုဘိုင်းဖုန်းသုံးမှု ကျယ်ပြန့်နေရာ ယင်းမှာ ပုဂ္ဂလိကနှင့်ယှဉ်လျှင် အစိုးရများ နောက်ကျကျန်နေခြင်း ကို ပြသနေသည်။ အာဖရိကတွင် မာဒါဂတ်စကား နိုင်ငံတစ်ခုထဲသာ ဝင်ငွေနိမ့်သော နိုင်ငံဖြစ်သော်လည်း ပဲ နိုင်ငံသားများ၏ မိုဘိုင်းဖုန်းများထံ SMS မတ်ဆေ့ခ်ျပို့ပေးသည့် ဝန်ဆောင်မှု ထားရှိသော အစိုးရဝက်ဘ်ဆိုက်ရှိသည့် နိုင်ငံတစ်ခုဖြစ်သည်။

အာရှဒေသ
အာရှဒေသမှာမူ မိုဘိုင်းအခြေခံ ချန်နယ်များ၊ မိုဘိုင်း app များ၊ မိုဘိုင်းအစိုးရ ဝက်ဘ်ဆိုက်များကို အပြည့်အဝ အသုံးချနိုင်သည့် ဦးဆောင်ဒေသကြီးတစ်ခု ဖြစ်သည်။ စင်ကာပူတွင် နိုင်ငံသားများသည် ပတ်စ်ပို့သက်တမ်းတိုးခြင်း၊ လမ်းခွန်သက်တမ်းတိုးခြင်း ကဲ့သို့သော ဝန်ဆောင်မှုများ မျိုးစုံအတွက် တစ်ဦးချင်းအနေဖြင့် SMS alert များ၊ အကြောင်းကြားမှုများကို အချိန်နှင့်တစ်ပြေးညီ ရရှိနေသည်။ မလေးရှားတွင် အခြေခံလုပ်ငန်းကြီးများသည် လယ်သမားများထံ SMS ပေးပို့၍ သီးနှံဖျက် ပိုးများအကြောင်း စိုက်ပျိုးရေးပြဿနာများ အကြောင်းကို လျင်မြန်စွာ သိရှိနိုင်ရန် ဝန်ဆောင်မှု ပေးနေသည်။ ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား) တွင် အမျိုးသားအဆင့် မိုဘိုင်းပေါ်တယ် ဝန်ဆောင်မှုဆိုက် (http://m.korea.go.kr) ကို ထားရှိထားသည်။ ယင်းမှတစ်ဆင့် နိုင်ငံသားများသည် m-government ဝန်ဆောင်မှုများကို အစိုးရဌာန အဖွဲ့အစည်းတစ်ခုချင်းစီ အလိုက်ရယူနိုင်သည်။ အာရိန်း၏ မိုဘိုင်းပေါ်တယ်တွင်လည်း မိုဘိုင်းဖုန်းရှိသူ မည်သူမဆို အစိုးရဌာနအဖွဲ့အစည်းများအားလုံးနှင့် ၎င်းတို့၏ ဝန်ဆောင်မှုများကို ရယူနိုင်ရန် စီစဉ်ပေးထားသည်။ အာရိန်း၏ မိုဘိုင်းပေါ်တယ်မှာ အမျိုးသားဝက်ဘ်ပေါ်တယ်၏ မိုဘိုင်းဗားရှင်းဖြစ်ပြီး စုံလင်စွာ တင်ဆက်ထားနိုင်သည်။ ဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်ပြောဆို ရယူမှုသာမက text message ပေးပို့၍လည်း ရယူနိုင်သည်။ ယခုနှစ်စစ်တမ်းတွင် မိုဘိုင်းအခြေခံချန်နယ်များ ဖန်တီးနိုင်ခြင်းသည် နိုင်ငံအလိုက် ဝင်ငွေအဆင့်ပေါ်တွင်လည်း တည်မှီနေကြောင်း တွေ့ခဲ့ရသည်။ ဝင်ငွေမြင့်မားသော နိုင်ငံများမှာ မိုဘိုင်းအခြေခံ ချန်နယ်များမှတစ်ဆင့် ဝန်ဆောင်မှုများပေးရန် ပိုမိုတက်ကြွစွာ ဆောင်ရွက်လေ့ရှိပြီး၊ ယင်းနိုင်ငံများတွင် မိုဘိုင်းဖုန်းများဖြင့် ငွေပေးချေမှုများကို အများဆုံး အသုံးပြုနေကြသည်။

U.N.E.govenment Survey 2012

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page