လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

နည်းပညာကုမ္ပဏီတို့၏ မဟာမိတ် Foxconn

Posted by Unknown Tuesday, November 13, 2012 0 comments

နည်းပညာနယ်ပယ်မှာ Foxconn လို့ လူသိများတဲ့ Hon Hai Precision Industry Co.,Ltd. ဟာ တရုတ်(တိုင်ပေ) အခြေစိုက် နည်းပညာပစ္စည်း ထုတ်လုပ်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပါ တယ်။  နိုင်ငံတကာမှာရှိတဲ့ နည်းပညာကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ဈေးကွက်ထဲမှာ အမျိုးမျိုး ချဲ့ထွင် ရောင်းချနေကြပေမယ့် အဓိက အနေနဲ့တော့ နည်းပညာ ပစ္စည်းအများစုဟာ Foxconn စက်ရုံကနေ ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်နစ် အစိတ်အပိုင်း ထုတ်လုပ်တဲ့ အဖွဲ့အစည်းကြီးအဖြစ် သတ်မှတ်ခံထားရပြီး Apple, Cisco, HP, Intel အစရှိတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်အများစုကို အောင်အောင်မြင်မြင် ထုတ်လုပ်ပေးနေတဲ့ Foxconn ကုမ္ပဏီရဲ့ အကြောင်းက နည်းပညာပစ္စည်း ထုတ်လုပ်တဲ့ နယ်ပယ်မှာ အရှိန်အဝါကြီးပါတယ်။ အမေရိက၊ ဥရောပနဲ့ ဂျပန်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ အများစုရဲ့ နာမည်ကျော် ထုတ်ကုန်တွေကို ဖန်တီးပေးနေသလို iPhone, iPad အစရှိတဲ့ မိုဘိုင်းပစ္စည်းတွေကို ပင်မ ထုတ်လုပ်ပေးနေတဲ့ Foxconn အကြောင်းကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

သမိုင်းကြောင်း
Hon Hai Precision Industry Co.,Ltd. ကို ၁၉၇၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တည်ထောင်စဉ်ကာလက ကွန်ပျူတာအစိတ်အပိုင်းတွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့ လျှပ်စစ်ကွန်နက်တာတွေကို အဓိက ထုတ်လုပ်ခဲ့ပါတယ်။ Foxconn လို့ အမည် မသတ်မှတ်သေးတဲ့ အဲဒီအချိန်က Hon Hai လို့သာ ခေါ်ဝေါ်ခဲ့ပါတယ်။ ကွန်ပျူတာအစိတ်အပိုင်းတွေကို ထုတ်လုပ်ခဲ့ပြီး ရုံးချုပ်တည်ရှိရာက တရုတ်(တိုင်ပေ)၊ နယူးတိုင်ပေမှာ ရှိတဲ့ တူချန်မှာပါ။ ၁၉၈၈ ခုနှစ်မှာ ရှန်ဟိုင်းမြို့ရှိ လောင်းဟွမှာ ရုံးခွဲသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး နည်းပညာပစ္စည်း ထုတ်လုပ်မှုအရှိန်ကို မြှင့်တင်ခဲ့ပါတယ်။ တရုတ်ပြည်မကြီးရဲ့ ကွန်ပျူတာနည်းပညာ ထွန်းကားမှု ရှိလာတဲ့ အလျောက် Foxconn ကို လူသိများလာခဲ့ပြီး အဲဒီရုံးချုပ်တွေကနေ နိုင်ငံတကာမှာ ရုံးခန်းသစ်တွေ ထပ်မံဖွင့်လှစ်ဖို့အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အာရှ၊ ဥရောပနဲ့ တောင်အမေရိကတိုက်ရှိ နိုင်ငံတွေမှာ စက်ရုံတွေ ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာပေါ်ရှိ ထုတ်လုပ်သမျှ အီလက်ထရွန်နစ် ထုတ်ကုန်တွေရဲ့ ၄၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ မြို့ကြီးကိုးမြို့မှာ စက်ရုံပေါင်း ၁၃ ရုံအထိ တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်က တရုတ်ပြည် တောင်ဘက်ပိုင်းရှိ ဟူကျိုးမှာ ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိတဲ့ စက်ရုံသစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

အခြေစိုက်နိုင်ငံများ
တရုတ်(တိုင်ပေ)မှာ စတင်အခြေပြုခဲ့ပေမယ့် အခုအချိန်မှာတော့ Foxconn စက်ရုံတွေဟာ တရုတ်၊ ဘရာဇီး၊ ချက်ပြည်သူ့သမ္မတ၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို နိုင်ငံတွေမှာ တည်ရှိနေပါပြီ။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံချင်းအလိုက် နည်းပညာပစ္စည်း ထုတ်လုပ်မှုတွေတော့ အမျိုးအစားကွဲပြားမှုတွေ ရှိပါတယ်။ ဘရာဇီးမှာအခြေစိုက်တဲ့ Foxconn စက်ရုံအနေနဲ့ မိုဘိုင်းဖုန်း ထုတ်လုပ်မှုပိုင်းကို ဦးစားပေးထားတာ တွေ့ရပြီး ဂျပန်နိုင်ငံမှာရှိတဲ့ Foxconn စက်ရုံကတော့ နာမည်ကျော် Sharp နည်းပညာအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ရုပ်မြင်သံကြား နည်းပညာအဆင့်မြင့် ဖန်တီးမှုတွေကို ပြုလုပ်လျက် ရှိပါတယ်။

