လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုခြင်း

Posted by Unknown Wednesday, November 14, 2012 0 comments


အင်တာနက်ကို အသုံးပြုတဲ့အခါမှာ အသုံးပြုသူအနေနဲ့ spyware များကို ရယူမိခြင်း၊ malware များကို download ပြုလုပ်မိခြင်းနဲ့ လိမ်လည်မှု ပြုလုပ်နိုင်တဲ့  ဆိုက်များသို့ လည်ပတ် ရောက်ရှိမိခြင်းတို့ဟာ အသုံးပြုသူကိုယ်တိုင် သတိမမူမိဘဲ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ ကြိုတင်ကာကွယ်မှု တချို့ကို ပြုလုပ်ထားမယ် ဆိုရင်တော့ မည်သည့် click ကိုမဆို ကြောက်ရွံ့ခြင်း မရှိဘဲ နှိပ်ကာ အင်တာနက် အသုံးပြုရာမှာ လုံခြုံစိတ်ချစွာနဲ့ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ Browser ရဲ့ Security Feature များကို နားလည်အောင် လေ့လာပါ။ Browser အများစုမှာ အခေါ်အဝေါ်တွေ ကွဲပြားပြီး လုပ်ဆောင်ချက် တူညီတဲ့ security function တွေ ပါဝင်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြမယ့် feature  တွေကတော့ Internet Explorer, Mozilla Firefox နဲ့ Google Chrome တို့ကို အဓိကထားကာ ဖော်ပြခြင်း ဖြစ်ပါတယ်။

အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုက်များ အန္တရာယ်မှ ကာကွယ်ခြင်း
Browser အားလုံးလိုလိုမှာ malware နဲ့ phishing scam တွေ ပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ဆိုက်များထံ လည်ပတ်ရောက်ရှိခြင်းကို ကာကွယ်ပေးနိုင်မယ့် security feature တွေ ပါဝင်ပါတယ်။ အသုံးပြုသူမှ အန္တရာယ်ရှိတဲ့ ဆိုက်တစ်ခုထံ လည်ပတ် ရောက်ရှိမိတဲ့အခါမှာ browser ဟာ အနီရောင် သတိပေးစာတန်းတစ်ခုနဲ့ ဖော်ပြမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အချက်များကတော့ browser တစ်ခုချင်းစီရဲ့ သတိပေးဖော်ပြချက်များ ဖြစ်ပါတယ်။ Internet Explorer 8 ဟာ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်တွေကို block ဖို့အတွက် Smart Screen Filter ကို အသုံးပြုပါတယ်။ Firefox ကတော့ malware နဲ့ phishing အပြင် တခြား security feature များအတွက် အနီရောင် သတိပေးတားမြစ်ချက်ကို အသုံးပြုပါတယ်။Chrome ကတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုက်များထံ လည်ပတ်ရောက်ရှိခြင်းမှ ကာကွယ်ရန်အတွက် သတိပေးစာတန်းအပြင် sandboxing လို့ခေါ်တဲ့ security feature ကို အသုံးပြုပါတယ်။

Browser ကို အမြဲ update လုပ်ပါ။
Malware အသစ်တွေနဲ့ phishing ခြိမ်းခြောက်မှုသစ်တွေဟာ အမြဲလိုလို ထွက်ပေါ်လေ့ရှိတာကြောင့် အင်တာနက် အသုံးပြုသူများရဲ့ browser ကို အမြဲ update လုပ်ဖို့ လိုပါတယ်။

ဒိုမိန်းနာမည်တွေကို စစ်ဆေးပါ။
အန္တရာယ်ရှိတဲ့ ဆိုက်တွေဟာ ၎င်းတို့ကို တရားဝင် ဝက်ဘ်ဆိုက်များအဖြစ် အသုံးပြုသူများ ယုံကြည်စေရန် အတွက် မျက်စိမှောက်မှားစေနိုင်တဲ့ ဒိုမိန်းတွေကို အသုံးပြုလေ့ရှိပါတယ်။ ဥပမာအနေနဲ့ကတော့ www.bankofamerican.com  ဖြစ်ပါတယ်။ ဒါပေမဲ့ ဒိုမိန်းအစစ်ရဲ့အမည်ဟာ "n" မပါတဲ့ www.bankofamerica.com ပါ။ အင်တာနက် အသုံးပြုသူများအနေနဲ့ content များကို download လုပ်ခြင်း၊ ဘဏ် account ဒါမှမဟုတ် အကြွေးဝယ်ကတ်နဲ့ ဈေးဝယ်ခြင်းစတာတွေကို ပြုလုပ်တဲ့အခါမှာ အဆိုပါ ကိစ္စရပ်များကို မပြုလုပ်မီ ဒိုမိန်းအမည် စစ်ဆေးခြင်းကို သေချာစွာ ပြုလုပ်သင့်ပါတယ်။ Internet Explorer 8 မှာ ဒိုမိန်းအမည်များကို စစ်ဆေးရန်အတွက် Domain Highlighting လို့ခေါ်တဲ့ feature ပါဝင်ပါတယ်။

Download ပြုလုပ်ခြင်းအတွက် ကြိုတင်ကာကွယ်မှု
ကွန်ပျူတာများထံ malware, spyware နဲ့ adware တွေ ဝင်ရောက်လာနိုင်တဲ့ နည်းလမ်းတွေအနက် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ download ပြုလုပ်ခြင်းမှ ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူများအနေနဲ့ ကွန်ပျူတာအတွင်းသို့ ဆော့ဖ်ဝဲပရိုဂရမ်၊ နောက်ဆုံးပေါ် ပေါ့ပ်သီချင်းနဲ့ နာမည်ကျော်ဂိမ်းစတဲ့ content တွေကို download မပြုလုပ်မီ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားသင့်ပါတယ်။ အကောင်းဆုံး ကာကွယ်မှုစနစ်ကတော့ ကွန်ပျူတာအတွင်း update ဖြစ်တဲ့ security program များကို အသုံးပြုခြင်းနဲ့ firewall ဖွင့်ထားခြင်းတို့ ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုမှုများ အား ခြေရာခံနိုင်တယ် ဆိုတာကို သိထားပါ။ အင်တာနက်ပေါ်မှာ ကြည့်ရှုထားသမျှ ဒါမှမဟုတ် click လုပ်ထားသမျှကို တခြားသူများကနေ ခြေရာခံ ရှာဖွေနိုင်ပါတယ်။ တချို့ကတော့ ဝက်ဘ်ဆိုက်ကို အချိန်တို အတွင်း ပြန်ဖွင့်နိုင်ရန်အတွက် လည်းကောင်း၊ တချို့ကတော့ အချက်အလက် စုဆောင်းခြင်းနဲ့ အချက် အလက်များ ခိုးကြည့်ခြင်းတို့အတွက် အသုံးပြုပါတယ်။ ဥပမာတချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- ဝက်ဘ်ဆိုက်တစ်ခုဟာ တိကျ သေချာတဲ့ အချက်အလက်ကို မှတ်မိစေရန်အတွက် ကွန်ပျူတာအတွင်း cookie တစ်ခုကို ထားလေ့ရှိပါတယ်။ ဒါမှသာ နောက်တစ်ခါ ဆိုက်ကို ပြန်ဖွင့်ရာမှာ ပိုမိုချောမွေ့စွာ နဲ့ ပြုလုပ်စေနိုင်ပါတယ်။
- Amazon, eBay စတဲ့ ဝက်ဘ်ဆိုက်တွေဟာ အသုံးပြုသူ စိတ်ဝင်စားတဲ့ အချက်အလက်တွေကို စုဆောင်းထားပါတယ်။ ဒါမှသာ အသုံးပြုသူ ကြိုက်နှစ်သက်နိုင်မယ့် ထုတ်ကုန်များနဲ့ ရုပ်ရှင်များကို အကြံပြု ဖော်ပြပေးနိုင်မှာပါ။
- Google ဟာ ကုမ္ပဏီများထံ ကိန်းဂဏန်း အချက်အလက်များကို ထောက်ပံ့ပေးရန်အတွက် အင်တာနက် လုပ်ဆောင်မှုများကို ခြေရာခံကာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ပါတယ်။ ယင်းကုမ္ပဏီတွေဟာ အဆိုပါ အချက်အလက်များကို အသုံးပြုပြီး ဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းတို့ကို ပြုလုပ်ပါတယ်။
- ပရိုဂရမ်တစ်ခုကို download ပြုလုပ်ခြင်းနဲ့ ဝက်ဘ်ဆိုက် တစ်ခုအတွက် sign up ပြုလုပ်ခြင်းဟာလည်း အဆိုပါပရိုဂရမ်နဲ့ ဆိုက်များကနေပြီး ကြော်ငြာခြင်းအတွက် အသုံးပြုသူရဲ့ အချက်အလက်များက third-party များကနေပြီး ရရှိစေနိုင်တဲ့အချက် ဖြစ်ပါတယ်။
- ကွန်ပျူတာတစ်လုံးကို တခြားသူများထံ မျှဝေ အသုံးပြုခြင်းဟာလည်း အသုံးပြုသူရဲ့ အင်တာနက်အသုံးပြု မှတ်တမ်းများကို လေ့လာ ဆန်းစစ်နိုင်စေမယ့် အချက်ပါ။
- Malware နဲ့ spyware အများစုကို ID ခိုးယူခြင်းအတွက် အသုံးပြုနိုင်တဲ့ အကြွေးဝယ်ကတ် နံပါတ်များနဲ့ bank account password လိုမျိုး အရေးကြီးတဲ့ အချက်အလက်တွေကို ခြေရာခံရယူခြင်းအတွက် အသုံးပြုကြပါတယ်။ ဒါကြောင့် အင်တာနက် အသုံးပြုပြီးတဲ့အခါမှာ cookie များနဲ့ အင်တာနက် အသုံးပြုမှုမှတ်တမ်း (browsing history) များကို ဖျက်ပစ်ခြင်း ဒါမှမဟုတ် private browsing ဖြင့် အင်တာနက် အသုံးပြုခြင်းတို့က ပြုလုပ်သင့်ပါတယ်။