မဟာမိတ်အဖွဲ့အစည်းများ
နိုင်ငံတွေအလိုက် စက်ရုံတွေ တည်ဆောက်ထားသလို အဲဒီစက်ရုံတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ဆောင်နေတဲ့ နည်းပညာ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ အဲဒီအထဲက နာမည်ကျော် အဖွဲ့အစည်းတွေကတော့ Acer, Amazon, Apple, Cisco, Dell, HP, Intel, Microsoft, Motorola, Nintendo, Nokia, Samsung, Sony Toshiba နဲ့ Vizio တို့ပဲ ဖြစ်ပါတယ်။ Vizio အမှတ်တံဆိပ်ဟာ အာရှနည်းပညာပစ္စည်း အသုံးပြုသူတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု အားနည်းတယ်လို့ ထင်ရပေမယ့် အမေရိကမှာတော့ လူကြိုက်များတဲ့ အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ အဆင့်မြင့် အရည်အသွေးရှိတဲ့ ကွန်ပျူတာ အမျိုးအစားစုံကို ထုတ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

နာမည်ကျော် ထုတ်ကုန်များ
Foxconn စက်ရုံဟာ အထက်က ဖော်ပြပေးခဲ့တဲ့ နည်းပညာအဖွဲ့အစည်းတွေရဲ့ ထုတ်ကုန်တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်လျက် ရှိရာမှာ လူကြိုက်အလွန်များတဲ့ ပစ္စည်းတွေကတော့ Apple အမှတ်တံဆိပ် iPad, iPhone အပါအဝင် Amazon ကုမ္ပဏီထုတ် Kindle E-Reader၊ Sony အမှတ်တံဆိပ် PlayStation ၃ နဲ့ Microsoft ရဲ့ Xbox 360 ဂိမ်းစက်တွေပဲ ဖြစ်ပါတယ်။ Samsung ကုမ္ပဏီထုတ် မိုဘိုင်းပစ္စည်းတွေကိုလည်း Foxconn မှာ တပ်ဆင်လျက်ရှိပြီး အမေရိကမှာရှိတဲ့ ကွန်ပျူတာထုတ်လုပ်သူတွေ သီးသန့်ဒီဇိုင်း တည်ဆောက်စေတဲ့ Motherboard တွေကိုလည်း Foxconn က တာဝန်ယူပြုလုပ်ပေးပါတယ်။ ဝန်ထမ်းအရေအတွက် ၁ ဒသမ ၂ သန်းဝန်းကျင် ရှိတာကြောင့်လည်း ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအများဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ စက်ရုံတွေထဲမှာ အကြီးဆုံးကတော့ ရှန်ဟိုင်းမြို့ လောင်းဟွမှာ ရှိတဲ့ စက်ရုံပဲဖြစ်ပြီး အလုပ်သမားဦးရေ ၄ သိန်းကျော် ရှိပါတယ်။ အဲဒီနေရာကို Foxconn Series လို့ အမည်ပေးထားပြီး စက်ရုံပေါင်း ၁၅ ခုအပြင် အပန်းဖြေစရာနေရာတွေ ရေကူးကန်တွေ၊ ဟင်းသီးဟင်းရွက် အရောင်းဆိုင်တွေ၊ ဘဏ်တွေ၊ စားသောက်ဆိုင်တွေ၊ စာအုပ်ဆိုင်တွေနဲ့ ဆေးရုံတွေကိုပါ အလုပ်သမားတွေ အတွက် ပြုလုပ်ပေး ထားပါတယ်။ လက်ရှိအီလက်ထရွန်နစ် နည်းပညာပစ္စည်း ထုတ်လုပ်မှုပိုင်းမှာ Foxconn ဟာ အကြီးမားဆုံးတာဝန်ကို ယူထားရပါတယ်။ မကြာခင် အချိန်အတွင်းမှာ စမတ်ဖုန်းနယ်ပယ်ထဲကို စံချိန်သစ်နဲ့ ဝင်ရောက်လာနိုင်တဲ့ iPhone 5 ကိုလည်း Foxconn မှာ ထုတ်လုပ်နေပြီလို့ သိရပါတယ်။ နိုင်ငံတကာမှာ နည်းပညာကုမ္ပဏီအများစု ပေါ်ထွက်လာခဲ့ပြီး ဈေးကွက်ပိုင်းဆိုင်ရာ အောင်မြင်မှုရရှိဖို့ အင်တိုက်အားတိုက် ကြိုးစားနေကြသလို Foxconn ကုမ္ပဏီကလည်း အဲဒီနည်းပညာကုမ္ပဏီတွေရဲ့ လိုအပ်ချက်ကို အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်အောင် ပြုလုပ်ပေးနေတာကြောင့် သူတို့ရဲ့ အခန်းကဏ္ဍက ဆက်လက်ပြီး အရေးတကြီး လိုအပ်နေဦးမှာပါ။ ကျွန်တော်တို့ တစ်တွေရဲ့ တစ်နေ့တာ မြင်တွေ့နေရတဲ့ နည်းပညာပစ္စည်း အများစုဟာလည်း Foxconn စက်ရုံက ထုဆစ်ပေးလိုက်တဲ့ လက်ရာတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နည်းပညာနဲ့ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို လေ့လာနေကြတဲ့ စာဖတ်ပရိ သတ်တွေအတွက် ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်နစ် နည်းပညာပစ္စည်း ထုတ်လုပ်ရေးအဖွဲ့အစည်း Foxconn အကြောင်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

Angellinnn

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page