Cookie များကို ထိန်းချုပ်ခြင်း ဝက်ဘ်ဆိုက်အများစုဟာ cookies လို့ခေါ်တဲ့ သေးငယ်တဲ့ text file တွေကို ကွန်ပျူတာအတွင်းသို့ ထည့်သွင်းပါတယ်။ Cookies ဟာ အသုံး ပြုသူရဲ့ကွန်ပျူတာနဲ့ ဝက်ဘ်ဆာဗာကို ဆက်သွယ်ရာမှာ အကူအညီပေး နိုင်သလို အင်တာနက် အသုံးပြုမှုများအတွက် ခြေရာခံတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ Browser အားလုံးတိုင်းမှာ ကွန်ပျူတာမှ cookie တွေကို ထိန်းချုပ်ခြင်း၊ တားမြစ်ခြင်းနဲ့ ဖျက်ပစ်ခြင်းတို့ ပြုလုပ်နိုင်မယ့် tool တွေ ပါဝင်ပါတယ်။

Private Browsing ကို အသုံးပြုခြင်း
Browser အများစုမှာ အင်တာနက်ကို private အနေနဲ့ သုံးနိုင်မယ့် tool option တစ်ခု ပါဝင်ပါတယ်။ Private Browsing ဖြင့် အင်တာနက် အသုံးပြုတဲ့အခါမှာ -

- လည်ပတ် ကြည့်ရှုခဲ့တဲ့ စာမျက်နှာများကို History နဲ့ Address Bar တွင် မှတ်သား သိမ်းဆည်းထားမှု မရှိခြင်း။
- အင်တာနက် အသုံးပြုမှု ပြီးဆုံးပြီး browser ကို ပိတ်လိုက်တဲ့အခါ မှာ cookie များကို ပယ်ဖျက်ပေးခြင်း။
- အင်တာနက် အသုံးပြုမှု ပြီးဆုံးသည့် အခါတွင် temporary internet file များကို သိုလှောင်ထားသည့် Cache ကို ရှင်းလင်းပေးခြင်း။
- Password အပါအဝင် form များ၊ search bar များနှင့် text box များတွင် ထည့်သွင်းထားသည့် စာများ အား မှတ်သား သိမ်းဆည်းထားမှုမရှိခြင်း။
- Download window နဲ့ folder ရှိ download စာရင်းများကို ပယ်ဖျက်ပေးခြင်း စတဲ့ လုပ်ဆောင်ချက်တွေ ကို ပြုလုပ်ပေးနိုင်ပါတယ်။

လုံခြုံမှုရှိစေမည့် Password များကို အသုံးပြုပါ။
အင်တာနက် အသုံးပြုသူများဟာ password တစ်ခုကို ဖန်တီးရာမှာ တိုတောင်းပြီး မှတ်မိလွယ်စေတဲ့ password များနဲ့ account တိုင်းမှာ အသုံးပြုတဲ့ တူညီတဲ့ password များဖြင့် ဖန်တီး အသုံးပြုလေ့ ရှိပါတယ်။ ဒီ password တွေကို သာမန်လူတွေအနေနဲ့ ခန့်မှန်းရ မလွယ်ကူပေမယ့် ဟက်ကာများ အနေနဲ့ကတော့ password-cracking software ကို အသုံးပြုပြီး ကွဲပြားခြားနားတဲ့ password များဖြင့် စမ်းသပ်ကာ အားနည်းတဲ့ password တွေကို အလွယ်တကူ ဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့် password တွေကို ဖန်တီးတဲ့အခါမှာ ခန့်မှန်းရ ခက်ခဲစေမယ့် password တွေကို ဖန်တီးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ရေးအချက်အလက်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ ခိုးယူခံရခြင်း ဘေး အန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ခန့်မှန်းရ ခက်ခဲစေတဲ့ password တွေကို ဖန်တီးတဲ့အခါ မှာ အောက်ဖော်ပြပါ အချက်အလက်များအတိုင်း လိုက်နာဖို့ လိုပါတယ်။

- တူညီတဲ့ password တွေကို account တိုင်းမှာ အသုံးမပြုပါနဲ့။ အကယ်၍ တူညီတဲ့ password တွေကို အသုံးပြုတဲ့အခါမှာ တစ်စုံတစ်ဦးကနေ account တစ်ခုရဲ့ password ကို သိသွားတဲ့အခါ တခြား account များရဲ့ password များကို အလိုအလျောက်သိပြီးသား ဖြစ်သွားပါလိမ့်မယ်။
- ရှည်လျားတဲ့ password ကိုသုံးပါ။ Password တစ်ခုကို ဖန်တီးရာမှာ အနည်းဆုံး အက္ခရာ ၆ လုံး ရှိဖို့လို ပါတယ်။ ပိုပြီး လုံခြုံမှုရှိစေလိုရင်တော့ အနည်းဆုံး အက္ခရာ ၁၂ လုံး သတ်မှတ်ပြီး password ကို ဖန်တီးသင့်ပါတယ်။
- ကိန်းဂဏန်းများ၊ သင်္ကေတများအပြင် uppercase နဲ့ lowercase စာလုံးများ ပါဝင်အောင် ကြိုးစား ထည့် သွင်းဖန်တီးပါ။
- အဘိဓာန် (dictionary) မှာ ရှာဖွေနိုင်တဲ့ စကားလုံးများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
- အသုံးပြုသူရဲ့ နာမည်၊ မွေးနေ့၊ အိမ်ထောင်ဘက်အမည် စတဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကို ထည့်သွင်း အသုံးမပြုပါနဲ့။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထည့်သွင်း အသုံးပြုခြင်းဟာ password ကို ခန့်မှန်းခြင်းအား အလွယ်တကူ ပြုလုပ်စေနိုင်ပါတယ်။
- "susan123" လိုမျိုး ခန့်မှန်းရလွယ်တဲ့ password တွေကို အသုံးပြုခြင်းမှာ ရှောင်ကြဉ်ပါ။
- Password  တွေကို  ရေးမှတ်ပြီး  သိမ်းဆည်းထားတဲ့အခါမှာ လုံခြုံ စိတ်ချရတဲ့နေရာမှာ  ထားပါ။ Password တွေကို encrypt လုပ်ခြင်း ဒါမှမဟုတ် နားလည်ရခက်စေတဲ့ password ရဲ့အရိပ်အမြွက်ကို ရေးမှတ်ထားခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
- Password တွေကို ကိုယ်တိုင် စဉ်းစားပြီး အသုံးပြုခြင်းထက် password generator ကို အသုံးပြုပြီး random password တွေကို ဖန်တီးပါ။ ဒီ password တွေဟာ မှတ်သားရ ခက်ခဲပေမယ့် စာလုံးပေါင်း ပုံစံကဲ့သို့သော နည်းလမ်း မှတ်သားထားနိုင်ပါတယ်။ ဥပမာ H=jNp2# ဆိုတဲ့ random password ကို HARRY = jessica Nokia paris 2 # ဆိုပြီး မှတ်သားထားနိုင်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page